ကလေးတွေကို ရွတ်တတ်ဖို့ထက် ကျင့်တတ်ဖို့ သင်ပေးပါ

0

စကားပြောတတ်ကာစအရွယ်နဲ့ မပီကလာ ၊ ပီကလာ ပြောနေတတ်တဲ့ ကလေးတွေအရွယ်ဟာ ဘာသာစကားလေ့လာမှုအတွက် တကယ့်ကို ချစ်စရာအကောင်းဆုံးအရွယ်တွေပေါ့။ သင်ပေးလိုက်တာလေးတွေ ၊ သူသိတာလေးတွေ ၊ အသံထွက်မှန်တာရော ၊ မမှန်တာရော ပြောနေတာလေးကိုက ဘယ်လိုချစ်စရာကောင်းမှန်းမသိတာနော်။

ဒီလိုအရွယ်လေးတွေဟာ ကြက်တူရွေးလေးတွေကို နှုတ်တိုက်သင်ပေးလိုက်တာတွေ အထပ်ထပ် သတိရတိုင်း ၊ ဆန္ဒရှိတိုင်း ၊ ရွတ်ကောင်းတိုင်း ၊ ရွတ်ခိုင်းတိုင်း ရွတ်နေတတ်တယ်။ ဟာသတွေ သင်ပေးထားရင် သူပြောတဲ့အသံနဲ့ ဟန်က အလိုလိုဟာသပိုဖြစ်နေတယ်။ ကောင်းတာသင်ပေးထားရင် ကြားရသူကို ပျော်ရွှင်ကြည်နူးစေပြီး မကောင်းတာသင်ပေးထားရင် မသိတတ် ၊ သိတတ် ရွတ်နေတဲ့ကလေးဟာ တဖက်လူစိတ်ထဲမှာ အလိုလို မြင်ပြင်းကပ်စရာလေး ဖြစ်နေမှာပေါ့။ ဒါကြောင့် ကလေးကို ဘာတွေသင်ပေးသလဲ ၊ သူဘာတွေ ပြောဆိုရွတ်ဖတ်နေတတ်သလဲဆိုတာ ဂရုစိုက်ပေးဖို့ လိုပါတယ်။

ကောင်းတာသင်ပေးရင် ကောင်းတာလေး ကလေးရဲ့စိတ်ထဲ သွင်းပေးလိုက်သလို မကောင်းတာသင်ပေးလိုက်ရင်တော့ မကောင်းတဲ့စိတ် ကလေးဆီမှာ အနည်းနဲ့အများ ဝင်သွားတာပေါ့။ ဆဲတာသင်ပေးထားလို့ ဆဲတတ်သွားတဲ့ကလေးဟာ သူစိတ်ဆိုးဒေါသထွက်တိုင်း ၊ စိတ်မကျေနပ်တိုင်း ဆဲတော့မှာပေါ့။ ဒီအခါ ဆဲတဲ့ကလေးဟာ အရိုက်ခံ ၊ အဆော်ခံရလို့ တဗြဲဗြဲငိုရပေဦးမယ်။ တကယ်တော့ ဆဲတဲ့ကလေးအပြစ်ထက် ကလေးကို ဆဲတတ်အောင် သင်ပေးတဲ့လူကြီးတွေအပြစ်ပါ။ မိဘက မသင်ပေးသည့်တိုင် ဆဲတတ်တဲ့သူတွေ ကလေးအနားမှာရှိနေရင် ကလေးဟာ သူကြားတာကို ကြက်တူရွေးလို သံယောင်လိုက်ပြီး ပြောမှာပါ။ စပြောခါစကတော့ ဟာသလိုပဲ ရယ်ကြမှာပေါ့။ ကလေးကို ဆိုဆုံးမနေတဲ့အချိန် ၊ သွားစတဲ့အချိန် အဲဒီစကားလုံးတွေနဲ့ ကလေးက ကိုယ့်ပြန်ဆဲရင် ဒီလိုပဲ ရယ်နေနိုင်ဦးမှာလား။ ဒါကြောင့် ကလေးဆဲတယ်လို့ စကြားတဲ့အချိန်မှာကတည်းက ဒါဟာ မပြောကောင်းတဲ့စကားအနေနဲ့ ဟန့်ပြီးတားရမှာ ၊ နောင်မပြောအောင် လုံးဝနားလည်တဲ့အထိ တားရမှာဖြစ်ပါတယ်။ မကောင်းတဲ့အပြုအမူတွေကိုလည်း စသတိထားမိတာနဲ့ နောက်တကြိမ်ဆိုတာ စောင့်မနေဘဲ ဒီအတိုင်း နားလည်အောင်ပြောဆို တားဆီးရမှာဖြစ်ပါတယ်။

