ခင်ပွန်းကောင်း ၊ ဖခင်ကောင်းကိုမှ လက်တွဲလိုသူ အမျိုးသမီးများအတွက်

0

မောင်တထမ်း မယ်တရွက်

အပျိုစင်အမျိုးသမီးတွေရဲ့ အလှပဆုံးအိမ်မက်ဟာ ကိုယ့်ကိုချစ်ခင်ကြင်နာပြီး ကိုယ်က ချစ်ခင်ကြင်နာရတဲ့ ခင်ပွန်းနဲ့ ရိုးမြေကျ အတူပေါင်းဖက်သွားရဖို့ပါ။ ဒီ့ထက်တဆင့်တိုး ရလိုစိတ်မှာတော့ အဲဒီလို ကိုယ်ချစ်ရတဲ့သူက အားကိုးရတဲ့သူ ၊ ခင်ပွန်းတာဝန်တင်မက အိမ်ထောင့်တာဝန်ကို ကျေတဲ့သူဖြစ်ချင်ကြတာ အိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ ဆန္ဒပါ။ ဒီ့ထက်တဆင့်တိုးသွားပြီဆိုရင်တော့ မိမိတို့နှစ်ဦးရလာတဲ့ရင်သွေးကို မတောင့်မတ မကြောင့်မကြထားနိုင်အောင် ကြိုးစားတဲ့သူ ၊ မိသားစုတွင်းသာယာပျော်ရွှင်အောင် ဖြည့်ဆည်းပေးတဲ့သူ ၊ ဇနီးနဲ့ သားသမီးအပေါ်မှာ တာဝန်ကျေပွန်ပြီး ကြင်နာနွေးထွေးတဲ့ ဖခင်ကောင်း ၊ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ဖို့ပါ။

ဒါပေမယ့်လည်းလေ အိမ်ထောင်ရှင်မတွေ ၊ မိခင်တွေ အများစု မှတ်ချက်ပြုသံကို ရှေ့သို့မဆက်ခင် အနောက်သို့ မျှော်တွေးပါဇနီးကိုယ်ဝန်ဆောင်နေစဉ် အလိုအပ်ဆုံးအရာ  ၊ မီးဖွားပြီးစမိခင်သည် အကူအညီလိုသောသူဖြစ်သည်ကလေးမိခင်များကို နားလည်မှုပေးပါ ဆိုတဲ့ ပို့စ်တွေရဲ့ facebook စာမျက်နှာမှာ တွေ့ရပါတယ်။ အများစုသော အမျိုးသမီးတွေက သူမတို့ခင်ပွန်းတွေဆီက သိတတ်မှု ၊ ကြင်နာမှု ၊ နားလည်မှုတွေ မရတော့ဘူး။ ပြောင်းလဲသွားခဲ့တယ်။ ဖောက်ပြားနေတယ်စသဖြင့်သော မှတ်ချက်အမျိုးမျိုးတွေကို ဖတ်ရတော့ အမျိုးသမီးအချင်းချင်းမို့ စိတ်ထဲမကောင်းဘူး။ ကျွန်မ ရရှိခံစားရတဲ့ ခင်ပွန်းရဲ့ နားလည်သိတတ်မှု ၊ ကြင်နာမှု ၊ ဖေးမမှု ၊ ယောကျာ်းကောင်းပီသမှု ၊ ခင်ပွန်းကောင်းပီသမှု ၊ ဖခင်ကောင်း ပီသမှုတွေကို ကျွန်မရဲ့ စာဖတ်ပရိသတ်တွေလည်း ရရှိခံစားစေချင်တာ အမှန်ပါ။

အိမ်ထောင်ရေးဟာ ကမ်းပါးထက်မှာ ရပ်နေရသလိုပါပဲ။ သာယာတယ်ဆိုရင် လှပတဲ့ရှုခင်းနဲ့ လတ်ဆတ်တဲ့လေပြေတွေကို သူများတကာထက် ပိုခံစားနိုင်ပြီး စိတ်ကြည်လင်မှုကို ရရှိနိုင်ပါတယ်။ အဲဒီကတဆင့် ဘဝမှာနေရတာ ပျော်ရွှင်လာတယ်။ အရာရာမပြည့်စုံနိုင်တဲ့ လူ့ဘဝလိုအင်ဆန္ဒတွေထဲမှာတောင် ရရှိနေတဲ့ မိသားစုချစ်ခင်ပျော်ရွှင်မှုတွေနဲ့ ဘဝကြီးဟာ အရာရာပြည့်စုံနေသလို ခံစားလာရစေတယ်။ အိမ်ထောင်ထဲမှာ တစ်ဦးကိုတစ်ဦး ပုတ်ခတ်ဆဲဆို ရန်ဖြစ်တွန်းထိုးနေမယ်ဆို အခန့်မသင့်တဲ့အချိန်မှာ အိမ်ထောင်ရေး ချောက်ကမ်းပါးကနေ ပြုတ်ကျသွားနိုင်တယ်လေ။ စိတ်ကောကိုယ်ပါ ထိခိုက်သွားနိုင်တယ်။ ကိုယ်တစ်ယောက်တည်းဆို တော်သေးရဲ့ ။ ကလေးတွေရှိနေရင် သူတို့ပါ စိတ်ဒဏ်ရာရသွားမယ်။ ဒါကြောင့် အိမ်ထောင်ဖက်ကိုရွေးရင် အရမ်းသတိထားရတယ်။ ခဏတာမကြည့်ဘဲ တဘဝတာ ကြည့်ရတယ်။

