ဘာပဲကြုံကြုံ ပျော်ပျော်နေတတ်အောင်လို့

0

ငွေရှိရင် ၊ အောင်မြင်မှုတွေရှိနေရင် အရာရာပြီးပြည့်စုံသွားမယ်လို့ အများစုက ထင်နေကြတယ်။ အောင်မြင်မှုတွေ ရရှိလာလေလေ ကျဆုံးမှာကြောက်စိတ်နဲ့ အောင်မြင်သထက်အောင်မြင်အောင် ၊ အနည်းဆုံး ရရှိထားတဲ့အောင်မြင်မှု တည်မြဲနေအောင် ကြိုးအားရင်း ၊ အားထုတ်ရင်း စိတ်ဖိစီးမှုတွေကို ခံစားလာကြတယ်။ ကိုယ်ကြိုးစားအားထုတ်သလောက် ဖြစ်မလာတဲ့အခါ ၊ ကိုယ့်အောင်မြင်မှုတွေ ယုတ်လျော့လာတဲ့အခါ အောင်မြင်မှုကို မက်မောတွယ်ဖက်ထားရင် တွယ်ဖက်ထားသလောက် စိတ်ဆင်းရဲမှုခံစားကြရတယ်။

နေ့နေ့ညည ဒီအောင်မြင်မှု တခုတည်းရှေးရှုလို့ အရာရာရင်းနှီးမြှုပ်နှံထားတဲ့သူ ၊ တဘဝလုံးကြိုးစားအားထုတ်လာသူတွေဟာ အောင်မြင်မှုရေချိန်ကျလာတဲ့အခါ စိတ်ဓါတ်ကျလာတတ်ကြတယ်။ အောင်မြင်မှုတွေကျဆုံးလေ စိတ်ဓါတ်ကျလေ၊ ဖြစ်နေတာနဲ့ ဖြစ်ချင်တာမကိုက်ညီတဲ့အခါ တချို့တွေက ဘဝကိုအရှုံးပေးလိုက်ပြီး မိမိကိုယ်ကို သေကြောင်းကြံကြတယ်။ တချို့တွေကျတော့ မူးယစ်သောက်စား ၊ လောင်းကစားတွေနဲ့ ပျော်စရာကြံဖန်ရှာကြတယ်။ တချို့ကျတော့လည်း တရားနဲ့ စိတ်ကလေးကို ပြန်ထိန်းတယ်။

တကယ်ဆို မအောင်မြင်ခင် သာမာန်ဘဝလေးနဲ့ ပျော်ရွှင်အောင်နေတတ်ဖို့ လေ့ကျင့်ထားသင့်တယ်။ ကိုယ့်နောက်လိုက်တဲ့သူတွေ များမလာခင် တစ်ယောက်တည်း ပျော်ပျော်နေတတ်ဖို့ လေ့ကျင့်ထားသင့်တယ်။ ပစ္စည်းဥစ္စာတွေ အများကြီးရှိမလာခင် ဘာမှမရှိတဲ့ အနေအထားမှာ ရှိတာနဲ့ရောင့်ရဲကျေနပ်တတ်အောင် လေ့ကျင့်ထားသင့်တယ်။ ဘာတွေရလာ ရလာ မတည်မြဲတဲ့ သဘောတရားကို နှလုံးသွင်းထားသင့်တယ်။ ဒီလိုဆိုရင်တော့ ဘယ်လိုလောကဓံမျိုးပဲလာလာ မကြောက်မရွံ့ ၊ မတုန်မလှုပ် ရင်ဆိုင်နိုင်ပြီ။

ဗုဒ္ဓဘာသာမှာ ပျော်ရွှင်မှုဟာလည်း ဝေဒနာပါ။ ဝမ်းနည်းမှုဟာလည်း ဝေဒနာပါ။ သုခဝေဒနာနဲ့ဒုက္ခဝေဒနာလို့ပဲ ကွာတာပါ။ မမြဲတဲ့သဘောတရားအရ ဖြစ်ပြီးရင်ပျက်ရမှာပါ။ ဒါဟာအပျက်ဘက်ကို နှလုံးသွင်းခိုင်းတာမဟုတ်ဘဲ နောက်ဆုံးမှာ ပျက်သွားမယ်ဆိုတာကို သတိထားခိုင်းတာပါ။ မိုးပေါ်ပျံတက်သွားတဲ့ မီးပုံးပျံတွေ တချိန်မှာပြန်ကျရသလိုမျိုး ၊ တောင်ထိပ်ရောက်ပြီးသွားတဲ့သူတွေ တောင်အောက်ပြန်ဆင်းရသလိုမျိုး တက်ပြီးရင် ပြန်ကျတတ်တာကို သတိထားရုံပါ။ ဒီလိုနှလုံးသွင်းထားတော့ ကျသွားတဲ့အခါ သိပ်ပူပူလောင်လောင် မခံစားရတော့ဘူးပေါ့။