ကောင်းတဲ့ဟာလေးသင်ပေးတော့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘုရားရှိခိုးနေပုံလေးတွေ ၊ လူကြီးသူမသိတတ်နေပုံလေးတွေ ၊ ဘုရားစာကို မပီကလာ ပီကလာ ဆိုနေပုံလေးတွေဟာ တဘက်မြင်ရ ၊ ကြားရသူအဖို့ ဘဝင်အေးစရာပါ။ မကောင်းတာရွတ်နေတာထက် ကောင်းတာရွတ်နေတာ ကောင်းပါတယ်။ ဒါပေမယ့် ဒါဟာ အကောင်းဆုံးတော့ မဟုတ်ပါဘူး။ ဘယ်ဘာသာတရားမှာပဲဖြစ်ဖြစ် သူတပါးကို မညှဉ်းဆဲမသတ်ဖြတ်ဖို့ ၊ သူ့ဥစ္စာမခိုးဖို့ ၊ လူ့ကျင့်ဝတ်အတိုင်း သူများသားမယားတွေကို မပြစ်မှားကြဖို့ဆိုတာတွေကို အခြေခံအဖြစ် သင်ယူကြရပါတယ်။ ဒီလိုမသင်ထား ၊ မသိထားရင် လူ့ကျင့်ဝတ်တွေ ဖောက်ပြန်ကုန်ကြတာပေါ့။

ဗုဒ္ဓဘာသာမှာတော့ နေ့စဉ်လုံသင့်တာ ကံငါးပါးဖြစ်တဲ့ ငါးပါးသီလပေါ့။ ငယ်ငယ်လေးနဲ့ ငါးပါးသီလကို အလွတ်ရွတ်တတ်တယ် ၊ ဘာဆိုတာ ရှင်းပြတတ်တယ်ဆိုရင် ကလေးဘေးက မိဘတွေဟာ နှုတ်တိုက်သင်တဲ့နေရာမှာ အလွန်တော်သူတွေပေါ့။ တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုး ဆိုသလို ဘယ်လိုလူမျိုးတွေနဲ့ ကလေးဟာ အချိန်များများ အဖော်ပြုနေရသလဲအပေါ်မူတည်ပြီး ကလေးရဲ့ အပြုအမူ ၊ အပြောအဆိုဟာလည်း ပြောင်းလဲသွားပါတယ်။ ဒါပေမယ့်လေ ကျွန်မကတော့ ရွတ်တတ်ဖို့ထက် ကျင့်တတ်ဖို့ကို သင်ပြပေးဖို့ လူကြီးမိဘ ဆရာသမားတွေကို တိုက်တွန်းချင်ပါတယ်။