ကိုယ်နှစ်ဦး ၊ သူ့မိဘ ၊ ကိုယ့်မိဘ ၊ သူ့မောင်နှမ ၊ ကိုယ့်မောင်နှမတွေ ပါဝင်လာမယ့် ဆက်ဆံရေးဆိုတာကိုလည်း ခံစားတွေးကြည့်ရတယ်။ အတွေးထဲမှာတောင်မှ မဖြစ်နိုင်ဘူးလို့ ထင်နေရင် ရှေ့မဆက်တာ အကောင်းဆုံးပါ။

ဥပမာ ကိုယ်တွဲနေတဲ့သူက ကွမ်းရံဖန်ရံခါ စားတတ်တယ်လို့ပြောမယ် ၊ ကိုယ်နဲ့တွေ့ချိန်မှာတောင် ကွမ်းစားထားတဲ့အနံ့ကို ခံစားမိတယ်ဆို ကွမ်းစွဲနေတဲ့သူကို အပြတ်ဖြတ်ခိုင်းဖို့ထက် သူစွဲနေတဲ့ကွမ်းအနံ့ကို ရာသက်ပန် ခံစားသွားနိုင်မလားလို့ ကိုယ့်ဘာသာ ပြန်မေးရမှာဖြစ်ပါတယ်။ ဒီအတိုင်းပဲ အရက် ၊ မူးယစ်ဆေး ၊ မိန်းမ ၊ ဘောလုံး ၊ ချဲ ၊ နှစ်လုံး ၊ သုံးလုံး စသဖြင့်သော လောင်ကစားတွေ ၊ ဂိမ်းတွေ ဝါသနာပါတဲ့သူဆိုတာ မယူခင်ကတည်းက ထဲထဲဝင်ဝင် သိနိုင်အောင် လေ့လာစုံစမ်းရမှာပါ။ ရပြီးမှ ဒါတွေစွဲနေတာ သိနေတယ်ဆိုရင် …. သမီးရေ ဒါဟာ သမီးညံ့လို့ သမီးခံရတာပါ။ ကိုယ်က ထဲထဲဝင်ဝင်မှ မလေ့လာခဲ့ဘဲနဲ့ ယူခဲ့မိတာကိုး။ ယူပြီးမှ အပြစ်ပြောနေရင် ကိုယ်ပဲမောရုံရှိမယ်။ သူတို့က ကိုယ့်မယူခင်ကတည်းက ဒါတွေ နှစ်ရှည်စွဲနေခဲ့တာလေ။ ကိုယ့်ကိုယူပြီးမှ ဒါတွေစွန့်လွှတ် ပြောင်းလဲသွားခဲ့တယ်ဆို ကိုယ်ကံကောင်းတာပေါ့။ ဒီတော့ ရပြီးမှ ဒီအကြောင်းတွေ သိရတယ်ဆို နေစဉ်နဲ့အမျှ သူ့ကိုပြစ်တင်ပြောဆိုနေဖို့ထက် သူစွဲနေတဲ့အရာကို ခွင့်လွှတ်ဖို့ကြိုးစား ၊ ခွင့်မလွှတ်နိုင်ရင်တော့ ကလေးမယူခင် ကိုယ့်လမ်းကိုယ်ရွေး လမ်းခွဲလိုက်တာ အကောင်းဆုံးပါ။

ဒါတွေကို ချစ်သူဘဝမှာကတည်းက ကြိုသိခဲ့တယ်။ သူစွဲနေတဲ့အရာကို ရေရှည်မှာ ကိုယ်ကသည်းမခံနိုင်ဘူးဆိုရင် ဘာကြောင့် သူ့ကိုဖြတ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပါ။ ကိုယ့်ကို ပိုလိုအပ်တယ်ဆိုရင် လရှည် ၊ နှစ်ရှည် အချိန်ယူပြီး ဒါတွေလုံးဝပြတ်အောင် သူဖြတ်ပါလိမ့်မယ်။ ကိုယ်ကလည်း သူ့ကို ချစ်သေးတယ်ဆိုရင် သူတကယ်ပြောင်းလဲတာ ဟုတ် ၊ မဟုတ် စောင့်ကြည့်ပါ။ ဒီလိုစောင့်ကြည့်တဲ့နေရာမှာလည်း သူပြတ်သွားလောက်ပါပြီ ၊ လာကြွေပြနေတယ် ၊ သနားပါတယ်လို့ ဘေးကလှော် ကိုယ်ကလက်ခံချင်ရဲ့ဖြစ်နေရင်တော့ သူတကယ်ပြောင်းလဲတဲ့အချိန်အထိ ကိုယ်မစောင့်နိုင်လို့ သူဟာ ဒီအရာတွေ ပြန်စွဲသွားတာပါ။ အမှန်ပြောမယ်နော်။ အမျိုးသားတွေမှာလည်း ချစ်တတ်တဲ့နှလုံးသားနဲ့ တန်ဖိုးထားတတ်တဲ့စိတ် ရှိပါတယ်။ ကိုယ့်တန်ဖိုးကိုပြမှ သူတို့က တန်ဖိုးထားရကောင်းမှန်း သိတာလေ။ တန်ဖိုးထားရကောင်းမှန်း မသိတဲ့လူကတော့ ကိုယ့်ကို တန်ဖိုးမထားဘဲ သူစွဲနေတဲ့ဒီအရာတွေကို ဆက်တန်ဖိုးထားနေနိုင်တယ်။ ဘာအရေးလဲ။ ကိုယ်မကြိုက်တဲ့အရာကို လက်ထပ်ပြီးမှ ပြင်ခိုင်းလို့မပြင်တာထက် လက်မထပ်ခင်ကတည်းက မပြင်တာကို ကြိုသိခွင့်ရတာပဲ အတော် ကံကောင်းလှပြီ။