ငွေရှိမှ ၊ ဂုဏ်ရှိမှ ၊ အာဏာရှိမှ ၊ အောင်မြင်မှုတွေရနေမှ စိတ်ချမ်းသာတတ်တဲ့သူမျိုးတွေဟာ ဒါတွေမရှိရင် စိတ်ဆင်းရဲကြတော့မှာပါ။ တကယ်ဆို ထားတဲ့စိတ်ထားလေးက စိတ်ချမ်းသာတယ် ၊ စိတ်ဆင်းရဲတယ်ဆိုတာကို ဖြစ်စေတာပါ။ စိတ်ဆင်းရဲမှုတွေ ခံစားရတာလည်း ဒီစိတ် ၊ စိတ်ချမ်းသာမှုတွေ ခံစားရတာလည်း ဒီစိတ် ၊ ဖြစ်ပျက်သွားတဲ့အပေါ် ဘယ်ဘက်ကရှုမြင်လို့ တွေးခေါ်ခံစားသလဲဆိုတာပဲ မူတည်နေတာပါ။

တကယ်ဆို ငွေပေးပြီးဝယ်လို့မရတဲ့အရာတွေ ဘဝမှာ အများကြီးရှိပါတယ်။ အထူးသဖြင့် အဲဒီအရာတွေဟာ ကိုင်တွယ်လို့မရတဲ့အရာတွေ ဖြစ်နေတတ်တာပါ။ ဖြူစင်တဲ့စိတ်ထား ၊ ထားရှိတဲ့စေတနာ ၊ ပေးအပ်တဲ့ မေတ္တာတရား ၊ စောင့်ထိန်းတဲ့သစ္စာ ဒါတွေကို ငွေနဲ့ပေးဝယ်လို့မရဘူး။ စိတ်အေးချမ်းမှုဆိုတာကို ငွေနဲ့ဖန်တီးယူလို့ရတယ်ထင်ပေမယ့် ငွေချမ်းသာပြီး စိတ်ဆင်းရဲနေသူတွေ ၊ နာမည်ကြီးပေမယ့် စိတ်ဓါတ်ကျနေသူတွေ ၊ အောင်မြင်ကျော်ကြားပေမယ့် အထီးကျန်နေသူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ မိမိရင်တွင်းက စိတ်အေးချမ်းသာမှုဆိုတာကို မိမိကိုယ်တိုင်ပဲ ဖန်တီးယူရတာပါ။

အပြင်ဘက်ကအရာတွေကြောင့် စိတ်ပျော်ရွှင်ချမ်းသာနေရတာမျိုးဆိုရင်တော့ ဒါတွေမရှိတဲ့တချိန်မှာ စိတ်ဆင်းရဲရတော့မှာပါ။ ဒါကြောင့် ဘာမှမရှိလည်း ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။ ဘယ်သူမှ အနားမှာမရှိလည်း တကိုယ်တည်း ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။ မိမိရတာနဲ့ ကျေနပ်တတ်အောင် ၊ အမြင့်လှမ်းနေပေမယ့် အောက်ခြေမလွတ်အောင် ၊ ရထားတာတွေကို ဝေမျှရင်း ပီတိစားနိုင်ရင်ဖြင့် ဘယ်အခြေအနေမှာမဆို ပျော်ရွှင်နေနိုင်မှာပါ။ ဘာပဲကြုံကြုံ  ကိုယ့်စိတ်ကို ပြန်လည်ဖြေသိမ့်တတ်ဖို့ ၊ အခက်အခဲက နည်းလမ်းရှာလွတ်မြောက်နိုင်ဖို့ ၊ စိတ်ဆင်းရဲစရာဖြစ်နေရင်တောင် ပျော်စရာတွေ ကြံဖန်တွေးတတ်ဖို့ ၊ ဖြစ်နေတာတွေကို ရင်ဆိုင်ရဲအောင် စိတ်ဓါတ်ခွန်အားတွေ စုဆောင်းဖြေရှင်းလိုက်ဖို့ပဲလိုတာပါ။ ဒါမှလည်း ဘာတွေကြုံကြုံ ပျော်ပျော်နေတတ်တဲ့သူဖြစ်မှာပါ။ လောကဓံဆိုတာကို မမှုတော့ဘူးလေ။ တက်တက် ၊ ကျကျ မမြဲဘူးဆိုတာကို သတိထားဖို့ပဲလိုတာပါ။ အားလုံးအမြဲပျော်ရွှင်နေပါစေ။

ရတု (Burmesehearts.com)

You might also like