Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဘာသာတရားအား စတင်လေ့လာခြင်း – BurmeseHearts

ဘာသာတရားအား စတင်လေ့လာခြင်း

0

မိသားစုထဲမှာ အတွေးအခေါ် ကွဲထွက်လာခဲ့တာ ကျွန်မတစ်ယောက်ပဲ ရှိမယ်ထင်တယ်။ တမိသားစုလုံးက ဒီလိုမတွေးနဲ့ ၊ ဒီလိုမမေးနဲ့။ ငရဲကျမယ် ၊ သေရင် ငရဲပြည်ရောက်မယ်လို့ ဘယ်လိုခြောက်ခြောက် ကျွန်မရဲ့ ကိုယ်နှုတ်အမူအရာကိုသာ ကန့်သတ်လို့ရမယ် ၊ ကျွန်မရဲ့ အတွေးတွေကိုတော့ ကန့်သတ်လို့မရခဲ့ဘူး။

ကျွန်မ စစိတ်ဝင်စားလာခဲ့တာက လူတွေဟာ ဘာကြောင့် ဘာသာတွေ ကွဲနေကြတာလဲ ၊ ကိုယ့်ဘာသာက ဘာထူးခြားပြီး သူများဘာသာက ဘာထူးခြားချက်တွေ ရှိနေလဲ ၊ ဘာလို့ ကျွန်မတို့မိသားစုဝင်တွေဟာ မျိုးဆက်အလိုက် ဗုဒ္ဓဘာသာကိုပဲ စွဲစွဲမြဲမြဲကိုးကွယ်ပြီး ကျန်တဲ့ဘာသာဝင်တွေကလည်း အများအားဖြင့် သူတို့ဘာသာကိုပဲ အစဉ်အဆက် စွဲစွဲမြဲမြဲ ကိုးကွယ်ကြသလဲဆိုတာကို စတွေးတတ်ခဲ့တာပါ။ အဲဒါ ကျွန်မအလယ်တန်းလောက်မှာ စမယ်ထင်တယ်။ ဒီအတွေးကို မေးခဲ့မိလို့ မေးမိတဲ့အချိန်ကစပြီး ကျွန်မကို ဘာသာခြားတွေနဲ့ ပေါင်းသင်းဆက်ဆံခွင့် အိမ်က ကန့်သတ်ခဲ့ပါတယ်။

အိမ်ပတ်ဝန်းကျင်မှာ မပေါင်းရတော့ ကျောင်းနဲ့ ကျူရှင်မှာ ဘာသာခြားတွေကို ကျွန်မပေါင်းသင်းပါတယ်။ သူတို့စိတ်ထား ၊ သူတို့အမူအကျင့်ကနေ သူတို့ကိုးကွယ်တဲ့ ဘာသာတရားရဲ့ အဆုံးအမဆိုတာကို အကဲခတ်ပါတယ်။ အလယ်တန်းအရွယ် ကလေးတွေဟာ ဘာသာရေးအကြောင်း ဘယ်လို နှိုက်နှိုက်ချွတ်ချွတ် သိနိုင်ဦးမလဲ။ ငယ်သေးတော့ မေးလည်း သူတို့ကိုယ်တိုင်လည်း မိရိုးဖလာ ဘာသာဝင်တွေ ဖြစ်နေတောပါပဲ။ ဘာမှ ထဲထဲဝင်ဝင် မရှင်းပြနိုင်သေးဘူးလေ။ သေချာတာကတော့ သူတို့ဘုရားဟာ သူတို့အတွက် ကယ်တင်ရှင်တစ်ဦးလို့ အမွှန်းတင်ပါတယ်။

ကလေးအတွေးဆိုတော့ ကျွန်မလည်း ကယ်တင်ခံချင်တာပေါ့။ သူတို့သေရင် သူတို့ဘုရားနဲ့ အတူရှိနေမယ် သူတို့ပြောတော့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျွန်မတို့သေရင်ဘာဖြစ်မလဲလို့ ကျွန်မသိချင်လာခဲ့တယ်။ တနေ့မှာတော့ အိမ်က သဘောကောင်းကောင်း အဒေါ်ကြီး ၊ ဘုရားတရားလည်း အတော်ကိုင်းရှိုင်းတဲ့ အဒေါ်ကြီးကို ကျွန်မတို့သေရင် ဘာဖြစ်မလဲလို့ မေးခဲ့ဖူးပါတယ်။

ကောင်းမှုလုပ်ရင် နတ်ပြည်ရောက်မယ် ၊ မကောင်းမှုလုပ်ရင် သရဲ ၊ တရိစ္ဆာန်တွေဖြစ်ရင်ဖြစ် ဒါမှမဟုတ် ငရဲ သွားရမယ်လို့ ကလေးနားလည်အောင် သူရှင်းပြတော့ နတ်ပြည်မှာ ဘာရှိလဲ ထပ်မေးဖြစ်တယ်။ ငရဲပြည်အပါအဝင် ကျန်တာတွေက ကျွန်မအတွက် ကြောက်စရာကောင်းနေတော့ နတ်ပြည်တော့ စိတ်ဝင်စားတယ်။ နတ်သား ၊ နတ်သမီးတွေ ပြိုးပြိုးပြက်ပြက်နဲ့ လှတယ်ဆိုတာလည်း ရုပ်မြင်သံကြားတွေမှာ မြင်တွေ့ရတော့ အဲလိုလှလားမေးဖြစ်တာပါ။ လှတဲ့အပြင် တတိုင်းရတယ်ဆိုတော့ ပိုစိတ်ဝင်စားတာပေါ့။ ဒီ့ထက်ကောင်းတာတွေ ရှိသေးလားဆိုတော့ ကောင်းတာလုပ်ရင် လူဖြစ်ရင် လူချမ်းသာ ၊ နတ်ဖြစ်ရင်နတ်ချမ်းသာ နောက်ဆုံး သရဲ ၊ တစ္ဆေနဲ့ တရိစ္ဆာန်ဖြစ်ဦးတော့ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနေရတယ်။ အကောင်းဆုံးကတော့ နိဗ္ဗာန်ပဲတဲ့။ သူမ ပြောခဲ့ဖူးတဲ့အတိုင်း ပြန်ပြောပြတာပါ။