BurmeseHearts Blog

ကျွန်မအပျိုကတည်းက ကိုယ်ဟာ ဘယ်လိုလူမျိုးကို လိုချင်တယ်ဆိုတာ စိတ်ကူးသက်သက်မဟုတ်ဘဲ ဆုံးဖြတ်ချက်တခုလို ချထားခဲ့တာ။ တိုက်ဆိုင်သွားရင်ခွင့်လွှတ်ပါ။ ကျွန်မစိတ်နဲ့ အမျိုးသမီးတွေ ပိုနားလည်အောင် နှိုင်းယှဉ်ပြချင်တာပါ။ ကျွန်မက ကွမ်းတပြစ်ပြစ်နဲ့ ကွမ်းစားတဲ့သူဆိုရွံတယ် ၊ ဆေးလိပ်နံ့လည်း မခံနိုင်ဘူး ၊ အရက်သောက်တတ်တဲ့သူဆို အမျိုးထဲရှိနေရင်တောင် နှုတ်မဆက်တတ်တဲ့သူ ၊ လောင်းကစားကြိုက်တဲ့သူဆို ဖြုန်းတီးရေးသမားလို့မြင်တယ် ၊ ထည်လဲတွဲတတ်တဲ့ယောကျာ်းဆို သူ့ဘာသူ ဘယ်လောက်ရှိနေနေ ဘာကြီးဖြစ်နေနေ အထင်ကိုသေးတာ ၊ ဆေးသမားဆို နှာခေါင်းရှုံ့တတ်သူ ၊ ဂိမ်းသမားဆို အချိန်ဖြုန်းတဲ့သူအဖြစ်မြင်တတ်သူ စသဖြင့် အားလုံးခြုံလိုက်တဲ့အခါ သူငယ်ချင်းတွေကပြောတယ် ဒီတသက်နင်ယောကျာ်းမယူနဲ့တော့တဲ့။ သကြားမင်းဆင်းလာတောင် နင့်ဆန္ဒပြည့်မှာမဟုတ်ဘူးဆိုပဲ။ ဘာဖြစ်လဲ။ ကိုယ်လိုချင်တာမရရင် ရရာနဲ့ နီးစပ်ရာပဲယူမယ်ဆိုတဲ့အထဲမှာ ကျွန်မ မပါဘူးလေ။ ယူပြီးတော့မှ ယူမိလေခြင်းလို့ စိတ်ဆင်းရဲနေရတာထက်စာရင် မယူခဲ့တာကမှ စိတ်ချမ်းသာသေးတယ်။ တစ်ယောက်တည်းရှိနေတာချင်းအတူတူ အပျိုကြီးဂုဏ် နဲ့ တခုလပ်ဂုဏ် ဘယ်ဟာက ပိုဂုဏ်ယူစရာကောင်းသလဲနော်။ ဒါပေမယ့် ကျွန်မ စိတ်ကူးထဲက ရည်ရွယ်ထားသူနဲ့ ဖူးစာဆုံခွင့်ရခဲ့ပါတယ်။

ကျွန်မကိုယ်တိုင် ပြီးပြည့်စုံသူမဟုတ်လို့ သူ့ကို ပြီးပြည့်စုံသူ ဖြစ်ရမယ်လို့ ကျွန်မ မမျှော်လင့်ထားပါဘူး။ သူ့ကိုလည်း ကျွန်မမှာ အားနည်းချက်တွေ ရှိနေနိုင်တယ်လို့ ပြောခဲ့ပြီး သူ့အားနည်းချက်တွေကိုလည်း နားလည်နိုင်အောင် ၊ ပြင်နိုင်ရင် အတူပြင်ကြရအောင် ၊ ခွင့်လွှတ်သင့် ခွှတ်လွှတ်ပေးနိုင်အောင် ကြိုးစားကျင့်ယူခဲ့ရတာပါပဲ။ သူကိုယ်တိုင်လည်း ဒီလိုပဲ ဖြစ်နေမှာပါ။ Perfect ဖြစ်တဲ့လူဆိုတာ လောကမှာ မရှိသေးပါဘူး။ လူတိုင်းမှာ လိုအပ်ချက်ကိုယ်စီ ၊ အားနည်းချက်ကိုယ်စီ ရှိနေကြပါတယ်။ ဒါကို နားလည်လက်ခံထားဖို့ လိုတယ်လေ။

