ဆုံးမတယ်ဆိုရာဝယ်

0

ဒီအရွယ်မှာ ခံစားမှုတွေ ပျက်စီးသွားခဲ့ရင်လည်း တသက်တာ ပြန်ပြု ပြင်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။
ဒီအရွယ်မှာ ခံစားမှုတွေ ပျက်စီးသွားခဲ့ရင် တသက်တာ ပြန်ပြု ပြင်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။

မိဘတိုင်းက သားသမီးကို ပုံစံအမျိုးမျိုး ၊ နည်းအမျိုးမျိုးနဲ့ ဆုံးမလေ့ရှိကြတယ်။ ဒါပေမယ့် သားသမီးကို ဘာကြောင့်ဆုံးမရသလဲဆိုတာကို ပြန်လည်သုံးသပ်တဲ့ မိဘတွေကတော့ ရှားတယ်လေ။ အများစုက ကောင်းစေချင်လို့ဆုံးမတယ် ၊ တော်စေချင်လို့ဆုံးမတယ် ၊ လိမ္မာစေချင်လို့ ဆုံးမတယ် ၊ ဆိုးလို့ဆုံးမတယ် စသဖြင့် အမျိုးမျိုး ပြောကြတာပေါ့။

မိဘပဲဖြစ်ဖြစ် ၊ ဆရာပဲဖြစ်ဖြစ် ၊ လက်အောက်ငယ်သားကိုပဲဖြစ်ဖြစ် ဆုံးမတယ်ဆိုတာ တနည်းအားဖြင့်တော့ သွန်သင်ပြခြင်းတစ်မျိုးပါပဲ။ လမ်းလွဲနေလို့ ဒီလိုဆုံးမရင်း သင်ပေးတာပေါ့။ ဒါဟာ ဆုံးမခြင်းရဲ့ တကယ့်ရည်ရွယ်ချက်ပဲ။ ဒီရည်ရွယ်ချက်ကို လေးလေးနက်နက် သိထားဖို့အရေးအကြီးတယ်။

ဆုံးမရတဲ့ ရည်ရွယ်ချက်သိထားပြီဆိုရင် ဒီရည်ရွယ်ချက် အကောင်အထည်ပေါ်လာတယ် ၊ ကိုယ်ဆုံးမလိုက်တဲ့နောက်ပိုင်း ပြောင်းလဲလာတာ ၊ လမ်းမှားရောက်နေရာကနေ လမ်းမှန်ပေါ် ပြန်တည့်မတ်လာမှု ရှိမရှိ ပြန်သုံးသပ်ဖို့ လိုပါတယ်။ ကိုယ်ဆုံးမတဲ့အတိုင်း သူလိုက်နာလာပြီဆိုရင် ဒါဟာ ကိုယ်သွန်သင်ဆုံးမတာကို သူ သဘောပေါက် နားလည်သွားလို့ပေါ့။

ပြောင်းလဲမှုမရှိဘဲ အရင်ကလို ဒုံရင်းက ဒုံရင်းဖြစ်နေတယ်ဆိုရင် ကိုယ်ဆုံးမတာကို သူနားလည်သဘောပေါက်ခြင်း မရှိသေးတာ ၊ ဒါမှမဟုတ် ကိုယ်ဆုံးမမှုပုံစံ မမှန်လို့ သူဟာ ပြောင်းလဲချင်စိတ်မရှိတာ ဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူ့ကို မဆုံးမခင်ကထက် အခြေအနေ ပိုဆိုးလာတယ်ဆိုရင် အရွဲ့ တိုက်တာပါ။ ကိုယ့်ကိုအရွဲ့ တိုက်လုပ်တယ်လို့သိလိုက်ရင် ပထမဆုံးဖြစ်လာတာက စိတ်ဆိုး ၊ ဒေါသထွက်လာတာပဲ။ ဘာကြောင့် ဒီလိုအရွဲ့ တိုက်ရသလဲဆိုတဲ့ အကြောင်းရင်းကို မတွေးဖြစ်တော့ဘူး။

လူတစ်ယောက်အရွဲ့ တိုက်လုပ်တယ်ဆိုတာ ဆုံးမတဲ့လူရဲ့ဆန္ဒနဲ့ ဆန့်ကျင်ဘက်ကို လုပ်တာဖြစ်တယ်။ ဒီလိုအရွဲ့ တိုက်လုပ်တဲ့နေရာမှာ သူကိုယ်တိုင် စိတ်ပါလက်ပါ လုပ်တာလည်း ဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် ဆုံးမတဲ့သူကို အရွဲ့တိုက်ရပြီးရောဆိုတဲ့စိတ် ရှေ့တန်းတင်ပြီး သူ့ပင်ကိုယ်ဆန္ဒနဲ့ ဆန့်ကျင်လုပ်တာလည်းရှိတယ်။ ဘာကြောင့်ပဲ အရွဲ့တိုက်တိုက် အဓိကအကြောင်းက ဆုံးမတဲ့လူရဲ့ဆန္ဒနဲ့ ဆန့်ကျင်ဘက်လုပ်လိုက်တာပါပဲ။

