ကလေးသူငယ်တွေရဲ့ စိတ်အခြေခံကိုသိနိုင်ဖို့ဆိုရင်

0

ကလေးကမ္ဘာ

ရင်ဖွင့်ပြောဆိုခြင်းဆိုတာ စိတ်ဖိစီးမှု လျှော့ချဖို့အတွက် အထူး အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုပါပဲ။ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ (အထူးသဖြင့် အနောက်နိုင်ငံတွေမှာ) Psychotherapy လို့ခေါ်တဲ့ စိတ်ပညာရှင်တွေနဲ့ ရင်ဖွင့်ပြောဆိုခြင်းတွေအပြင် Therapy ဆိုတဲ့ခေါင်းစဉ်နဲ့ အစုအဖွဲ့တွေ အမြောက်အမြား ရှိနေပါတယ်။

ဒီအဖွဲ့တွေ ဘာကြောင့် များလာသလဲဆိုရင် ဒီအဖွဲ့ဝင်ဖြစ်လာပြီး ရင်ဖွင့်ပြောဆိုကြရာကနေ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် နားလည်လာမှု ၊ ကိုယ့်ထက်ဆိုးတဲ့သူတွေရှိနေတာကို သိမြင်လာပြီး စိတ်ဓါတ်ကျနေရာကနေ ပြန်တက်လာတာ ၊ ရင်ဖွင့်ပြောဆိုရင်း သက်သာလာတာ ၊ နှစ်သိမ့်ပြောဆိုကြသူတွေကြောင့် နေသာထိုင်သာ ရှိလာတာ ၊ အားပေးမှုတွေကြောင့် အားတက်လာတာတွေကြောင့် ဖြစ်ပါတယ်။

နိုင်ငံစီးပွားရေးအခြေအနေ ၊ ဝမ်းရေးဖွေရှာနေရတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ ကိုယ်ယုံကြည်စိတ်ချရမယ်ထင်တဲ့ ၊ ကိုယ်နဲ့ စိတ်ချင်းနီးစပ်သူတွေ ၊ မိဘဆွေမျိုး မောင်နှမတွေကို ရင်ဖွင့်ပြောပြရင်း သူတို့ရဲ့ အားပေးနှစ်သိမ်မှု ၊ နားလည်ပေးမှု ၊ ဖေးမမှုတွေကြောင့် စိတ်ဓါတ်ကျနေတဲ့ အခြေအနေက နေသာထိုင်သာရှိလာတာ ၊အား ပြန်တက်လာတာတွေ ခံစားကြရပါတယ်။

စိတ်ဖိစီးမှုဆိုတာ အရွယ်ရောက်သူချည်းပဲ ခံစားကြရတာ မဟုတ်ပါဘူး။ အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက်တွေအပြင် ကလေးသူငယ်တွေလည်း စိတ်ဖိစီးမှု အထွေထွေကို ခံစားကြရပါတယ်။ ကိုယ်လိုချင်တာ မရနိုင်တာ ၊ ကိုယ်လုပ်ချင်တာ လုပ်ခွင့်မရတာ ၊ ကိုယ်နေချင်သူနဲ့ အတူမနေရတာ ၊ ကိုယ်မနေချင်သူနဲ့ အတူနေရတာ ၊ ဖြစ်နေတာတွေကို စိတ်တိုင်းမကျတာ ၊ ဖြစ်ချင်တာတွေကို ဖြစ်ခွင့်မရတာတွေ ခံစားကြရသူတိုင်း စိတ်ဖိစီးမှုခံနေရပါတယ်။

ပေါင်းသင်းဆက်ဆံမှုမှာ ကဏ္ဍကျယ်ပြန့်လာပြီဖြစ်တဲ့ အရွယ်ရောက်သူတွေနဲ့ သူငယ်ချင်းမိတ်ဆွေ ရှိလာပြီဖြစ်တဲ့ အရွယ်တွေဟာ မိသားစု ၊ ဆွေမျိုးကို ကိုယ့်စိတ်ဖိစီးမှု ဖွင့်မပြောဖြစ်သည့်တိုင် ကိုယ့်နားလည် နှစ်သိမ့်မှုပေးနိုင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ရင်ဖွင့်ရင်း စိတ်ဖိစီးမှု သက်သာရာရကြတယ်။ အိမ်ထဲမှာပဲ အချိန်ကုန်ရတဲ့ ကလေးသူငယ်တွေအပါအဝင် သူငယ်ချင်းတွေနဲ့ ပြောဆိုဆက်ဆံမှု နည်းပါးသေးတဲ့ မူကြိုကလေးအရွယ်တွေအတွက် စိတ်ဖိစီးမှုလျှော့ချပေးနိုင်ဖို့ နည်းလမ်းရှာပေးရမှာပါ။