အားကိုးရတဲ့သူကိုပဲ ယူလိုစိတ်ရှိတဲ့ကျွန်မဟာ ချမ်းသာတဲ့သူမှ ယူမယ်လို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး။ အားကိုးရတဲ့အရည်အချင်းရှိနေတဲ့သူဟာ ကိုယ်နဲ့အတူ ဒိုးတူဘောင်ဘက် လုပ်ကိုင်ရင်းနဲ့ သူ့အရည်အချင်းကြောင့် အချိန်နဲ့အမျှ အမြင့်ရောက်နိုင်တယ်လေ။ ကိုယ်တွေက မှန်မှန်ကြိုးစားသွားဖို့ပဲလိုတာ။ ပိုက်ဆံရှိသူကိုမှ အားကိုးရတဲ့သူလို့မြင်ပြီး ယူခဲ့သူတွေကတော့ ချမ်းသာတဲ့သူရဲ့ဒဏ်ကိုတော့ ခံရမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ချမ်းသာတဲ့သူအများစုက အမြင့်တနေရာ ရောက်နေပြီးအနေအထားမို့ အနိမ့်မှာရှိနေတဲ့ ကိုယ့်ကို အတည်တကျ ယူခဲ့တာတောင် တော်တော် ချစ်လို့ပဲ။ တန်းတူအဆင့်အတန်း ယူတာချင်းအတူတူတောင် ယောကျာ်းလေးရဲ့ စိတ်ထားနဲ့ အပျော်အပါးကို မိန်းကလေးရဲ့စိတ်ထားနဲ့ အပျော်အပါးတွေ နှိုင်းယှဉ်လို့မရဘူး။ ငယ်ငယ်ကတည်းက ဖူးဖူးမှုတ်ကြီးလာခဲ့တဲ့သူတွေ ၊ ပစားပေး ကြီးလာခဲ့တဲ့သူတွေကို ခင်ပွန်းတော်ထားရရင် ကိုယ်တိုင်က ဖူးဖူးမှုတ်ထားနိုင်ဖို့ ကြိုးစားရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ ဒီလိုအနေအထားမှာ အသားကျနေပြီ။ သူက ကိုယ့်ကို ဖူးဖူးမှုတ် မျက်နှာညိုမခံအောင် အိမ်ထောင်သက်တလျောက် ပေါင်းသင်းတယ်ဆိုရင် သူဟာ ကိုယ့်ကို သူ့ကိုယ်သူထက် ပိုချစ်လို့ပါ။

ကျွန်မအရင်ပို့စ်တွေမှာလည်း ပြောခဲ့ဖူးပါတယ်။ အိမ်ထောင်မပြုခင် သူကပိုချစ်အောင် ၊ ကိုယ်ကပိုချစ်အောင် ချွဲချွဲနွဲ့နွဲ့ ၊ ချော့မော့အရှုံးပေးတာတွေဟာ အိမ်ထောင်ပြုပြီး သိပ်မကြာခင်မှာ ပြောင်းလဲသွားပါတယ်။ အိမ်ထောင်သက်တလျောက်လုံး ချစ်သူတုန်းကလို ချွဲချွဲနွဲ့နွဲ့ ၊ ချော့မော့အရှုံးပေးတယ်ဆိုတာကို တဘက်တည်းက ဘယ်တော့မှ မလုပ်နိုင်ပါဘူး။ အိမ်ထောင်မပြုခင်အခြေအနေက စိတ်ကူးထဲမှာလို (ခဏတာတွေ့ချိန်လေး) ချစ်သူနှစ်ဦး ပျော်ပျော်ကုန်ဆုံးသွားတာလေ။ ဒါတောင်မှ တခါတလေ စိတ်ကောက် ၊ ရန်ဖြစ် ၊ ထရိုက်ဆဲဆိုတာတွေ ရှိတတ်ကြသေးတယ် မဟုတ်လား။ အိမ်ထောင်ပြုပြီးရင်တော့ ဘဝထဲတိုးဝင်လိုက်တာလေ။ အရင်လို ခဏလေးတွေ့ရတော့တာမှမဟုတ်တာ နေ့စဉ် ၊ အပတ်စဉ် ၊ လစဉ် ၊ နှစ်စဉ် အိမ်ထောင်သက်တလျောက် အမြဲလို တွေ့နေရပြီ ။ ဒီအသံကြားနေရပြီ။ ဘဝအမောတွေထဲမှာ အရင်ကလို ချိုသာသံတွေ ပျောက်ပြီး သက်ပြင်းမောတွေ ဝင်လာပြီ ၊ အနမ်းတွေမပေးခင် အပူတွေ ဝေမျှ ၊ အချစ်တွေမဖုံးခင် ဝင်ငွေ ၊ ထွက်ငွေတွေတွက်ချက်ပြောဆိုနေရတော့ အိမ်ထောင်သက်အလျောက် တယောက်ကိုတယောက် ရိုးလာတယ်ဆိုတာထက် ဘဝအမောတွေကြောင့် နှစ်ယောက် ပန်းလာကြတာပါ။

အိမ်ထောင်စပြုပြီဆို အမျိုးသားက ငါ့မယားက ဘယ်လိုတော်တာ ၊ ငါ့ကိုဘယ်လိုဂရုစိုက်တာ ၊ ဘယ်လိုသိတတ်တာလို့ ဂုဏ်ယူချင်ကြသလို အမျိုးသမီးတွေကလည်း ငါ့အမျိုးသားက ငါ့ကိုဘယ်လိုချစ်တာ ၊ ဘယ်လိုအလိုလိုက်တာ ၊ ဘယ်လိုယုယကြင်နာတာ စသဖြင့် ဂုဏ်ယူချင်ကြပါတယ်။ ဒါကို ဘဝတသက်တာ မြဲနေမယ်လို့လည်း မှတ်ယူကြတယ်လေ။ ဘဝတသက်တာမြဲဖို့ဆို နှစ်ယောက်စလုံး ထိန်းထိန်းသိမ်းသိမ်း နေထိုင်ပါမှ ဘဝတသက်တာလုံး ဒီလိုယုယကြင်နာမှု ၊ သိတတ်မှု ၊ နွေးထွေးမှု ၊ နားလည်သိတတ်မှုဆိုတာတွေကို ထိန်းသိမ်းထားနိုင်မှာပါ။