ဘာကြောင့် ဆုံးမတဲ့လူရဲ့ဆန္ဒနဲ့ ဆန့်ကျင်ဘက်ကို ရွေးလုပ်ရသလဲ။ အဖြေကရှင်းရှင်းလေးပါ။ ဆုံးမတဲ့သူကို မကျေနပ်တဲ့ အငုံစိတ် ရှိကောင်းရှိလို့ဖြစ်မယ် ၊ ဆုံးမတဲ့နည်းလမ်းကို မကျေနပ်လို့လည်း ဖြစ်နိုင်တယ်လေ။ သေချာတာကတော့ ဆုံးမတာကို မနာခံလိုတာပဲပေါ့။ ဆုံးမတာမနာခံလိုဘူးဆိုကတည်းက ဆုံးမတဲ့သူက သူ့ကို ဆုံးမတာဟာ သူကောင်းဖို့အတွက်ဖြစ်တယ်ဆိုတာကို သူနားလည်သဘောပေါက်အောင် မရှင်းပြနိုင်ခဲ့လို့ဖြစ်ပါတယ်။

တခါတလေမှာ ပြောလိုက်တဲ့စကားလုံးတွေက အများကြီး ဒါပေမယ့် ဒီစကားလုံးတွေက ဆုံးမရတဲ့အကြောင်းရင်းကို နားလည်သဘောပေါက်အောင် မလုပ်နိုင်ခဲ့ဘူး။ တခါတလေ ဆုံးမရင်းလက်လွန်လို့ ကျိုးပဲ့ ၊ ကွဲပြဲတာတွေ ၊ ဆေးရုံ ၊ ဆေးခန်းရောက်တာတွေအထိ ဖြစ်သွားပေမယ့် ဆုံးမခံရတဲ့သူဟာ သူလုပ်မြဲအတိုင်း ဆက်လုပ်တယ်။ ပြောင်းလဲမသွားဘူး။ ဘာဖြစ်လို့လဲ။ ဒါကို အမှတ်မရှိလို့ဆိုပြီး လူပြိန်းတွေးနဲ့ ပြောကြတယ်။ တကယ်တော့ စိတ်ပေါ့သွပ်နေသူတွေတောင် အမှတ်သညာ လုံးဝပျောက်သွားတာမျိုးမရှိတဲ့အတွက် သာမာန်လူဟာ အမှတ်မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလောက်ဆုံးမတဲ့တိုင်အောင် ဆုံးမတဲ့အတိုင်း မလိုက်နာဘဲ လုပ်မြဲအတိုင်း လုပ်တယ်ဆိုကတည်းက ကိုယ်ဆုံးမတဲ့နည်းဟာ လမ်းလွဲနေတယ်ဆိုတာ သေချာသွားပါပြီ။

ဘယ်လောက်ဆိုဆိုဆဲဆဲ ၊ ဘယ်လောက်အသားနာနာ မပြောင်းလဲဘူးဆိုရင် ဆုံးမတဲ့နည်း လမ်းလွဲသွားပြီ။ တနည်းအားဖြင့် ဆုံးမတဲ့ရည်ရွယ်ချက်ဟာ အထမြောက် မအောင်မြင်ဘဲ လမ်းချော်နေပြီပေါ့။ ဒါဆိုရင် ဆုံးမတဲ့သူဟာ သူဆုံးမတဲ့နည်းကို ပြန်သုံးသပ်ဖို့လိုတယ်။ ဆုံးမတဲ့နည်းမှားသွားတာကို ကိုယ်သတိထားမိပြီ။ ပြန်ပြင်ဆုံးမလို့ရမလား။ ဒါဟာ ဆုံးမတဲ့သူသုံးခဲ့တဲ့ ဆုံးမတဲ့နည်းလမ်းအဆင့် အနိမ့်အမြင့်အပေါ် မူတည်နေသလို အဆုံးမ ခံရတဲ့သူရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ၊ ယုံကြည်မှုပိုင်းဆိုင်ရာ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ဒဏ်ရာရ ၊ ပျက်စီးသွားခဲ့သလဲအပေါ် မူတည်ပြီးတော့မှ နည်းလမ်းပြောင်းပြီး ဆုံးမလို့ ရ ၊ မရ ဆိုတာ သိရမှာပါ။