သူတို့ရဲ့ခံစားချက် ၊ ရင်ဖွင့်လာတာတွေကို အုပ်ထိန်းသူ လူကြီးမိဘက နားထောင်ပေးသလား။ ဒီလိုနားထောင်တဲ့နေရာမှာ သူတို့ခံစားချက်ဆိုတာ သိချင်စိတ်နဲ့ ဦးစားပေးနားထောင်ရမှာမို့ ကလေးပြောလာတဲ့စကားတွေဟာ ကိုယ်ဘဝင်မကျစရာပါလာရင်တောင် သူပြောချင်တာတွေ ဆုံးတဲ့အထိ တချက်ချင်းစီမှတ်သားလို့ စိတ်ရှည်လက်ရှည် နားထောင်ပေးရမှာပါ။ သူ့စကားမဆုံးခင် ကိုယ့်ဘက်က ခံစားချက်ကို မျက်လုံးအကြည့် ၊ မျက်နှာအမူအရာ ၊ စကားပြောဆိုမှု ဘာမှ ပြောင်းလဲသွားခြင်းမရှိဘဲ (အထူးသဖြင့် စိတ်တိုတောင်းသွားသည့် အမူအရာနဲ့ ၊ ဆူပူပြောဆိုမှု ၊ ရိုက်နှက်ဒဏ်ပေးမှုတွေ မလုပ်ဘဲ) နားထောင်ပေးရမှာပါ။

ကိုယ်သဘောမကျတဲ့ တစ်ချက်ဝင်လာတာနဲ့ သူစကားမဆုံးခင် ဆူပူရိုက်နှက်ဒဏ်ပေးလိုက်မယ်ဆို နောက်ထပ် သူပြောဆိုရင်ဖွင့်ချင်တာတွေ ကိုယ်သိခွင့်ရလိုက်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကလေးဟာ နောက်တကြိမ်မှာ သူခံစားရတဲ့အတိုင်း ရင်ဖွင့်ပြောဆိုဖို့ ကြောက်ရွံ့သွားနိုင်တယ်လေ။ ကြောက်စိတ်နဲ့ ရင်မဖွင့်တော့တဲ့အခါ သူ့ရင်ထဲက ခံစားချက်အမှန်တွေ မသိရတော့ဘူးပေါ့။ ဒီအခါ သူ့စိတ်ထဲက မှားယွင်းစွာ တွေးခေါ်ယုံကြည်ထားတာတွေ ၊ အထင်မြင်လွဲမှားနေတာတွေ ၊ စိတ်ဖိစီးမှုရှိနေတာတွေကို ကိုယ်က ဘယ်လို နားလည်အောင်ဖြေရှင်းလို့ ရနိုင်မလဲ။ လမ်းမှန်ကိုတည့်မတ်ပေးနိုင်မလဲ။

လူကြီးမိဘတွေဟာ မိမိရဲ့ကလေးတွေကို တကယ်ပဲဂရုစိုက်ချစ်ခင်တယ်ဆို သူတို့ရင်ထဲက ခံစားချက်တွေ ၊ အတွေးအမြင်တွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးပြီး ဖြစ်နိုင်ရင် တချက်ချင်းစီ ချမှတ်သားထားလို့ ဘယ်အချက်ဟာ ဘာဖြစ်လို့ ဒီလိုဖြစ်သွားရတယ် ၊ ဘယ်အချက်ကတော့ ကလေးဘက်ကမှန်တယ် ၊ ဘယ်အချက်ကတော့ ဘယ်သူကလစ်ဟာသွားခဲ့တာ စသဖြင့် အကျိုးသင့် အကြောင်းသင့် ကလေးနားလည်အောင် ပြောဆိုတည့်မတ်ပေးဖို့ လိုပါတယ်။