BurmeseHearts Courses

နှစ်ဦးဆက်ဆံရေး အမြဲနွေးနွေးထွေးထွေးရှိဖို့ ပထမဦးစွာ ဘေးစကားတွေ မဝင်နိုင်အောင် နှစ်ယောက်စလုံးက စည်းလုံလုံ ကာထားရပါမယ်။ ကိုယ့်လင်မယား သာယာမှု ၊ မသာယာမှုဆိုတာကို ကိုယ့်မိဘ ၊ ညီအစ်ကိုမောင်နှမ၊ မိတ်ဆွေသူငယ်ချင်းအပါအဝင် လုပ်ဖော်ကိုင်ဖက်နဲ့ ပတ်ဝန်းကျင်ကိုပါ မပြောပြပါနဲ့။ ဝင်စွက်ဖက်ခွင့် မပေးပါနဲ့။ ဥပမာ- ငါ့ယောက်ျားက ငါ့ကိုဘာဝယ်ပေးတယ်ကအစ ဘာချက်ကျွေးတယ် ၊ နှိပ်ပေးနင်းပေးတယ်၊ အိမ်သန့်ရှင်းရေးလုပ်ပေးတယ် စသဖြင့် အိမ်တွင်းရေးကိစ္စကို အိမ်တွင်းရေးမှာပဲ နှစ်ဦးသိရုံရှိပါစေ။ မိဘမောင်ဖွားအပါအဝင် တစိမ်းတွေထဲမှာလည်း လိုသူရှိ ၊ မလိုသူတွေရှိတယ်လေ။ ကိုယ့်အိမ်ထောင်ဖက်က ချစ်လို့လုပ်ပေးသည့်တိုင် သူတို့ သိမြင်ကြားရပြီဆိုရင် ဝင်နှောက်ချင်ကြတယ် ။ ဝင်သွေးထိုးချင်ကြတယ်။ ဒါက အိမ်ထောင်သက်နုနုမှာ စတွေ့ရတာပါ။

နောက်ပိုင်း လင်မယားအချင်းချင်း စကားများနိုင်တယ် ၊ အငြင်းပွားနိုင်တယ် ၊ ရန်ဖြစ်နိုင်တယ်။ ဖြစ်နိုင်ရင် ပတ်ဝန်းကျင်မကြားအောင် ဖြေရှင်းပါ။ မိဘဆွေမျိုး ၊ လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်းတွေမသိအောင် သိုသိပ်ပါ။ ပေါက်ကွဲဖြေရှင်းလိုက်မှ ဖြစ်မယ်ဆို ကိုယ့်ကိုမသိတဲ့ တစိမ်းပတ်ဝန်းကျင်နေရာမျိုး (ဥပမာ ပန်းခြံလို ၊ ပန်းဥယျာဉ်မျိုး) မှာ သွားပြီး ဖြေရှင်းပြောဆိုပါ။ ကိုယ်တွေမသင့်မြတ်တာကို သူများအားမရပါစေနဲ့။ အပြန်အလှန် အကျိတ်အနယ် ရှင်းလင်းပြီး သဘောတူသွားတဲ့အထိ ဖြေရှင်းသဘောတူညီပြီးပါမှ နေအိမ်ကို ပြန်လာပါ။ မပြော ၊ မပြောနဲ့ စိတ်ထဲသိုခဲထားပြီး မခံနိုင်မှ ပေါက်ကွဲထွက်တာမျိုးကို မလုပ်ပါနဲ့။ အဲဒီလိုမြိုသိပ်ထားရင် ဘာမှမဟုတ်တာလေးနဲ့လည်း သည်းမခံနိုင်ဘဲ ထစကားများရာကနေ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလို လင်မယား ကွဲတဲ့အထိ ဖြစ်သွားတတ်တယ်လေ။ ကျွန်မတို့ဆို အိမ်ထောင်သက်ကိုးနှစ်ကြာလာတဲ့အထိ တပတ်တကြိမ်လောက် သူကိုယ့်အပေါ် ဘာမကျေနပ်တာတွေ ရှိနေလဲ ၊ ကိုယ်သူ့အပေါ် ဘာမကျေနပ်တာတွေ ရှိနေလဲဆိုတာ ကလေးအိပ်ချိန်မှာ မေးမြန်းဆွေးနွေးတုန်း ၊ သဘောတူညီချက်ရယူတုန်း ၊ အပြန်အလှန် နားလည်မှု တည်ဆောက်တုန်းပါ။

ဒီလိုမလုပ်ထားဘူးဆိုရင် ဘာတွေဖြစ်တတ်သလဲ။ အိမ်ထောင်သက်နုသူတွေဟာ ကိုယ်တွေအကြောင်း ကိုယ်တိုင်က နှုတ်မလုံဘဲ တပါးသူကို ပြောဆိုတာ ၊ Facebook Status တွေ ပုံတွေနဲ့ ပြတာ ၊ ယောကျာ်းကိုနိုင်တာ  ၊ မိန်းမကိုနိုင်တာတွေ ရွှန်းရွှန်းဝေဝေ ပြောတတ်တာတွေကြောင့် ဘေးစကားတွေ သွေးထိုးဝင်လာတဲ့အခါ နုနေတဲ့အိမ်ထောင်သက် ၊ ထင်ယောင်ထင်မှားစိတ်တွေနဲ့ လင်မယား စကားများတာ ၊ အထင်လွဲတာ ၊ ရန်ဖြစ်တာတွေဖြစ်လာတော့တာပဲ။ အိမ်ထောင်ရေးအစခရီးမှာ အရမ်းချစ်ပြတတ်သူတွေက အိမ်ထောင်ရေးမှာ မသင့်မမြတ်ဖြစ်တာတွေ ၊ ကွဲတာတွေ အများစုဖြစ်တတ်ကြပါတယ်။ အဆင်းဘီးတပ်ပေးသူတွေ အနားမှာရှိနေရင် ပိုဆိုးတာပေါ့။