ဥပမာ – ဆေးပြင်ပြင်းတွေကို တရကြမ်း နှစ်ကြာကြာ သုံးခဲ့သူက ဆေးပျော့ပျော့နဲ့သုံးပြီး ကုသမယ်ဆိုရင် ဒီဒဏ်ရာ (ရောဂါဝေဒနာ)ဟာ ဆေးတိုးပါတော့မလား။ ဆေးယဉ်သွားတာလည်း ဖြစ်နိုင်တယ်လေ။ အမူးသမားစကားနဲ့ ပြောရမယ်ဆိုရင် Neat ကစ်ပြီး အခါခါသောက်လည်း မမှောက်တဲ့လူကို ရေရောတိုက်ရင် မူးနိုင်သေးလို့လား။ ဒီလိုပဲ ဆုံးမမှုဒီဂရီအမြင့်ဆုံးသုံးပြီး ဆုံးမလို့ လမ်းလွဲသွားခဲ့ရင် ပြန်ပြင်ဖို့ဟာ မလွယ်ကူလှပါဘူး။ တခါတလေ အဆုံးမ ခံရတဲ့သူရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ၊ စာရိတ္တပိုင်းဆိုင်ရာ နဲ့ ဘဝပါ ပျက်သွားနိုင်တယ်လေ။ အရွဲ့တိုက်ခဲ့ရင် ပိုဆိုးတာပေါ့။

BurmeseHearts Blog

မိဘ ၊ ဆရာ ဆိုတဲ့ နေရာမှာ နေသူတွေက ဆုံးမသွန်သင်မှုကို နည်းလမ်းကျကျ အသုံးပြု ဆုံးမတတ်ဖို့ အများကြီး အရေးကြီးလို့နေပါတယ်။ ဘယ်လောက်အထိ အရေးကြီးလဲဆိုရင် ကလေးတဘဝလုံးစာ အရေးကြီးနေတာပေါ့။ ဒါကြောင့်မို့လို့ ကျွန်မကိုယ်တိုင် သားသမီးနဲ့ တပည့်တွေကို ဆုံးမတဲ့နည်းတွေ ဝေမျှပေးလိုက်ပါတယ်။

(၁) ဒါဟာ မလုပ်သင့်ဘူး။ လုပ်ရင်ဘာဖြစ်မယ်ဆိုတာကို သဘောပေါက်နားလည်အောင် ချိုချိုသာသာ နားဝင်အောင် ရှင်းပြပြောဆိုတာဖြစ်ပါတယ်။ ဒီနည်းဟာ လသားကလေးအရွယ်ကစလို့ ပြောပြဆုံးမလို့ရတယ်လေ။ သူတို့ပြန်မပြောတတ်သေးပေမယ့် သူတို့မှာ နာခံသင်ယူတတ်တဲ့ စိတ်ကလေး ခပ်ရှင်းရှင်းလေးကို ရှိနေပါတယ်။

(၂) ဒီလိုဆုံးမထားရက်နဲ့မှ ဆက်လုပ်တယ်။ ဒါဆိုရင် အကျိုးဆက်ဆိုတာကို သူခံစားနိုင်ရင် ခံစားခွင့်ရအောင် ၊ သူမခံစားသင့်တဲ့ ကိစ္စမျိုးဆို ပုံတွေ ၊ အမူအရာတွေနဲ့တကွ ကိုယ်က သူနားလည်သဘောပေါက်အောင် ရှင်းပြမှရပါမယ်။ ဒါကိုလည်း လသားကလေးအရွယ်ကတည်းက ပြောပြဆုံးမလို့ရတယ်လေ။ ဥပမာ-အပူကို ဆွဲယူတာလိုမျိုး ၊ ဓါးနဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ကိုင်တာလိုမျိုးကိုပေါ့။