ရာနှုန်းပြည့်မှန်ကန်သူမရှိတဲ့ လောကကြီးထဲမှာ လူကြီးမိဘတွေရဲ့ လုပ်ကိုင်ပြောဆိုမှုတွေဟာလည်း မှားယွင်းသွားနိုင်တယ်။ ဒီလိုမှားယွင်းမှုကြောင့် ကလေးစိတ်ဖိစီးမှုဖြစ်ရတယ် ၊ မပျော်မရွှင်ဖြစ်သွားရတယ်ဆို အမှားလုပ်တဲ့သူက မိမိကိုယ်တိုင်ဆို ကလေးကို ခွင့်လွှတ်မှုပေးဖို့ တောင်းပန်ပြီး နောင်ဒီလိုထပ်မမှားအောင် ဆင်ခြင်မယ်လို့ ပြောဆိုရပါမယ်။ ဒါဟာ ကလေးကို ကိုယ်မှားရင် ဝန်ချတောင်းပန်ရမယ်ဆိုတဲ့အကျင့် သင်ပေးရင် ကိုယ်တိုင်လုပ်ဆောင်ပြလိုက်တာပါ။

BurmeseHearts Blog

နောက်ပိုင်းမှာ ကိုယ်တိုင်က ဒီလိုထပ်မမှားအောင် ဆင်ခြင်လိုက်မယ်ဆိုရင် တူညီတဲ့အမှားတစ်ခုကို ထပ်ခါထပ်ခါ မမှားရဘူး ၊ အမှားတွေက သင်ယူပြီး အမှန်ကို လေ့ကျင့် လုပ်ကိုင်ရမယ်လို့ ကိုယ်က လုပ်ကိုင်ပြလိုက်တာပါ။ နောင်ကလေးမှားတဲ့အခါမှာလည်း ထပ်ခါ ထပ်ခါ အမှားတွေမလုပ်ဖို့ သင်ရလွယ်လာပါတယ်။ တစ်ဦးဦးက ကလေးအပေါ် မှားယွင်းစွာ ပြုမူဆက်ဆံခဲ့လို့ ကလေးဟာ မပျော်မရွှင်ဖြစ်ရတယ် ၊ စိတ်ဖိစီးမှုဖြစ်ရတယ်။ ဒီလိုဆိုရင် ကလေးအပေါ် ဒီလိုလုပ်တဲ့သူဟာ မိသားစုထဲကလား ၊ အိမ်ထဲကလား ၊ အပြင်ကလား အဲဒီအပေါ်မူတည်လို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်ဖို့ လိုလာပါပြီ။ ကလေးစိတ်ကို ထပ်ခါ ထပ်ခါ မနာကျင်စေဖို့ ၊ ထပ်ခါ ထပ်ခါ စိတ်ဖိစီးမှုတွေ မဖြစ်စေဖို့ ဒီလိုလုပ်သူတွေရဲ့ အဝေးမှာ ကလေးကိုထားရှိနိုင်ဖို့ နည်းလမ်းရှာရပါတော့မယ်။

ကိုယ့်ကလေးကို တခြားကလေးက အနိုင်ကျင့်လိုက်တယ်ဆိုရင် ဒီကလေးနဲ့ ကလေးအမေကို သွားပြီးရန်တွေ့ပြောဆိုတာထက် အနိုင်ကျင့်ခံရတဲ့ မိမိကလေးကို အရင်ဆုံးနှစ်သိမ့်မှုပေးလို့ စိတ်ခံစားမှုတွေ ပြေပျောက်အောင် အရင်လုပ်ရမှာပါ။ လောကကြီးမှာ လူကောင်းချည်းပဲမဟုတ်ဘဲ လူဆိုးတွေလည်းရှိတယ်လို့ သင်ပြပြီး အနိုင်ကျင့်တဲ့ကလေးတွေကို ဘယ်လိုရှောင်ကျဉ်နေထိုင်ဖို့ သင်ပြပြောဆိုပါ။ ကိုယ်တိုင်က မိဘတစ်ယောက်အနေနဲ့ ကျောင်းကဆရာတွေကို ပြောပြပါ။ ၊ အနိုင်ကျင့်တဲ့ ကလေးရဲ့ မိဘတွေနဲ့ အခါအခွင့်သင့်တယ်ဆို (ဆွေးနွေးလို့ရနိုင်တဲ့သူတွေဆို) ဆွေးနွေးကြည့်ပါ။