အိမ်ထောင်သက်ကလဲနု ၊ ကြားစကားကလည်းဝင် ၊ ညှိနှိုင်းဆွေးနွေးလို့ နားလည်မှုအပြန်အလှန် တည်ဆောက်ဖို့လည်းအားနည်း ၊ နှစ်ဦးဆက်ဆံရေးလည်း အဆင်မပြေဖြစ်လာပြီဆိုတဲ့နောက်တဆင့်မှာ ဖောက်ပြန်မှုတွေ ဝင်လာနိုင်ပါတယ်။ အိမ်မှာမသာယာတော့ အပြင်မှာ သာယာမှုထွက်ရှာတာပေါ့။ အိမ်ထောင်ဘက်ကို ငဲ့မကြည့်တတ်သူတွေက လွယ်လွယ်ကူကူ ဖောက်ပြန်ပြီး မိန်းမ မရှားပါဘူး ၊ ယောကျာ်းမရှားပါဘူးလို့ တလွဲသက်သေပြကြတယ်။ တကယ်တော့ ကိုယ့်တန်ဖိုးကျသွားတာ သူတို့မသိဘူး။ ဘယ်လိုတန်ဖိုးကျသွားတာလဲဆိုတော့ အိမ်ထောင်ဘက်က ကိုယ့်ကိုယုံကြည်မှု ၊ တန်ဖိုးထားမှု ၊ ချစ်ခြင်းမေတ္တာ လျော့သွားတာ ၊ မရှိတော့တာတွေအပြင် သားသမီးကလည်း မိဘဖြစ်တဲ့ကိုယ့်အပေါ် တန်ဖိုးထားမှု လျော့သွားပါတယ်။ ဒီအိမ်ထောင်ထဲမှာ ကိုယ့်တန်ဖိုးလျော့လာပြီဆိုတာ သိလာလေလေ ဒီအိမ်ထောင်မှာ မပျော်လေလေပဲပေါ့။ မခံစားနိုင်တော့တဲ့နောက်တဆင့်အနေမှာ အိမ်ထောင်ကွဲတော့တာပါပဲ။

အမျိုးသားက အိမ်ထောင်ဦးစီးဆိုပေမယ့် “မိဘပြော တလ ၊ မယားပြော တည” ဆိုတဲ့ စကားတောင် ရှိသေးတာပဲ။ တကယ်ဆိုရင် အိမ်ထောင်တစ်ခုမှာ အိမ်ရှင်မက အခရာပါ။ ချစ်လို့ထူထောင်ထားတဲ့ အိမ်ထောင်ရေးမှာ အချစ်တွေဘာလို့ လျော့သွားပြီး အမုန်းတွေ ၊ အစိုင်အခဲတွေ ၊ မကျေနပ်မှုတွေ ဘာကြောင့် အစားထိုးဝင်လာသလဲဆိုရင် အချစ်ကို ဘယ်လိုထိန်းသိမ်းထားရကောင်းမှန်း မသိကြလို့ပါ။ နိုင်လို့ရတိုင်း စွတ်နိုင်မယ် ၊ အလျှော့ပေးလေ ရောင့်တက်လေ ၊ လုပ်ပေးလေ ပိုခိုင်းလေ ၊ လုပ်ပေးတဲ့သူရှိလေ ရေသာခိုလေဆိုရင် ချစ်လို့ယူထားတဲ့ အမျိုးသားဟာ မယက (မယားကြောက်)အဖြစ် မိဘဆွေမျိုးမောင်နှမနဲ့ အသိုင်းအဝန်းပတ်ဝန်းကျင်က သွေးထိုးတာခံရပြီဆိုရင် ယောကျာ်းမာနနဲ့ ဒူးနေရာဒူး ၊ တော်နေရာတော် လျော်သွားတော့မှာပါ။ ဒါဟာ ကိုယ်ရထားတဲ့ အခွင့်အရေးကောင်းကို ဘယ်လို ထိန်းသိမ်းရကောင်းမှန်းမသိလို့ အမျိုးသမီးတွေ လက်လွှတ်လိုက်ရတာပဲ။ ဒါဟာ အမျိုးသားတွေ ပြောင်းလဲတာထက်ကို အမျိုးသမီးတွေက အထိန်းအသိမ်းမတတ်တာပါ။

