ကလေးငယ်တို့ ဖွံ့ဖြိုးတိုးတက်လာမှု အဆင့်ဆင့်

0

အမိဝမ်းကကျွတ်ကာစအချိန်ကနေစပြီး ကလေးငယ်တွေဟာ အဆင့်ဆင့် ဖွံ့ဖြိုးလာကြတာပါ။ ကလေးငယ်တွေရဲ့ ပင်ကိုယ်ဗီဇအရသော်လည်းကောင်း ၊ မိဘတွေရဲ့မျိုးရိုးဗီဇအရသော်လည်းကောင်း ၊ ကလေးငယ်၏ ကျန်းမာရေးအရသော်လည်းကောင်း အရွယ်တူ ၊ နေ့တူ ကလေးတစ်ဦးနဲ့တစ်ဦး ဖွံ့ဖြိုးမှုချင်း မတူညီတာလည်း ရှိတတ်ပါတယ်။

ကလေးတွေရဲ့ဖွံ့ဖြိုးမှုဟာ တစ်ဦးနဲ့တစ်ဦး ဘယ်လိုပင် မတူညီငြားလည်း စောတာနဲ့ နောက်ကျတာလောက်သာ ရှိတာပါ။ ဖွံ့ဖြိုးမှုအဆင့်တွေကို လုံးဝကျော်လွန်ပြီး ဖွံ့ဖြိုးသွားတယ်ရယ်လို့ မရှိတတ်ပါဘူး။ ဥပမာ ဇက်မခိုင်သေးဘဲနဲ့ ကလေးဟာ အဆင့်ကျော်လို့ ထိုင်နိုင်တာမျိုး မရှိပါဘူး။ မထိုင်နိုင်သေးတဲ့ကလေးတစ်ဦးဟာ မတ်တပ်ထ ၊ လမ်းလျှောက်တာမျိုး မလုပ်နိုင်ပါဘူး။ ဒါကို တဆင့်ပြီးမှတဆင့် ဖွံ့ဖြိုးတိုးတက်တယ်လို့ခေါ်တာပါ။

ကလေးတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းအား သတိထားမိစေရန် အပိုင်း(၁) နှင့် ကလေးရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းအား သတိထားမိစေရန် အပိုင်း(၂) တို့တွင် ဖော်ပြပြီးဖြစ်သကဲ့သို့ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုဟာ သူ့အရွယ်နဲ့သူ ဖွံ့ဖြိုးတိုးတက်တာမျိုး ဖြစ်ပါတယ်။ ဒါတွေကို မသိရှိသေးပါက အရောင်ကွဲသော စာများပေါ်တွင် ကလစ်နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ လင့်ခ်တွေ ပေးထားတာဖြစ်ပါတယ်။

ကလေးတစ်ဦးဟာ ပထမဆုံး မား (မာမားကိုကိုယ်စားပြုခြင်း) ၊ ဒ (ဒက်ဒီကိုကိုယ်စားပြုခြင်း) ၊ မေ(အမေကိုကိုယ်စားပြုခြင်း) ၊ ဖေ(အဖေကိုကိုယ်စားပြုခြင်း) ၊ မ (အမကိုကိုယ်စားပြုခြင်း) စသဖြင့် စကားတစ်လုံးကို စပြောရင်းကနေ သူ့ရဲ့ ဝေါဟာရဆိုင်ရာ အသုံးအနှုန်းတွေ ၊ ပြောဆိုခြင်းဆိုင်ရာ အလေ့အကျင့်တွေ ဖွံ့ဖြိုးလာပါတယ်။ သူ့ကို စကားများများနဲ့ မြန်မြန်ပြောတတ်စေချင်ရင် သူ့အနားနေသူတွေက သူ့ကို စကားများများ ပြောပြ ၊ သင်ပြ ပြောဆိုရမှာဖြစ်ပါတယ်။

နောက်တဆင့်ကတော့ ခြေလက်ကြွက်သားတွေကို အသုံးပြုပြီး တိုးတက်ဖွံ့ဖြိုးနေတာပါ။ ဒီတိုးတက်မှုကတော့ ခေါင်းကနေ ခြေအထိ ကြွက်သားအကုန်ကို တဆင့်ချင်း အသုံးချလို့ တိုးတက်လာတဲ့ သဘောဖြစ်ပါတယ်။ ဒီဖွံ့ဖြိုးမှုမှာ ကလေးဟာ သူ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သတိထားမိရာက အသုံးပြုဖို့ကြိုးစားလာတာပါ။