ကျွန်မဟာ ဗုဒ္ဓဘာသာပါ။ သမီးကိုလည်း ကိုးကွယ်တဲ့ဘာသာမှာ ဗုဒ္ဓဘာသာလို့ ရေးသားထားခဲ့တယ်။ မရေးမဖြစ် ရေးရမယ့် အခြေအနေမို့လို့သာ အဲဒီလိုရေးရတာ ကျွန်မက မိရိုးဖလာဗုဒ္ဓဘာသာဖြစ်ဖို့ထက် သူ့ယုံကြည်မှုအရ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်တာမျိုးပဲ ဖြစ်စေချင်ပါတယ်။ သူ့ယုံကြည်မှုအရ ကိုးကွယ်တာမျိုးဆိုရင် ဘယ်ဘာသာကဆွယ်ဆွယ် ၊ ဘယ်သူဖျက်ဖျက် ပျက်ပြယ်သွားဖို့မရှိတော့သလို ဗုဒ္ဓဘာသာအမည်ခံပြီး ဘာသာတရားနဲ့မလျော် ကိုယ်လုပ်ချင်ရာ လုပ်နေတာမျိုးတွေ မရှိနိုင်တော့ဘူးပေါ့။

ကျွန်မသိနားလည်ထားသလောက် ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ အနိမ့်ဆုံးတရားအကျင့်ဟာ ငါးပါးသီလဖြစ်ပြီး အမြင့်ဆုံးတရားအကျင့်ဟာ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်တဲ့ ဝိပဿ      နာ (တရားကျင့်ခြင်း) ဖြစ်ပါတယ်။ ဒီတော့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာတဲ့ သမီးကို ဘာသာတရား ဘာမှ နားမလည်သေးတဲ့ သူ့အရွယ်လေးနဲ့ ထိုက်သင့်တဲ့အကျင့်တွေကို သင်ပေးရမှာ ၊ ဘာသာတရား မျိုးစေ့ချပေးရမှာလည်း မိဘတာဝန်ပဲပေါ့။

ကလေးဟာငယ်သေးတာနဲ့အမျှ “ကာမေသုမိစ္ဆာစာရာ” (သူတပါးသားမယားပြစ်မှားခြင်း) နဲ့ “သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ” (သေရည်သေရက်သောက်စားခြင်း)ဆိုတဲ့ နှစ်ချက်ကို သူနားလည်မယ့် အရွယ်တိုင်တဲ့အချိန်အထိ ခဏချန်ထားပါတယ်။ သူ့အဖေက သေရည်နဲ့ ဆေးလိပ်စတဲ့ မူးယစ်စေတတ်တာတွေ လုံးဝမသောက်သုံးတတ်တော့ သူ့ပတ်ဝန်းကျင်မှာ ဒီလိုသောက်စားတတ်သူတွေမရှိဘူးလေ။ ဒါကြောင့် ဒီဟာ မကောင်းဘူးလို့ ထူးမသင်သေးဘဲ လိုအပ်တာတွေကိုပဲ ဦးစားပေး လေ့ကျင့်ပေးခဲ့တာပါ။

“ပါဏာတိပါတာ” ဆိုတဲ့ သူ့အသက်သတ်ခြင်းကို ရှောင်ရမယ်လို့ပြောရင် အမိန့်တစ်ခုလိုဖြစ်နေတဲ့အတွက် ကလေးဟာ ရှောင်ချင်မှရှောင်မှာပါ။ ဒါကြောင့် ကျွန်မဟာ သတ္တဝါတွေကို စာနာသနားတတ်ဖို့ကို ကိုယ်ချင်စာစိတ် သင်ပေးခဲ့ပါတယ်။ တစ်နှစ်ခွဲဝန်းကျင်မှာ ပုရွဲဆိတ်ကလေးတွေ ၊ လိပ်ပြာကလေးတွေ ၊ ငှက်ကလေးတွေကို သတိထားမိလာတဲ့ကလေး ၊ စူးစမ်းလေ့လာတတ်လာပြီဖြစ်တဲ့ကလေးကို အသက်ရဲ့တန်ဖိုး ၊ နာကျင်မှုရဲ့ခါးသီးခြင်းဆိုတာကို ကိုယ်ချင်းစာတတ်ဖို့ ကျွန်မဟာ သူနာကျင်တိုင်း ပြောဆိုသင်ပြပေးခဲ့ပါတယ်။