နောက်တမျိုးကျတော့ ယူကာစကတည်းက ယောကျာ်းကို ဖူးဖူးမှုတ် ဘာမှမလုပ်ကိုင်ခိုင်းဘဲ အိမ်ဦးနတ်လို ဖူးဖူးမှုတ်ထားမယ်ဆိုရင် ဒီနေရာမှာ အသားကျသွားတဲ့ယောကျာ်းဟာ နောင် သူ့အကူအညီ ကိုယ်လိုအပ်ချိန်မှာတောင် ခိုင်းမရတာမျိုးလည်း ကြုံရနိုင်ပါတယ်။ ဥပမာ- ကိုယ်ဝန်ဆောင်နေချိန် ၊ မီးဖွားချိန် ၊ မီးတွင်းထဲနဲ့ သားသမီးငယ်လေးတွေရှိချိန်မှာ လိုအပ်တဲ့အကူအညီတွေ ကူမလုပ်ပေးနိုင်တဲ့သူ့ကို စိတ်နာလာနိုင်တယ်လေ။ ဒီမှာလည်း ကိုယ့်လိုအပ်ချက်ပါပဲ။ အိမ်ထောင်အစကတည်းက ကိုယ်တခုလုပ်ရင် သူလည်းတခုလုပ်ကျင့် ၊ အိမ်တွင်းဗာဟီရ အတူတူ ပူးပေါင်းလုပ်ကိုင်ကျင့် ကျင့်ထားရမှာပါ။ သူက ယောကျာ်းလေးဆိုတော့ ကိုယ့်လောက် သေသေသပ်သပ် လုပ်တတ်မှာမဟုတ်ဘူး။ ဒါကို အပြစ်မတင်ပါနဲ့။ ဖြစ်နိုင်ရင် ချီးကျူးပါ။ ကျေးဇူးတင်စကားပြောပါ။ ဘာကြောင့်လဲ။ သူကူလုပ်ပါရက်နဲ့ ကျေးဇူးမတင်တဲ့အပြင် အပြစ်တင်စကားပြောတာခံရရင် နောင်မှာ ကူလုပ်ချင်စိတ်နည်းလာမယ်။ ကိုယ့်ဘာသာ စိတ်တိုင်းကျလုပ်လို့ ပြောလာမယ်လေ။ နောင်မကူတော့ဘူးပေါ့။ ဒါဟာ သူရဲ့ ကူညီချင်စိတ်ကို ရိုက်ချိုးလိုက်တာပါ။ ဒီလိုမလုပ်သင့် ၊ မပြောသင့်ဘူး။

အိမ်ထောင်သက်နုကတည်းက ဒီလိုလေး ထိန်းထိန်းသိမ်းသိမ်း ရှိလာခဲ့တဲ့အိမ်ထောင် ၊ ကြားစကားတွေ တိုးမဝင်နိုင်တဲ့အိမ်ထောင် ၊ ကလေးရလာရင် အခက်အခဲတွေ တွေ့လာနိုင်ပါသေးတယ်။ အမျိုးသမီးဟာ အရင်ကလလို ပြုပြုပြင်ပြင် ရှိနေမယ့်အစား ကလေးတာဝန် ၊ အိမ်တာဝန်တွေနဲ့ လက်မလည်လေတော့ ခင်ပွန်းကိုတောင် အချိန်မပေးနိုင်တာမျိုး ရှိနိုင်ပြီလေ။ အိမ်ထောင်ရေးမှာ လင်မယားချင်းရှိရမယ့် နှစ်ကိုယ်တူသာယာမှု နည်းလာပြီပေါ့။ ဒီလိုအချိန်မှာ အိမ်ထောင်ရှင်မက မထိန်းသိမ်းတတ်ရင် ခင်ပွန်းဟာ အပြင်မှာ သာယာမှုထွက်ရှာပြီး ဖောက်ပြန်နိုင်ပါတယ်။ ကိုယ်တိုင်က ကလေးတာဝန်နဲ့ မအားတာမို့ သူ့ကို အချိန်မပေးနိုင်ဘူးဆိုရင် သူ့သွေးသားဖြစ်တဲ့ သူ့ကလေးနဲ့ သူ့အားလပ်ချိန်တွေ ကုန်ဆုံးခွင့်ရဖို့ ကိုယ်က ချိုချိုသာသာ ပြောဆို လမ်းကြောင်းပေးရမှာပါ။ ကလေးနဲ့သူနဲ့ရှိနေပြီဆိုရင် သားသမီးသံယောဇဉ်တွေ တက်လာပြီ။ သူ့ကို ချစ်ခင်တွယ်တာလာတဲ့ သားသမီးကိုငဲ့ညှာတတ်လာမယ်။ အိမ်မှာသာယာမှုမရှိသေးရင်တောင် သားသမီးကိုငဲ့ပြိး အပြင်မှာသာယာမှုမရှာဘဲ စောင့်ထိန်းလာမယ်။ ဒါကိုလည်း အိမ်ရှင်မက အကင်းပါးပါးနဲ့ ထိန်းသိမ်းပြောဆိုတတ်ရမှာပါပဲ။