(၃)အဆင့်(၁)နဲ့(၂)အတိုင်း ပြောဆို ဆုံးမထားရက်နဲ့ ထပ်ပြီးလုပ်တယ်ဆိုရင် ဒီလိုလုပ်တာ လုံးဝမကြိုက်ဘူးဆိုတာကို သူနားလည်သဘောပေါက်အောင် သူမကြိုက်တဲ့နည်းကို ကိုယ်ကလုပ်ပြရပါမယ်။ ဒါဟာ ဒဏ်ပေးလိုက်သလို ဖြစ်သွားတာပေါ့။ ဥပမာ-ကျွန်မသမီး ဘာမကြိုက်ဘူးလဲဆိုတာကို ကျွန်မဟာ သူ့ကို ပြစ်ဒဏ်ပေးနိုင်ဖို့ လေ့လာထားပါတယ်။ သူက ကျွန်မမျက်နှာကို သူမမြင်ရအောင် ကွယ်ထားရင် မကြိုက်ဘူးလေ။ မလုပ်ရဘူးလို့ သူ့ကို ပြောဆိုဆုံးမတာကို နားမထောင်ရင် ကျွန်မဟာ စိတ်ဆိုးသွားပြီဆိုတာ ပြတဲ့အနေနဲ့ ကျွန်မရဲ့မျက်နှာကို ကွယ်ထားလိုက်ပါတယ်။ အဲဒီအချိန်မှာ သူဟာ အမေစိတ်ဆိုးသွားပြီ။ ငါ ဒါမလုပ်သင့်ဘူး ၊ အမေက ငါ့ကို ဒါလုပ်တာမကြိုက်ဘူးဆိုတာကို လေးလေးနက်နက် သင်ယူသွားပါတယ်။ ဒါပေမယ့် ဒီနည်းကို နေ့စဉ်လိုလို တနေ့တည်းမှာတင် အကြိမ် ခပ်စိတ်စိတ် အသုံးပြုမယ်ဆိုရင်တော့ ကလေးဟာ ရိုးသွားပြီး သူမကြိုက်တာကိုယ်လုပ်လည်း ဂရုမစိုက်တော့တာကို သတိချပ်သင့်ပါတယ်။ တကယ့်ကို အရမ်းစိတ်ဆိုးစရာ ဖြစ်သွားတဲ့အခြေအနေမှာမှ ဒီလိုနည်းကို အသုံးပြုသင့်ပါတယ်။ သူမကြိုက်တာ ကိုယ်လုပ်လိုက်တဲ့အတွက် ကလေးဟာ ငိုမှာပါ။

ကိုယ်မလုပ်စေချင်တာ သူမလုပ်တော့ဘူးဆိုတာနဲ့တပြိုင်နက် ငိုနေတဲ့ ကလေးငယ်ကို ထွေးဖက်ချော့မော့လိုက်ပါ။ ကိုယ်ဟာ တမင်သူ့စိတ်နာကျင်အောင် လုပ်တာမျိုးမဟုတ်ဘဲ သူလုပ်နေတာတွေဟာ ဘာကြောင့် မသင့်တော်လို့ ကိုယ်မလုပ်စေချင်တာ ၊ ကိုယ်မလုပ်စေချင်တာ သူလုပ်လို့ သူမကြိုက်တာကိုလည်း ကိုယ်လုပ်ရတဲ့အကြောင်းကို ပွေ့ဖက်ရင်း ၊ ပွတ်သပ်ပေးရင်း ၊ ချော့မော့ရင်း ၊ နို့တိုက်ရင်း ပြောရပါမယ်။ သူ့စိတ်မှာ အစွန်းအထင်း ၊ အစွဲအလမ်းကြီး ဖြစ်မသွားဖို့ သူနားလည်အောင် ပြောဆိုရင်း ပြန်ချေဖျက်ပေးလိုက်တာပါ။