ကလေးဟာ ကိုယ်ချင်းစာတရားကို နားလည်သွားတဲ့အခါမှာ နာကျင်မှုခံစားသွားရတဲ့ တပါးသူ (အခြားသတ္တဝါတွေ)ကို သနားတတ်လာတယ်။ ဒီစိတ်ဟာ အရေးကြီးပါတယ်။ တပါးသူကို သနားတတ်မှ တပါးသူကို နာကျင်အောင်မလုပ်မှာ ၊ တပါးသူကို ကိုယ်ချင်းစာပြီးဆက်ဆံမှာ ၊ အားနည်းသူကို ညှာတာတတ်မှာ ဖြစ်ပါတယ်။

သနားတတ်လာပြီးတာနဲ့ နောက်တဆင့်မှာ ဖေးမတတ်ဖို့ကို ကျွန်မသင်ပေးပါတယ်။ နာကျင်သွားတဲ့သူကို ထူကယ်ပေးတာ ၊ သူ့အနာသက်သာအောင် ဖြောင်းဖျပြောဆိုတာ ၊ သူ့ထက်ငယ်တဲ့သူ အားနည်းတဲ့သူတွေကို သနားစိတ်နဲ့ ညှာတာတတ်အောင် သင်ပေးတာ ဒါတွေဟာ တဆင့်ချင်း ဆက်စပ်နေတယ်လေ။

သနားညှာတာစိတ်တွေ ကိန်းအောင်းသွားတဲ့ ကလေးဟာ ပုရွဲဆိတ်ကလေးတွေမြင်ရင် စူးစမ်းစိတ် ၊ ပျော်ရွှင်နှစ်လိုစိတ်နဲ့ကြည့်ပေမယ့် လက်နဲ့ချေတာမျိုးတွေ မလုပ်တော့ဘူး။ ငှက်ကလေးတွေမြင်ရင် နှစ်လိုပျော်ရွှင်တာမျိုးရှိပေမယ့် ဘာသာဘာဝနေထိုင်တဲ့ တရိစ္ဆာန်တွေ ၊ ခွေးတွေကို တွေ့ရာနဲ့ ကောက်ပေါက်ခြောက်တတ်တာမျိုး မလုပ်ဘူး။ တနည်းအားဖြင့် သတ္တဝါတွေကို ဒုက္ခမပေးတော့ဘူးပေါ့။ ဒါဟာ “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” လို့ နှုတ်တိုက်ရွတ်တတ်ဖို့ သင်ပေးလိုက်တာထက် သူ့တသက်တာ ကျင့်ကြံနေထိုင်သွားတတ်ဖို့ သင်ပေးလိုက်ခြင်းပါ။

“အဒိန္နာဒါနာ” ဆိုတဲ့ တပါးသူဥစ္စာခိုးယူခြင်းဆိုတဲ့အရာကိုလည်း မခိုးရဘူးလို့ အမိန့်တစ်ခုလို ကျွန်မဟာ နှုတ်တိုက်မသင်ပေးခဲ့ပါဘူး။ တပါးသူပစ္စည်းခိုးဖို့ဆိုတာ တခြားသူပစ္စည်းကို နှစ်သက်သဘောကျတဲ့မျက်စိနဲ့ အရင်ကြည့်တတ်ဖို့လိုတယ်လို ကျွန်မခံယူတယ်လေ။ ဒီကတဆင့်မှာ ထိကြည့်ကိုင်ကြည့်ရာက ရယူလိုစိတ်တွေ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ပြီး ခိုးယူတာဖြစ်ပါတယ်။ တချို့ကျတော့လည်း ခိုးကျင့်ဖြစ်ပြီး ခိုးတာကျွမ်းကျင်သွားတော့ ဝမ်းစာအတွက် ခိုးပဲခိုးနေတော့တယ်နော်။ ဒီလိုစိတ်မျိုးတွေမဖြစ်ဖို့ အစကနဦးဖြစ်တဲ့ တပါးသူပစ္စည်းကို စိတ်ဝင်စားတဲ့စိတ် အမြစ်နှုတ်ဖျောက်ထားဖို့လိုပါတယ်။