တဘက်ကလေးရဲ့ မိဘတွေကိုယ်တိုင်က ဒီလိုစရိုက်မျိုးရှိပြီး သူတို့ကလေးကို ဒီစရိုက်ရှိနေတာ အမှားတစ်ခုလို မမြင်ဘူးဆိုရင် ကိုယ့်ကလေးကို ဘယ်လိုမျိုး ကာကွယ်မှု ပေးနိုင်လဲလို့ပဲ တွေးရမှာပါ။ ကျောင်းပြောင်းပေးမလား ၊ သူတို့နဲ့ကစားခွင့် ပိတ်ပင်မလား ၊ ကိုယ့်အိမ်မှာ ကိုယ့်ကလေးသူငယ်ချင်းတွေကို ဖိတ်ခေါ်ကစားခွင့်ပေးမလား စသဖြင့်ကို ကိုယ်တိုင်ရွေးရမှာပါ။

အနိုင်ကျင့်တဲ့သူကို မခံနဲ့ပြန်လုပ်ခဲ့ အိမ်ရောက်မှ ကြည့်ရှင်းမယ်လို့ ပြောဆိုသင်ခဲ့တဲ့မိဘတွေကိုလည်း တွေ့မြင်ဖူးပါတယ်။ ရန်ကိုရန်ချင်း တုန့်နှင်းရင် ရန်ပွဲဟာ ဘယ်တော့မှ မပြီးတော့ပါဘူး။ ကလေးရန်ပွဲကနေ မိဘရန်ပွဲအထိ ကြီးကျယ်လာရာ မဆုံးတဲ့ရန်ငြိုးတွေ ဖြစ်လာနိုင်ပါတယ်။ တဖက်ကလေးမိဘတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရန်ဖြစ်တာ ၊ အော်ဟစ်ဆဲဆို စကားများတာတွေဟာ မိမိကလေးကို မှားယွင်းစွာ တွေးခေါ်လုပ်ကိုင်မှု တပါတည်း သင်ပေးလိုက်တာပါ။ ကလေးဟာ အခက်အခဲကို ဒီလိုအကြမ်းနည်းနဲ့ ဖြေရှင်းမှရတယ်လို့ သင်ယူသွားတယ်လေ။

အိမ်ထဲမှာ မိဘဆွေမျိုးတွေထဲမှာ ပတ်ဝန်းကျင်မှာ ကလေးစိတ်နာကျင်အောင် လုပ်တဲ့သူတွေရှိနေရင်လည်း ဒီလိုပဲ စကားများ ၊ ရန်ဖြစ် တားဆီးလိုက်ဖို့ထက် ရေရှည်မှာ ကလေးကို ဘယ်လိုကာကွယ်မှုပေးနိုင်မလဲဆိုတာကို ဦးစားပေးလို့ ဦးနှောက်သုံးရမှာပါပဲ။ လတ်တလော ပြေလည်သွားမှုကို မကြည့်ဘဲ ရေရှည်ပြေလည်သွားမှုကို ဆိုလိုတာပါ။

တိုးတက်တဲ့နိုင်ငံတွေမှာ ကလေးသူငယ်တွေကို သူတို့ရဲ့ တီးတိုးဖော်အဖြစ် ဝက်ဝံရုပ်ကလေး ၊ ဘိုမရုပ်ကလေး စတာတွေနဲ့ မိတ်ဆွေဖွဲ့ပေးထားသလိုမျိုး လုပ်ပေးထားပါတယ်။ ဒါတွေကို ကလေးအဖော်အဖြစ် မနက်ကစ ညအိပ်ရာဝင်တဲ့အထိ ကလေးနဲ့ အတူထားပေးတယ်။ လူကြီးမိဘကို ရင်ဖွင့်မပြောပြချင်တဲ့ စကားလုံးတွေ ဒီအရုပ်ကို ဖွင့်ပြောပြီး သက်သာစေအောင် ဒီလိုအကျင့်လုပ်ပေးထားပါ။ တနည်းအားဖြင့် ကလေးရဲ့ စိတ်ဖိစီးမှုတွေဟာ သူ့အဖော်အရုပ်ကလေးကို ထုတ်ဖော်ပြောဆိုရာက စိတ်သက်သာမှု ရလာတာ တွေ့ရှိရလို့ပါ။ နှစ်နှစ် ၊ သုံးနှစ်အရွယ်ကစပြီး သူတို့ရဲ့ သီးသန့်နေရာလေးအဖြစ် ယာယီတဲကလေးလို ၊ သစ်ပင်အိမ်ကလေးလို ၊ သူတို့ကိုယ်ပိုင် ကွန်းခိုရာ နေရာတစ်ခု ဖန်တီးပေးထားတယ်။ ကလေးဟာ စိတ်ဖိစီးမှုတွေရှိလာရင် အဲဒီနေရာမှာ သူ့အဖော် အရုပ်ကလေးနဲ့ တိုင်ပင်ရင်ဖွင့်ပြီး စိတ်သက်သာရာ ရလေ့ရှိတယ်။