(၄)ဒီအဆင့်ကကျတော့ အသက်အန္တရာယ်ရှိတဲ့ပစ္စည်းတွေ ၊ မိသားစုအတွက် အရေးကြီးတဲ့ပစ္စည်းတွေကို သူထိတွေ့ဖျက်စီးနိုင်တဲ့အခြေအနေမှာ အဆင့်(၁)၊(၂)၊(၃)ကိုကျော်ပြီး တမဟုတ်ချင်း လုပ်ရမှာပါ။ ဒါကတော့ သူ့ခန္ဓာကိုယ်မှာ အသားအများဆုံးဖြစ်တဲ့ တင်သား သို့မဟုတ် ပေါင်သား(အနောက်ဖက်) ကို လက်ခုပ်ကလေးအသွင်နဲ့ နှစ်ချက် ၊ သုံးချက်ရိုက်လိုက်တာပါ။ ဘာကြောင့်လက်ခုပ်လေးနဲ့ရိုက်ရသလဲဆိုရင် လက်ဝါးနဲ့ရိုက်ရင် ပိုနာစေလို့ပါ။ ရိုက်ရတဲ့ရည်ရွယ်ချက်ကိုက လုံးဝ မထိ ၊ မကိုင်စေချင်တာ သိဖို့လေ။ သူမထိ ၊ မကိုင်တော့ရင် ပြီးရောမဟုတ်လား ။ ဘာကြောင့် ကလေးကို နာအောင်ရိုက်ရမလဲ။ မနာပေမယ့် အမေဟာ သူ့ကိုရိုက်လိုက်တယ်ဆိုတဲ့ အသိကို ကလေးဟာ သိသွားပြီ။ ဒါလုပ်ရင် အရိုက်ခံရမယ် ၊ အမေအရမ်းစိတ်ဆိုးမယ်ဆိုတဲ့အသိကို ကလေးဟာ ရရှိသွားပါတယ်။ ဒီလိုလုပ်လိုက်လို့ သူ့ကိုယ်မှာ နာကျင်မှု ဖြစ်ဖြစ်မြောက်မြောက်မရှိလည်း သူ့စိတ်ထဲမှာ နာကျင်သွားတာမို့ ကလေးဟာ ငိုမှာပါ။ သူမလုပ်တော့ရင် ဒီပစ္စည်းတွေဟာ သူ့အတွက်အန္တရာယ်ရှိနေလို့ ၊ မိသားစုအတွက် ဘယ်လောက်အရေးကြီးနေလို့ ဒီလိုရိုက်ပြီးတားရတယ်ဆိုတာ ရှင်းပြပြီး သူ့ကိုအထက်ကနည်းအတိုင်း ချော့မော့ပြောဆိုရမှာဖြစ်ပါတယ်။ ဒါကိုတော့ နှစ်နှစ်ခွဲ ၊ သုံးနှစ်ဆိုတဲ့အရွယ်မှာ စကျင့်သုံးနိုင်ပြီလေ။ ဒီအရွယ်တွေက မိဘကိုင်တဲ့အရာတိုင်းကို သူတို့ပါ လိုက်ပါထိချင်ကိုင်ချင်ကြတဲ့ အရွယ်ကိုး။ ဒါပေမယ့် ကိုယ်မကိုင်စေချင်တဲ့ပစ္စည်းကို သူလက်လှမ်းမမီရာမှာ ထားဖို့ ၊ ဒီလိုထားရက်နဲ့မှ တမင်ယူလုပ်တာ ၊ ဖျက်စီးတာမျိုးမှ ဒီနည်းနဲ့ ဆုံးမဖို့လိုပါတယ်။ ကိုယ်က လက်လွတ်စပယ်ထားပြီး ကလေးကိုင်လို့ ရိုက်ဆုံးမတာမျိုးတော့ မဖြစ်သင့်ဘူးလေ။

(၅)ကလေးတွေဟာ ပကတိရိုးသားဖြူစင်သူတွေဖြစ်တယ်။ သူတို့တွေဟာ သိတတ်နားလည်စိတ်မရှိသေးဘဲ ဘာလုပ်သင့်တယ် ၊ ဘာမလုပ်သင့်ဘူးဆိုတာ အထပ်ထပ်အခါခါ လုပ်ကိုင်ရင်းနဲ့မှ သင်ယူနေသူတွေဖြစ်တာကို နားလည်ရပါမယ်။ကလေးကို ကိုယ်ချင်းစာတရားရှိဖို့ သင်ပေးတဲ့နေရာမှာ တခါတလေ သူအသားနာမှ သင်ယူသွားတာမျိုးလည်း ရှိပါတယ်။ ဥပမာ – ပစ္စည်းတွေနဲ့ လူကို ကောက်ပစ်တတ်တာမျိုး ၊ ထုရိုက်တတ်တာမျိုး ၊ ဆံပင်ဆွဲဆောင့်တာမျိုးတွေပေါ့။ ဒီလိုလုပ်လိုက်ရင် သူများဘယ်လောက်နာသွားမယ်ဆိုတာ သူတို့သိလို့ တမင်လုပ်လိုက်တာမျိုး မဟုတ်ပါဘူး။ ဒီလိုလုပ်လိုက်လို့ တပါးသူနာသွားရင် ထွက်တဲ့အသံ ၊ ပြောင်းလဲသွားတဲ့ရုပ်သွင် ဆိုတာတွေကို သူတို့က မှတ်သားလေ့လာရင်း အတွေ့အကြုံသစ်ဆိုတာကို သင်ယူနေတာပါ။ ကလေးလုပ်တာကို ကိုယ်က မိဘဖြစ်နေလို့ သည်းခံနိုင်တယ်ထား ၊ ရေရှည်ကြည့်ရမယ်လေ။ ကျောင်းမှာ ကိုယ့်ကလေးက သူများကို အဲဒီလိုသွားလုပ်ရင် သူများကလေးက ခံမလား ၊ သူ့မိဘက ခံမလား ၊ ကိုယ့်ကလေးကို သူများကလေးက အဲဒီလိုလုပ်သွားရင်ရော ကိုယ့်ကလေးက ခံမလား ၊ ကိုယ်တွေကကော ခံမလား။ မလုပ်သင့်တာကို မလုပ်သင့်ဘူးလို့ သူလုပ်တဲ့အချိန်မှာ ဆုံးမရမှာ မိဘတာဝန်လေ။ ဒါကြောင့် ဒီနာကျင်မှုနဲ့ သူ့လုပ်ရပ်ကို ကိုယ်သည်းခံနိုင်သည့်တိုင်အောင် သူဒီလိုလုပ်ရင် သူများဘယ်လိုနာကျင်သွားတယ်ဆိုတာကို စတိလောက်တော့ သူသိသွားဖို့လိုတယ်လေ။ သူလုပ်တဲ့အတိုင်း သူနာကျင်တယ်ဆိုရုံလေး ပြန်လုပ်လိုက်ပါ။ အဲဒီမှာ သူဟာ ဒီလိုလုပ်ရင် ဒီလိုနာကျင်ရပါလား ၊ အားပါရင် ပိုနာကျင်သွားတတ်ပါသလား ၊ ဒီလိုနာကျင်မှုကို ငါမကြိုက်ဘူး။ အမေပြောသလို သူများလည်း ကြိုက်မှာမဟုတ်ဘူးလို့ သင်ယူသွားပါတယ်။ နာသွားလို့ ငိုတော့ငိုမှာပေါ့။ သူငိုရင် အထက်ပါနည်းအတိုင်းချော့ပါ။ သူနာကျင်အောင် ကိုယ်တမင်လုပ်လိုက်တာမဟုတ်ဘဲ သူဟာ သူများကို ဒီလိုသွားလုပ်ရင် သူများနာသွားမယ် ၊ ကိုယ်နာတာမကြိုက်ရင် သူများနာအောင်လည်း မလုပ်ရဘူး။ ကိုယ်မကြိုက်တာ သူများကို မလုပ်ရဘူးဆိုတဲ့ ကိုယ်ချင်းစာစိတ်ရှိဖို့ ချော့မော့ရင်း ပြောပြသင်ရမှာဖြစ်ပါတယ်။ ဒါဟာလည်း နှစ်နှစ်ခွဲကနေ သုံးနှစ်အထက် ကလေးငယ်တွေကို သင်ပြပေးနိုင်တဲ့ နည်းလမ်းပါပဲ။ ကိုယ်ချင်းစာရမယ်လို့ သင်ဖို့နောက်ကျသွားရင် ကိုယ်ချင်းစာဖို့ မေ့လျော့သွားနိုင်ပါတယ်။

