ကလေးနှင့် ခြင်ဆေး

0

ကလေးနဲ့နီးလေ ဖွံ့ဖြိုးစကလေးအတွက် အန္တရာယ်ရှိလေ
ကလေးနဲ့နီးလေ ဖွံ့ဖြိုးစကလေးအတွက် အန္တရာယ်ရှိလေ

မြန်မာနိုင်ငံရဲ့  ခြင်ပေါတဲ့အရပ်ဒေသတွေမှာ အများစုက ခြင်ဆေးခွေကို အားထားသုံးလေ့ရှိတဲ့အတွက် ဒီအခန်းကဏ္ဍ ထည့်ရေးလိုက်တာပါ။ ကလေးခြင်ထောင် တတ်နိုင်သူတွေက ကလေးကို ခြင်ထောင်နဲ့ သိပ်ရမှာဖြစ်ပြီး ကလေးခြင်ထောင် မတတ်နိုင်သူတွေက ကလေးခြင်မကိုက်အောင် နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ခြင်ခါထားတဲ့ လူကြီးခြင်ထောင်ထဲ ကလေးသိပ်သင့်ပါတယ်။ ဒါဟာ ကလေးကို ခြင်ဆေးခွေထွန်းပြီး သိပ်တာထက် ပိုအန္တရာယ်ကင်းပါတယ်။

တချို့တွေက ခြင်မလာအောင် ကလေးနား ခြင်ဆေးခွေထွန်းပြီးသိပ်တဲ့ မိဘတွေရှိသလို ခြင်ပြေးတဲ့ ဆေးရည်ကို ပလပ်ပေါက်ထဲ ထည့်ထွန်းရတဲ့အရာမျိုး ၊ ဖြန်းတဲ့ ခြင်ဆေးရည်မျိုး ၊ အသံတုန်ခါမှုနဲ့ ခြင်ပြေးအောင်လုပ်တဲ့နည်း စသဖြင့်သော ခြင်ပြေးဆေးတွေက နုငယ်တဲ့ ကလေးတွေ ၊ အကြားအာရုံဖွံ့ဖြိုးဆဲဖြစ်တဲ့ ကလေးတွေအတွက် မသင့်တော်ပါဘူး။ (အသံတုန်ခါနည်းနဲ့ ခြင်ပြေးအောင် သုံးချင်သပဆို ကလေးထားတဲ့အခန်းမဟုတ်ဘဲ အပြင်မှာ သုံးနိုင်ပါတယ်။)
BurmeseHearts Blog

ခြင်ဆေးအနံ့တွေ ၊ အငွေ့တွေက ကလေးအသက်ရှူတဲ့အခါ အခက်အခဲဖြစ်စေသလို ရေရှည်မှာ အဆုတ်ချို့ယွင်းတတ်ပါတယ်။ မထွန်းမဖြစ် ထွန်းရမယ်ဆိုရင် ခြင်တွေ ဝင်လာနိုင်တဲ့ ပြတင်းပေါက်လိုမျိုး တံခါးပေါက်လိုမျိုး ကလေးနဲ့ ခပ်ဝေးဝေးမှာ ထွန်းသင့်ပါတယ်။

တစ်နှစ်အောက် ကလေးကိုယ်မှာ ခြင်ဆေးရည်လိမ်းပေးတာမျိုးကိုလည်း အထူးရှောင်သင့်ပါတယ်။ လိမ်းပေးခဲ့မိရင် နုငယ်တဲ့ ကလေးရဲ့ အရေပြားဖောက်ပြန်လာမှုတွေ ၊ ထိခိုက်လာမှုတွေကို တွေ့ကြုံနိုင်ပါတယ်။ တတ်နိုင်ရင် သုံးနှစ်အရွယ်အထိ ကိုယ်မှာ ခြင်ဆေးရည်လိမ်းပေးတာကို ရှောင်သင့်ပါတယ်။ ပါးစပ်ထဲ ခြေ လက်ထည့်ထားတတ်တဲ့ ကလေးဟာ ဟိုကိုင်ဒီကိုင်ရင်း ပါးစပ်ထဲ လက်ထည့်နိုင်တာမို့လည်း အန္တရာယ်ရှိပါတယ်။

ခြင်ဆေးခွေကိုကိုင်မိလို့ လက်လောင်တာမျိုး ၊ ဆော့ကစားမိလို့ မီးလောင်တာမျိုးကနေ အန္တရာယ်အမျိုးမျိုးရှိတာကြောင့် ကလေးကိုယ်ပေါ် ၊ ကလေးအနီး နှင့် ကလေးရောက်နိုင်တဲ့ နေရာတွေမှာ ခြင်ဆေးအသုံးပြုခြင်းကို ရှောင်သင့်ပါတယ်။

ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်က ထုတ်လုပ်တဲ့ ကလေးသီးသန့်သုံး ခြင်ပြေးစတစ်ကာတွေကို ကလေးရဲ့ အင်္ကျီပေါ်မှာ ကပ်ပေးထားလို့လည်းရပါတယ်။ ပုံမှန်အားဖြင့် သူက နှစ်နာရီအတွင်း အစွမ်းပြလာမှာဖြစ်ပြီး တချို့အမှတ်တံဆိပ်ထုတ် စတစ်ကာတွေကတော့ (၃၆)နာရီအထိ ခံတာလည်း ရှိပါတယ်။ ထုတ်လုပ်တဲ့ ပစ္စည်းအညွှန်းအတိုင်း သေချာလိုက်နာ အသုံးပြုသင့်ပါတယ်။

ရတု(burmesehearts.com)

BurmeseHearts Courses

You might also like