BurmeseHearts Blog

လူ့လောကထဲရောက်လာကာစ ကလေးဘာသာဘာဝအရ သူမတွေ့မမြင်ဖူးတာတွေ အများကြီးပဲလေ။ အသစ်အဆန်းတွေ စုံစေ့နေတဲ့ ဒီဘက်ခေတ်ကြီးထဲမှာလည်း ပစ္စည်းချင်းတူရင်တောင် အမျိုးအစားမတူတာ ၊ ပုံစံကွဲနေတာ ၊ အရောင်ကွဲနေတာတွေလည်း ပေါမှပေါပဲ။ ဒါတွေနောက်မလိုက်ဖို့ဆိုရင် ကိုယ်ရှိတာလေးနဲ့ ကျေနပ်တတ်စိတ်ကို အရင်လေ့ကျင့်ပေးထားဖို့ လိုပါတယ်။ ကျွန်မသမီးက မသိတတ်ခင်ကတည်းက ဘောလုံးဆိုရင် လက်နှစ်ဖက်လုံးရှိမှ ၊ ပူဖောင်းဆိုရင်လည်း လက်နှစ်ဖက်လုံးရှိမှ ဘာမဆို နှစ်ဖက်စလုံးမှာ စုံရှိနေမှကျေနပ်တတ်တာဆိုတော့ တစ်ယောက်တစ်ခုပေးစတမ်းဆို သူဟာ တစ်ခုတည်းနဲ့ မကျေနပ်တတ်ပါဘူး။

ဒါဟာ သူများလက်ထဲကဟာ လိုချင်တာထက်ကို သူ့လက်ထဲမှာ နှစ်ဖက်လုံး အပြည့်ကိုင်ထားရမှ ကျေနပ်တတ်တဲ့စိတ်ပါ။ လက်နှစ်ဖက်လုံးမှာရသွားရင်တော့ နောက်ထပ် စိတ်မဝင်စားတတ်တော့တာမို့ ကျွန်မတို့ဟာ ဘောလုံးတွေ ၊ ပူဖောင်း ၊ ပူစီဖောင်း ၊ ကား ဆိုတာတွေကို သူနဲ့သွားလေရာ အမြဲအပိုယူသွားရပါတယ်။ သူ့စိတ်ဝင်စားမှုက ဒါတွေကိုး။ ဒီလိုယူသွားမှလည်း သူများလက်ထဲကဟာ ရယူလိုစိတ်မရှိတော့မှာလေ။ ယူသွားဖို့မေ့သွားခဲ့ရင်တော့ တခြားဟာတွေနဲ့သူ့ကို စိတ်ပြောင်းစိတ်လွှဲ လုပ်ရတာပေါ့။

ကိုယ့်မှာရှိတာနဲ့ ကျေနပ်တတ်စိတ် ကိန်းအောင်းသွားတဲ့အခါ သူများတဲ့ဟာတွေကို ပိုင်ရှင်သဘောမတူဘဲ ၊ အုပ်ထိန်းသူတွေခွင့်မပြုဘဲ မကိုင်ရဘူးလို့ သင်ပေးထားပါတယ်။ ကိုယ့်ရှိတာနဲ့ ကျေနပ်စိတ်ကလေးဖြစ်နေတော့ ရွယ်တူကလေးလက်ထဲကဟာကို စူးစမ်းချင်စိတ်ကလေးနဲ့ ကြည့်သည့်တိုင် ဆွဲယူလိုက်တာမျိုး မရှိဘူး။ တပါးသူက ဆော့ပါ ၊ ယူပါလို့ပေးသည့်တိုင် ကိုယ့်ရှိနေတာကိုပဲ ကျေနပ်တော့ သူများပစ္စည်းတွေနဲ့ ကိုယ့်ပျော်ရွှင်မှုကို လုပ်မယူနေတော့ဘူး။ ဆိုလိုတာက သူများပေးလည်း ကိုယ့်ရှိတာကိုပဲ တန်ဖိုးထားတတ်တာပေါ့။ သူများပစ္စည်းကို ခဏတာတောင်မှ လိုချင်မက်မောစိတ် မရှိဘူးပေါ့။