(၆)အထက်ပါနည်းတွေနဲ့ ကိုယ်အတန်တန် ဆုံးမထားရက်နဲ့ ဆက်လုပ်တယ်ဆိုရင် တင်ပါးနဲ့ ၊ ပေါင်နောက်သားကို လက်ဝါးနဲ့ ခပ်ဆတ်ဆတ်လေး နှစ်ချက် ၊ သုံးချက် ရိုက်လိုက်ပါ။ ရိုက်နေတုန်း နောက်လုပ်ဦးမလား ၊ လုပ်ရင် ဒီ့ထက်နာမယ်လို့ သတိပေးလိုက်ပါ။ ဒီလိုရိုက်လိုက်ရင် သူဟာ နာကျင်သွားမှာပါ။ အရင်တုန်းက အမေရိုက်တာ ဒီလောက်မနာဘူး ၊ အခုပိုနာလာတယ် ၊ ထပ်လုပ်ရင် ဒီ့ထက်နာမယ်ဆိုရင် ကလေးဟာ စိတ်ဆိုးနေတဲ့ အမေ့မျက်နှာနဲ့ နာကျင်မှုဆိုတာကို ကြောက်သွားတဲ့အတွက် ငိုမယ်လေ။ ဒီအခါ အထက်မှာဖော်ပြထားတဲ့နည်းအတိုင်း ကလေးကို ပွေ့ဖက်ချော့လိုက်ပါ။ သူ့ကိုတမင်နာကျင်စေချင်လို့ ရိုက်တာမဟုတ်ဘဲ အတန်တန် မလုပ်နဲ့ ပြောထားတာကို လုပ်တဲ့အတွက် ဒီလိုရိုက်ရတာဖြစ်တယ်။ နောက်ထပ်မလုပ်ရဘူး။ ဒီလိုလုပ်တာကို အမေလုံးဝမကြိုက်ဘူး။ ဒီလိုလုပ်ရင် သူ့တွက်ဘာဆိုးကျိုးရှိနိုင်လို့ အတန်တန် တားရတယ်ဆိုတာ ကောင်းကောင်းမွန်မွန် ချော့မော့ပြောပြပါ။ ဒီနည်းကိုတော့ သုံးနှစ်အထက် ကလေးတွေကို သုံးနိုင်တယ်လေ။ နေ့စဉ်ရိုက်နေရပြီဆိုရင်တော့ သွန်သင်မှု အားနည်းနေတာ ၊ တခုခုလွဲနေတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေဟာ နေ့စဉ်ရိုက်ဆုံးမနေစရာ မလိုပါဘူး။ ချော့တခါ ၊ ခြောက်တလှည့်ဆိုတာ ရှိတယ်လေ။