BurmeseHearts Blog

အကောင်းဆုံးဆိုတော့ စိတ်ဝင်စားတာပေါ့နော်။ နိဗ္ဗာန်မှာ ဘာရှိသလဲဆိုတော့ ဘာမှမရှိဘူးတဲ့။ ဘာမှမရဘဲ ဘာမှလည်းမဖြစ်တော့တာတဲ့။ သံသရာကုန်သွားတာ လို့ ရှင်းတာကို ကလေးဆိုတော့ နားမလည်နိုင်ဘူး။

“ဘာမှမရှိရင် ပျင်းစရာကြီး နတ်ပြည်ကမှ တောင့်တတိုင်း ဖြစ်သေးတယ်”ဆိုပြီး အဲဒီကတည်းက ပြုသမျှကုသိုလ်အစုစုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏ ဆိုတဲ့စကားကို ဆိုရမယ့်အခြေအနေတွေ ကြုံလာသည့်တိုင် စိတ်ပါလက်ပါ မဆိုဖြစ်တော့ဘဲ စိတ်မပါလက်မပါ အဖြစ် ဖော့ဆိုဖြစ်ခဲ့တယ်။ ဘာမှမရှိဘဲ ပျင်းစရာကောင်းတဲ့နေရာကြီး မသွားချင်ပါဘူးပေါ့။ ဆုတောင်းပြည့်လို့ ရောက်သွားရင် ဒုက္ခပဲလို့တောင် တွေးမိခဲ့သေးတာ။ ကလေးကိုး ။ သေချာနားလည်အောင် ရှင်းပြမယ့်သူလည်း မရှိသလို ဥာဏ်လည်းမမီသေးဘူးလေ။

ဆယ်တန်းဖြေပြီးနောက်မှာတော့ အပေါင်းအသင်း အတော်ဝင်ဆန့်လာခဲ့တယ်။ အလုပ်လုပ်ရင်း ၊ ကျောင်းတက်ရင်း ဘာသာခြားတွေကို ပိုပေါင်းသင်းဖြစ်တော့ စကားနှိုက်ကြည့်ခဲ့တယ်။ ဘာသာခြားတွေရဲ့ ဘာသာရေးဆိုင်ရာစာအုပ်တွေ အိမ်ကမသိအောင် ဖတ်ခဲ့တယ်။ ဗလီသာ မသွားဖူးတာ ၊ ဟိန္ဒူ ဘုရားကျောင်းကိုလည်း ဆုတောင်းသလိုမျိုး ရံဖန်ရံခါ လည်ပတ်ဖူးတယ်။ ခရစ်ယာန်ဘုရားကျောင်းကိုတော့ ကာလအတိုင်းအတာတခုအထိ ပုံမှန်လိုလို အပတ်တိုင်း သွားဖြစ်ခဲ့တယ်။ ကိုယ်တိုင်က ရွှေတိဂုံဘုရားမှာ တံမြက်စည်းလှည်းဖို့ အသင်းဝင်ဖြစ်ပြီး အပတ်စဉ် တံမြက်စည်းလှည်း ပူဇော်ဖြစ်တော့ ဘုရားကျောင်းကို စောရောက်ရင်လည်း တံမြက်စည်းတချောင်းနဲ့ လိုက်လှည်းကျင်းပေးလေ့ရှိလို့ သင်းအုပ်ဆရာတော်ရဲ့ ချစ်ခင်ချီးကျူးမှုကို ခံရလေ့ရှိတယ်။

တနေရာတည်းမှာ ၊ တစ်ကျောင်းတည်းမှာ လေ့လာတာမျိုးမလုပ်ဘဲ နေရာအတော်များများတက်ပြီး သူတို့ဟောပြောတာကို နားထောင်လေ့ရှိပါတယ်။ အစ္စလာမ်ဘာသာနဲ့ ပတ်သက်ရင်တော့ စာအုပ်ဖတ်ပြီး ဘာသာဝင်တွေရဲ့ ခံယူချက်နဲ့ ယုံကြည်ချက်ကို မေးမြန်းလေ့ရှိတာပါ။ ဝင်လေ့လာလို့မှ မရတာနော်။ ဒါတွေလုပ်နေတာကို အိမ်က မသိပါဘူး။ သင်တန်းလိုလို ၊ စာကြည့်တိုက် စာသွားဖတ်သလိုလိုနဲ့ ဘာသာကွဲပြားမှုအကြောင်းကို ပိုလေ့လာပြီး ဘယ်ဘာသာကို ဘာကြောင့် ကိုးကွယ်ထိုက်တယ်ဆိုတာကို ကွဲကွဲပြားပြား သိချင်တာပါ။

သြကာသ (Burmesehearts.com)

You might also like