မုသာဝါဒါကတော့ သူ့ကိုညာပြောမယ့်သူမရှိရင် သူကလည်း ညာပြောမှာမဟုတ်ပါဘူး။ ညာပြောတတ်သူတွေနဲ့ ရင်းနှီးပေါင်းသင်းမိပါမှ ၊ လက်ပွန်းတတီးရှိပါမှ ညာပြောတတ်လာမှာဖြစ်ပါတယ်။ ညာပြောတဲ့ ရုပ်သံတွေ ၊ လှည့်စားတတ်တဲ့ ရုပ်သံဇတ်လမ်းတွေ ကြည့်မိရင်တော့ ဒီအကျင့်တွေ ကူးနိုင်တယ်လေ။ ဒီလိုညာပြောလာတာကို သိသိချင်းမှာလည်း မိသားစုထဲ ဘယ်သူကညာပြောလဲ ၊ ညာပြောတာမကောင်းလို့ မိသားစုထဲ ဘယ်သူမှ ညာမပြောဘူး။ တခါညာပြောစရှိရင် သူပြောတဲ့စကား တပါးသူယုံတော့မှာမဟုတ်ဘူး ဆိုတာတွေ နားလည်အောင် ပြောပြသင်ပေးတဲ့အခါမှာ ညာပြောတတ်တာမျိုး နည်းလာမှာပါ။

ညာပြောတယ်ဆိုတာက တကယ့်ကို လွယ်လွယ်လေး ချိုးဖောက်မိနေကြတယ်နော်။ ကိုယ့်အတွက် အကျိုးရှိရှိ ၊ မရှိရှိ ဘာရယ်မဟုတ် ညာပြောမိကြတယ်။ တခါတလေ (White Lie) လို့ခေါ်တဲ့ အလိမ်စကားကို တပါးသူမပူပင်အောင် ၊ စိတ်ချမ်းသာအောင် လိမ်ညာပြောကြပြန်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒီကံကို လုံးဝမချိုးဖောက်ဖြစ်အောင်ထိန်းဖို့ မလွယ်သေးပါဘူး။ လူများများနဲ့ ဆက်ဆံနေရလေ ချိုးဖောက်မိဖို့ လွယ်လေလားမသိဘူးနော်။ မလှတဲ့သူက အကျအနပြင်ထားပြီး လှလားလို့မေးရင် အမှန်အတိုင်း မလှဘူးပြောရင် သူစိတ်ဆင်းရဲသွားမှာဖြစ်သလို သူ့အကြိုက်လှတယ်ပြောပြန်တော့လည်း မဟုတ်မှန်တဲ့ မုသာဝါဒ ဆိုမိသွားပြန်ရော ။ ဥပမာပေးတာပါ။ ဒီတော့ ဒီကံကို ထိန်းနိုင်သမျှ လုံအောင်ထိန်းကြဖို့ပဲလိုတာပါ။ လုံးဝလုံဖို့ဆို အပေါ်ယံဆက်ဆံမှုတွေနဲ့ ဝေးသထက်ဝေးနိုင်မှပဲဖြစ်မယ်လေ။