ကျွန်မတို့မြန်မာနိုင်ငံ လူနေမှုအဆင့်အတန်းအရ အများစုက ကလေးတွေကို သီးသန့် ကလေးကိုယ်ပိုင်နေရာလေး မဖန်တီးပေးနိုင်ပေမယ့် သူကြိုက်နှစ်သက်ရာ အရုပ်ကလေးကို အဖော်ပြုစေမယ် ၊ ကလေးရဲ့ ခံစားချက်နဲ့ ရင်ဖွင့်စကားတွေကို တနေ့ နာရီဝက်လောက် မအိပ်ခင် ပုံမှန်နားထောင်ပေးမယ်။ စိတ်ရှည်ရှည်နားထောင် ၊ စိတ်ရှည်ရှည်ရှင်းပြ ၊ နားလည်အောင်ပြောဆိုပြီး အကြောင်း ၊ အကျိုး ကလေးလက်ခံအောင် နားဝင်ချိုချို ပြောဆိုနိုင်ရင်ဖြင့် မိမိကလေးတွေရဲ့ ခံစားချက်တွေကို ပိုနားလည်လာမယ်။ ကလေးကလည်း မိဘတွေရဲ့ အခက်အခဲကို ပိုသဘောပေါက် နားလည်လာမယ်။ နားလည်မှုဆိုတာ တဆင့်ချင်း အချိန်ယူလို့ အပြန်အလှန် တည်ဆောက်ရတာပါ။ ဒီကတဆင့် သားသမီးနဲ့ မိဘအကြား ယုံကြည်မှု ရသွားတယ်လေ။

စာရေးတတ်တဲ့အရွယ်ရောက်လာတဲ့ ကလေးကို ဒိုင်ယာယီရေးကျင့် သင်ပေးထားရင် ပိုကောင်းပါတယ်။ ရေးတတ် ၊ ဖတ်တတ်တဲ့ အရွယ်တွေဟာ သူတို့ကျင်လည်တဲ့ ပတ်ဝန်းကျင် ကျယ်ပြန့်လာပြီဖြစ်လို့ အရွယ်အလိုက် လူကြီးမိဘကို ဖွင့်ထုတ် မပြောပြချင်တဲ့ ကိုယ်ရေး ကိုယ်တာ အကြောင်းအရာ ၊ ခံစားချက်တွေလည်း ရှိလို့လာပါပြီ။ ကိုယ့်သားသမီးကို နို့နံ့မစင်သေးတဲ့အရွယ်လို့ ထင်ပေမယ့် ကိုယ့်သားသမီးဟာ သူ့အရွယ်အလိုက် ရင်ခုန်တတ်တာ ၊ စိတ်ကစားတတ်တာတွေ ဖြစ်နေနိုင်ပါပြီ။

နောက်ဆုံးပေါ် လေ့လာတွေ့ရှိချက်တွေအရ ကလေးသူငယ်တွေဟာ သူတို့လိင်အမျိုးအစားကို သတိထားမိတဲ့ တစ်နှစ်ကျော် နှစ်နှစ်ဝန်းကျင်ဆိုတဲ့ အရွယ်မှာကတည်းက တဖက်လိင်ကို သဘောရိုး စူးစမ်းစိတ်နဲ့ စိတ်ဝင်စားတတ်လာတယ်လို့ တွေ့ရှိထားပါတယ်။ (၇)နှစ် (၈)နှစ်ဝန်းကျင် အရွယ်ကစပြီး သူတို့ဟာ ကိုယ်နဲ့ဆန့်ကျင်ဘက်လိင်ကို တွယ်တာစိတ်နဲ့ စိတ်ဝင်စားလာနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဒါဟာ သူတို့တွေရဲ့ စိတ်ပြောင်းလဲမှုဖြစ်ပြီး အရွယ်ရောက်တယ် ၊ မရောက်ဘူးဆိုတာက သူတို့ရဲ့ ကိုယ်ပြောင်းလဲမှုတွေဖြစ်ပါတယ်။