(၇)အထက်ပါနည်းတွေသုံးးပြီး ကိုယ်အတန်တန်တားထားရက်နဲ့ ဆက်လုပ်တယ်ဆိုရင် အချက်ရေတစ်ချက် ၊ နှစ်ချက် တိုးချရုံပါပဲ။ ဘာကြောင့် တင်ပါးနဲ့ ၊ ပေါင်နောက်သားကို ရွေးရသလဲဆိုရင် အထက်မှာဖော်ပြပြီးဖြစ်သလို အသားများလို့ဖြစ်ပါတယ်။ အသားများတော့ အရိုးကို မထိဘူးပေါ့။ ဒါ့အပြင် တင်ပါးနဲ့ ပေါင်နောက်သားဖြစ်နေတဲ့အတွက် သူဟာ နာကျင်မှုကိုသာ ခံစားရတယ်။ နီရဲသွားမယ့်အသားကိုကြည့်ပြီး ကြောက်တာ ၊ စိတ်ထဲစွဲပြီး ကြောက်လန့်သွားမှာ ၊ စိတ်ဒဏ်ရာ ဖြစ်သွားမှာ မပူရဘူးလေ။ ကျွန်မပြောသားဘဲ ဆုံးမရတဲ့ရည်ရွယ်ချက်ကိုက မသင့်တော်ရာမလုပ်ဖို့ ၊ လမ်းလွဲနေတာ လမ်းမှန်ပေါ် ပြန်တည့်ပေးတာမဟုတ်လား။ သူမလုပ်တော့ရင် ပြီးတာပဲလေ။ ဘာကြောင့် သူ့အသားအပြင် သူ့စိတ်ထဲမှာပါ စွဲပြီး နာကျင်သွားစေချင်တဲ့စိတ်နဲ့ ရိုက်နှက်မှာလဲ။

(၈)အတန်တန်တား ၊ အတန်တန်ရှင်းပြ ၊ အတန်တန်ရိုက်ရက်နဲ့ ဆက်လုပ်တယ်။ ဒါကတော့ မြီးကောင်ပေါက်အရွယ်တွေမှာ အဖြစ်များတယ်လေ။ အပေါင်းအသင်းမှားရင် အပေါင်းအသင်းက မြှောက်ပေးလို့ လိုက်လုပ်တာလည်း ဖြစ်နိုင်တယ်။ လမ်းလွဲလာတာပေါ့။ ဒီလိုအခြေအနေမှာဆိုရင်တော့ တုတ်ကိုင်ရတော့မယ်လေ။ ဒီအခါမှာတော့ တင်သား ၊ ပေါင်အပြင် ခြေသလုံးမှာပါ ကြိမ်လုံးခပ်သေးသေးနဲ့ ခပ်ဆတ်ဆတ်လေး ရိုက်ဆုံးမနိုင်ပါတယ်။ အငယ်တွေကို ခြေသလုံးမရိုက်ခိုင်းတာက ခြေထောက်ကွေးကြည့်ပြီး လက်ရာအနီတွေ ပေါ်နေရင် စိတ်ထဲကြောက်ရွံ့သွားမှာ စိုးတဲ့အတွက် ဖြစ်ပါတယ်။ အရှိုးရာတွေ ပြပြပြီး မမှတ်သေးဘူးလား မေး တတ်တာဟာ ကလေးကို စိတ်ဒဏ်ရာရအောင် လုပ်နေသလိုပါပဲ။ အဲဒီအချိန်မှာ ကိုယ်ကမရိုက်ပေမယ့် အရှိုးရာမြင်တိုင်း သူ့စိတ်ထဲမှာ အရိုက်ခံရတဲ့အချိန်ကို ပြန်သတိရပြီး နာကျင်သွားနိုင်တယ်လေ။ မြီးကောင်ပေါက်တွေဟာ အနာလည်းခံနိုင်နေပြီ ၊ ဒီလိုဆုံးမလို့ မဖြုံဘူးဆိုရင် ကြိမ်လုံးအရွယ်အစား တဖြည်းဖြည်းကြီးပြီး ဆုံးမနိုင်သလို ၊ ရိုက်ချက်နဲ့ ရိုက်အားကိုလည်း တစ်ကြိမ်ထက်တစ်ကြိမ် ပိုသုံးလို့ ဆုံးမနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီလိုအဆင့်ဆင့် ဆုံးမခဲ့တဲ့ကလေးတွေဟာ ငယ်ငယ်ကတည်းက နားလည်အောင် ဆိုဆုံးမခဲ့တာနဲ့ အသားကျခဲ့ပြီးပြီမို့ တော်ရုံစိတ်ပြောင်းလဲမှုကြောင့် အကြောင့်အရာတခုအပေါ် အကြိမ်ကြိမ် ရိုက်နှက်ဆုံးမနေစရာမလိုပါဘူး။ မိဘရဲ့  နည်းမှန်လမ်းမှန် ဆိုဆုံးမမှုမှာ အသားသေနေပြီလေ။