ကျွန်မက ကျွန်မ သမီးကို ပညာရှိဖြစ်ဖို့ထက် ပညာတတ်ဖြစ်ဖို့ကိုပဲ ဦးစားပေးချင်တယ်။ ကျွန်မနားလည်ထားတဲ့ ပညာရှိနဲ့ ပညာတတ် ကွဲပြားချက်ကို ပြောပြမယ်နော်။ ပညာရှိဆိုတာ ကျွန်မအမြင်မှာ စာချပုဂ္ဂိုလ်လိုပဲ။ ပညာတတ်ဆိုတာကျတော့ တရားပြပုဂ္ဂိုလ်လိုပဲ။ ပညာရှိဆိုတာက သူလေ့လာထားတာတွေနဲ့ ဝေမျှလို့ရတယ်လေ။ ပညာတတ်ဖြစ်ဖို့ကျတော့ သူကျင့်ထားတဲ့အသိနဲ့ ဝေမျှရတာပါ။ တချို့တွေက သိပေမယ့် သိတဲ့အတိုင်း ကျင့်ချင်မှကျင့်တာလေ။ ကျွန်မ နှစ်ခြိုက်တဲ့စကားတစ်ခုရှိတယ်။ သိပြီးမကျင့်သေးရင် မသိသေးလို့ပဲတဲ့။ တရားကိုသိပြီး တရားကို မကျင့်နိုင်သေးရင် ၊ မလိုက်နာနိုင်သေးရင် တကယ်မသိသေးလို့ဖြစ်ပါတယ်။ ဒါဟာ ပညာရှိနဲ့ပညာတတ် ကွဲပြားချက်ပဲပေါ့။

ရွတ်သာရွတ်ပြီး ကိုယ်ရွတ်တာ မကျင့်ဘူးဆိုရင် ကိုယ်ရွတ်တာ ဘာမှန်းမသိတာနဲ့ ဘာထူးသေးလို့လဲ။ ပါးစပ်က ဘုရား ဘုရား လက်က ကားယား ကားယား ဆိုသူတွေကလည်း ရွတ်သာရွတ်ပြီး မသိသူတွေပါပဲ။ ရွတ်တာတမျိုး ၊ လုပ်တာတမျိုးလေ။ တခါတလေ ဆန့်ကျင်ဘက်တွေဖြစ်နေတော့ ကိုယ်ရွတ်နေတဲ့စာတွေ ၊ ကိုယ်ကိုးကွယ်တဲ့ဘာသာဟာ တန်ဖိုးမဲ့သွားတာပေါ့။ ကလေးဘဝတသက်တာလုံး သူလူတလုံးသူတလုံး အိမ်ထောင်ရက်သားကျပြီးတဲ့အထိ ကိုယ်က အမြဲ(၂၄)နာရီလုံး ဘေးကနေ လိုက်ကြည့် မပြောနိုင်ပါဘူး။ ပြောနိုင်လှ ဆယ်ကျော်သက်စွန်းစွန်း အရွယ်လောက်ပဲပေါ့။ မြီးကောင်ပေါက်ဆိုတာနဲ့ သူ့ဘာသာသူ ပျံသန်းထွက်ခွါသွားဖို့ အတောင်တွေ တဖြန့်ဖြန့်နဲ့လေ။

ကလေးတွေကို ဘဝတသက်တာလုံး သူ့အသိနဲ့ ကျင့်ကြံနေထိုင်သွားနိုင်အောင် အသိကလေးစွဲနေအောင် ထည့်ပေးရမှာဖြစ်ပါတယ်။ ရွတ်စေချင်တာလား ၊ သိစေချင်တာလားနော်။ ရွတ်စေချင်တယ်ဆို နှုတ်တိုက်သင်ပေးပါ။ သိစေချင်တယ်ဆို အကြောင်း ၊ အကျိုး ဝေဖန်းပိုင်းခြားပြောပြလို့ အသိတရားကို မျိုးစေ့ချပြီး ကလေးကို စွဲစွဲမြဲမြဲသိသွားအောင် ၊ ဒီအသိကနေ သူ့ဘဝတသက်တာလုံး ကျင့်ကြံနေထိုင်သွားအောင် လုပ်ပါလေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like