သူတို့ကို လမ်းမမှားအောင် အချိန်မီပြုပြင်ချင်တယ် ၊ လမ်းကြောင်းမှန်ပေါ်မှာပဲ ရှိနေစေချင်တယ်ဆို သူတို့ရဲ့ စိတ်ခံစားမှု ၊ ခံယူချက် ၊ အတွေးအခေါ် ၊ အပြုအမူတွေကို မျက်ခြည်မပြတ်ရှိနေဖို့ လိုပါတယ်။

သူတို့ဖွင့်မပြောတဲ့ ၊ ကိုယ်တိုင်က သူတို့အတွက် အချိန်မပေးနိုင်တဲ့အခါ မျက်ခြည်ပြတ်သွားတဲ့သူတို့ရဲ့ ခြေရာပြန်ကောက်ယူနိုင်တာက သူတို့ရဲ့ ဒိုင်ယာယီဖြစ်ပါတယ်။ ဒါပေမယ့် စည်းထားဖို့တော့လိုပါတယ်။ ကိုယ်ရေးကိုယ်တာဆိုတာ သူတို့လွတ်လပ်ခွင့်လေ။ သူများကိုယ်ရေးကိုယ်တာကို စွက်ဖက်တယ်ဆိုတာ သူများလွတ်လပ်ခွင့်ကို စွက်ဖက်တာပါပဲ။ သူတို့ဒိုင်ယာယီကို ခိုးဖတ်ပြီး ဒိုင်ယာယီထဲက အကြောင်းအရာတွေကို ဆူပူပြောဆိုမယ်ဆိုရင် သူတို့ဟာ နောင်မှာ သူတို့ခံစားချက် ကိုယ်သိခွင့်မရှိတော့အောင် ဖုံးကွယ်ထားတော့မှာပါ။ ဒီအခါ ပိုခက်ပြီပေါ့။ သူတို့ ဘာတွေးလို့ ကိုယ့်ကွယ်ရာမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်တော့ဘူးလေ။ လမ်းမှားဖို့ ပိုလွယ်တယ်။ ဒါကြောင့် ဆုံးမသွန်သင်မယ့်သူက အများကြီး ပါးနပ်ဖို့ ၊ သွန်သင်ပဲ့ပြင်တတ်ဖို့ လိုနေပါတယ်။ သူတို့ရေးထားတာတွေ မသိချင်ယောင်ဆောင်ပြီး လမ်းမှန်တည့်ပေးတတ်ဖို့ အရမ်းအရေးကြီးပါတယ်။

လူကြီးမိဘတွေက ကလေးကို တကယ်ဂရုစိုက်တယ်ဆိုရင် သူတို့ကို သူတို့ခံစားရတဲ့အတိုင်း ရင်ဖွင့်ပြောဆိုခွင့်ပေးပါ။ ကလေး တဖြည်းဖြည်း အရွယ်ရလာရင် သူတို့ပတ်ဝန်းကျင်မှာ မြင်တွေ့သင်ယူလာနိုင်တဲ့ အပိုပြောတာ ၊ အပိုလုပ်တာတွေကို လုပ်နိုင် ၊ ပြောနိုင်လာတာမို့ သူ့စကားတွေကို ပညာနဲ့နားထောင်ပါ။ သတိနဲ့ဆင်ခြင်ပြီး ဘာတွေ ဘယ်လိုဖြည့်ဆည်းပေးရမယ် ၊ ဘာတွေ ဘယ်လို ကာကွယ်ပေးရမယ် ၊ ဘာတွေ ဘယ်လို ပြောင်းလဲပေးဖို့ လိုတယ်ဆိုတာကို သတိနဲ့ ပြောဆိုလုပ်ကိုင်ပါ။ ကလေးကို သူ့အသက်အရွယ်အလိုက် အထိုက်အလျောက် လွတ်လပ်ခွင့်ပေးပါ။ ထိုက်သင့်တဲ့ စောင့်ရှောက်မှုပေးပါ။ ကလေးလည်းပျော် လူကြီးလည်းပျော်နိုင်မယ့် နည်းတွေကိုအသုံးပြုပြီး ကိုယ်နိုင်သဘောက် ကလေးပျော်ရွှင်ဖို့ အလေးထားမယ်ဆိုရင် အကောင်းဆုံးဖြစ်လာမှာပါ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like