ဆုံးမရင် ဘာကြောင့် ဆုံးမရတယ်ဆိုတဲ့ ကိုယ့်ရည်ရွယ်ချက်ကို ငိုနေတဲ့သူ့ကို ပြန်ချော့တိုင်း မပျက်မကွက် ပြောရမှာဖြစ်ပါတယ်။ ဒီ့ထက်နားလည်နိုင်တဲ့အရွယ်မှာ သက်သေ ၊ သာဓကတွေကိုလည်း ပြသလို့ သူနားလည်အောင် ရှင်းပြဆုံးမဖို့လည်း လိုနေပါတယ်။ ဆုံးမချိန်မှာ ဆဲဆိုနေဖို့ မလိုပါဘူး။ မလိုတာတွေ ပြောနေရင် ဆုံးမရတဲ့ ရည်ရွယ်ချက် ဝေဝါးသွားနိုင်ပါတယ်။ ဘာကြောင့်မလုပ်သင့်လို့ ဆုံးမရတဲ့ ရည်ရွယ်ချက်အပြင် မိဘဟာ ငါ့ကို တမင်နာစေချင်လို့ ဆုံးမတာ မဟုတ်ပါလားလို့လည်း သူဟာ ကောင်းကောင်းနားလည်အောင် ရှင်းပြရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူ့အပေါ် စိတ်နာကျင်အောင်လုပ်တဲ့ မိဘအပေါ် ခါးသီးမှု ဝင်သွားနိုင်တယ်လေ။ ဒီလိုဖြစ်သွားရင် ကာပြန်နိုင်တဲ့ အရွယ်မဟုတ်လို့သာ ငြိမ်နေမှာ ကာပြန်နိုင်တဲ့အရွယ်ဆိုရင် လွတ်ထွက်သွားနိုင်တာပေါ့။

“မှတ်လောက်သားသောက်ဖြစ်အောင် ဆုံးမမှရမယ် ၊ မှတ်လောက်သားလောက် ဆုံးမပါ ဆရာ ၊ ဆရာမရယ်” ဆိုတဲ့ မိဘတွေကို ကျွန်မနားလည်ပါဘူး။ မှတ်လောက်သားလောက်ဖြစ်အောင် ရိုက်ဆုံးမမှရမယ်လို့ ယုံကြည်နေကြတဲ့ မိဘနဲ့ ဆရာ ၊ ဆရာမတွေဟာ ဆုံးမရတဲ့ ရည်ရည်ချက်ကို မသိကြတဲ့သူတွေလို့ ကျွန်မဆိုချင်ပါတယ်။ တခါတလေ သူတို့ကိုယ်တိုင်က အကြောင်းကြောင်းကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို ဆုံးမတယ်ဆိုတဲ့ စကားနဲ့ အကာအကွယ်ယူပြီး ထွက်ပေါက်ရှာလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အဆုံးမခံရတဲ့သူ စိတ်အား ၊ ကိုယ်အား နာကျင်သွားမှ မှတ်မယ်ဆိုတာ မှားယွင်းတဲ့ အယူအဆကြီး ဖြစ်နေတယ်။ ဆုံးမတဲ့သူက မှားယွင်းစွာ ဆုံးမတော့ ရည်ရွယ်ချက်က လမ်းလွဲသွားတာပေါ့။ ဒီတော့ အဆုံးမခံရတဲ့သူဟာလည်း ထပ်ခါ ထပ်ခါ ဒီလိုအဆုံးမ ခံရတဲ့အခါမှာ စိတ်ရောကိုယ်ပါ နာကျင်မှုတွေနဲ့ တခါတလေ စိတ်ဒဏ်ရာဖြစ်သွားပြီး လမ်းလွဲသွားတော့တာပေါ့။ ဒါကြောင့် ဆုံးမတဲ့သူဟာ နည်းမှန် ၊ လမ်းမှန် ဆုံးမမှုကို မတတ်ရင် ၊ နည်းမှန်လမ်းမှန်နဲ့ မဆုံးမရင် ၊ လိုတာထက်ပိုပြီးဆုံးမရင် ၊ စိတ်ဖိစီးမှုထွက်ပေါက်အနေနဲ့ ဆုံးမသလို ဖြစ်သွားရင် အဆုံးမ ခံရတဲ့သူဟာ တဘဝစာ လမ်းလွဲသွားနိုင်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like