သူကအပြင်ထွက် စီးပွားရှာချိန်မှာ ကိုယ်က အိမ်ထဲမှာ မိုးလင်းမိုးချူပ် တကုပ်ကုပ်ရှုပ်နေတာ သူနားလည်အောင် သူအိမ်မှာရှိနေတဲ့အချိန် အလုပ်တခုလုပ်မယ်ဆို ဘာလုပ်လိုက်ဦးမယ် ၊ နောက်တခုလုပ်ရမယ်ဆို ဘာလုပ်ရဦးမယ် ကိုယ့်ဘာသာပြောသလိုနဲ့ လုပ်ကိုင်ပြောဆိုကျင့် လုပ်ထားတဲ့အခါ ကိုယ်အနားမရတာကို သူသတိထားမိလာမယ်။ ကလေးတာဝန်ဟာ မလွယ်ဘူး ၊ အချိန်သိပ်ကုန်တယ်ဆိုတာ သူသိအောင် ကလေးနဲ့သူ့ကို ရေအတူချိုးခိုင်းတာမျိုး ၊ ကစားခိုင်းတာမျိုး လုပ်စေရင်း ကိုယ်က မီးဖိုချောင်ဝင်ပါ (မီးဖိုချောင်ကိုယ်ဝင်မှ သူတို့စားရမှာဆိုတော့ မလုပ်နဲ့ပြောမရဘူးလေ။) သူနဲ့ရှိနေချိန် ကလေးအီးပါမယ်။ သူလုပ်ခိုင်းသည့်တိုင်အောင် အမြဲတမ်း ကိုယ်ပြေးမလုပ်ပါနဲ့။ တလ တကြိမ်လောက်ဖြစ်ဖြစ် အကြောင်းညီညွတ်ချိန်မှာ သူ့ကို သန့်ရှင်းရေးလုပ်ခိုင်းပါ။ လုပ်ရလို့သူညည်းညူရင် ဒါဟာ သူ့သွေးသား ၊ သူမလုပ်ချင်တဲ့ ဒီအလုပ်ကို ကိုယ်က နေ့တဓူဝ မညည်းမညူ လုပ်ပေးတတ်နေတယ်ဆိုတာ နားလည်အောင်ပြောပါ။ ဒီအခါ သူသည်းမခံနိုင်တဲ့ ကလေးရဲ့ဝန်တာတွေ အပြုံးမပျက် သည်းခံနိုင်တဲ့ ကိုယ့်ရဲ့သည်းခံနိုင်မှုကို သူက စာနာလာမယ်။ ကိုယ့်ရဲ့ တနေ့တာပင်ပန်းမှုတွေကို နားလည်လာမယ်။ နောက်တဆင့်က ဖေးမကြင်နာလာမယ်။

ဗျစ်တောက်ဗျစ်တောက် ပြောတတ်တာကို ကျွန်မအားမပေးပါဘူး။ အလုပ်နဲ့ သက်သေပြ လုပ်နေပြီး အခွင့်သာမှ လိုရင်းတိုရှင်း နားလည်အောင် ရှင်းပြလိုက်တာက ပိုထိရောက်တယ်လေ။ အိမ်ထောင်တခု သာယာဖို့ဆိုတာ စကားတွေနဲ့ မပြီးပါဘူး။ စိတ်ထဲက နှစ်နှစ်ကာကာနဲ့ရှိပါမှ ချိုသာတဲ့စကား ၊ နားလည်မှု ၊ ဖေးမမှု ၊ ကြင်နာမှု ၊ ညှာတာမှု ၊ ချစ်ခြင်းမေတ္တာတွေဆိုတာကို ခံစားရမှာပါ။ ချစ်တဲ့သူအချင်းချင်း လက်ထပ်ယူထားပြီးမှ ချစ်ခြင်းကုန်ဆုံးသွားရတယ်ဆို အချစ်ခံဖြစ်ခဲ့တဲ့ ကိုယ်တိုင်က ဒီအချစ်တွေ ရေရှည်တည်မြဲအောင် ဘယ်လို ထိန်းသိမ်းရကောင်းမှန်း မသိလို့ ဖြစ်နိုင်သလို တဖက်က သစ္စာစောင့်သိခြင်းမရှိလို့ ၊ စားပြီးနားမလည်စိတ်ရှိလို့ ၊ ငဲ့ညှာထောက်ထား ကိုယ်ချင်းစာနာမှုမရှိလို့ ၊ အဆုံးစွန်မှာ ကိုယ်တိုင်က ဒီလိုဖြစ်ဖို့ ကံပါလာတယ်လို့ပဲ ဗုဒ္ဓဘာသာဝင်ပီပီ မှတ်ယူရမှာပဲ။

ကိုယ်အကောင်းဆုံး လုပ်ကိုင်ပြောဆိုရက်က အကောင်းဆုံးတွေ ပြန်မလာဘဲ အဆိုးတွေ ဖြစ်လာတယ်ဆိုရင် ဘယ်သူမပြု မိမိမှု …. ဒီလိုလူကို အိမ်ထောင်ပြုမိခဲ့တဲ့ ကိုယ့်ရဲ့အမှားပေပဲပေါ့။ အမှားတိုင်းဟာ ပြင်ချင်ရင် ပြင်ခွင့်ရှိတယ်။ ဘယ်လိုနည်းနဲ့ ပြင်ယူမလဲဆိုတာ ကိုယ့်ဆုံးဖြတ်ချက်ပဲပေါ့။ ဒါကြောင့် အိမ်ထောင်မပြုခင် အိမ်ထောင်ဘက်အဖြစ်ရည်ရွယ်တဲ့သူကို နားလည်သထက်နားလည်အောင် လေ့လာပါ။ သူ့မိသားစုနဲ့ သူ့အသိုင်းဝန်း ၊ သူ့ခံယူချက် ၊ သူ့ရည်မှန်းချက် ၊ သူ့လုပ်ဆောင်မှုတွေကို အကဲဖြတ်ပါ။ လက်ထပ်ပြီးပြီဆို အချင်းချင်း အပြန်အလှန် နှစ်ချီလို့ နားလည်မှုတွေ တည်ဆောက်ခိုင်မြဲပါမှ ကလေးတာဝန်ခွဲဝေမှု သဘောတူညီချက်တွေနဲ့ ကလေးယူပါ။ ဒီအခါ အိမ်ထောင်လဲသာယာ ၊ ကလေးလဲပျော် ၊ ကိုယ်လဲပျော် ၊ သူလဲပျော်ဖြစ်မှာပေါ့နော်။ တည်ပြီးသားအိမ်ထောင်တိုင်း ခိုင်မြဲစေချင်သလို မိသားစုတိုင်းကိုလည်း ပျော်ရွှင်သာယာတဲ့ မိသားစုလေး ဖြစ်စေချင်ပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like