ဒီလိုတိုးတက်ဖွံ့ဖြိုးမှုမှာ သူဟာ ဇက်မခိုင်သေးပေမယ့် ခေါင်းလေး ဟိုငဲ့ကြည့် ၊ ဒီငဲ့ကြည့် ၊ ဟိုလှည့် ၊ ဒီလှည့် လုပ်တတ်ရာကနေ သူ့ခြေ ၊ သူ့လက်တွေရဲ့ အသုံးဝင်ပုံကိုသတိထားမိမယ်။ လက်ကို ပါးစပ်ထဲထည့်မယ် ၊ ခြေကို ပါးစပ်ထဲထည့်မယ်။ လက်မောင်းအားသုံးပြီး မှောက်ဖို့ကြိုးစားမယ်။ ဒီ့ထက်ပိုလုပ်နိုင်ပြီဆို လှိမ့်ဖို့ကြိုးစားမယ်။ နောက် ထိုင်ဖို့ကြိုးစားမယ် ၊ ထဖို့ကြိုးစားမယ် ၊ ရပ်ဖို့ကြိုးစားမယ် ၊ လျှောက်ဖို့ကြိုးစားမယ် ၊ ပြေးဖို့ကြိုးစားမယ်။ ဒီလိုနဲ့ သူတို့ဟာ ကြွက်သားတွေ ခပ်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာတာဖြစ်ပါတယ်။

ကြွက်သားဖွံ့ဖြိုးတိုးတက်မှုဟာ ဒီလို အထင်အရှားကြီး ဖွံ့ဖြိုးတိုးတက်သွားတာကို တွေ့မြင်ရသလို နေ့စဉ် သေးသေးကလေးတွေကနေ ဖွံ့ဖြိုးတိုးတက်သွားတာလည်း ရှိပါတယ်။ ဒါကတော့ လက်ချောင်းလေးတွေ ၊ ခြေချောင်းလေးတွေ ၊ နှုတ်ခမ်းတွေနဲ့ လျှာကို အသုံးပြုပြီး လုပ်ကိုင်ဆောင်ရွက်လာတာတွေပါ။ မွေးကင်းစမှာတော့ သူ့ဦးနှောက်က ဒါတွေလုပ်ဖို့ မဖွံ့ဖြိုးသေးတဲ့အတွက် ဒီလိုပြုမူလုပ်ကိုင်နိုင်ခြင်း မရှိသေးပါဘူး။

ကြွက်သားတွေကို ထိန်းချုပ်မှု အားကောင်းလာတာနဲ့အမျှ လက်မနဲ့ လက်ညှိုးလေးသုံးလို့ ပစ္စည်းလေးတွေ ကောက်ယူကိုင်နိုင်ဖို့ ကြိုးစားမယ်။ နောက်ပါးစပ်ထဲအရောက် ကောက်ထည့်ပြီး အရသာခံကြည့်မယ် ၊ နှာခေါင်းထဲထည့်ပြီး အနံ့ခံထာမျိုး ၊ နားထဲ မျက်စိထဲ ထည့်စမ်းသပ်တာမျိုးတွေ လုပ်တာပါ။ ဒီ့ထက်အရွယ်ရလို့ ပိုမိုဖွံ့ဖြိုးလာပြီဆိုရင်တော့ လက်ချောင်းလေးတွေသုံးပြီး ရေးခြစ်ဖို့ ၊ အရောင်ခြယ်ဖို့ ၊ ပုံဆွဲဖို့ကို လုပ်လာတော့မှာပါ။

ပင်မကြွက်သားတွေ တိုးတက်သန်မာပြီးမှ ကြွက်သားငယ်လေးတွေ တိုးတက်သန်မာလာတာမို့ ဇက်မခိုင်သေးတဲ့ကလေးဟာ ပုခုံးသန်မာမှုရှိဦးမှာမဟုတ်ပါဘူး ၊ ပုခုံးသန်မာမှုမရှိသေးတဲ့ကလေးဟာ နောက်ကျောသန်မာတောင့်တင်းမှု မရှိပါဘူး။ ကလေးဟာ လက်မောင်းကြွက်သားတွေ ကောင်းကောင်းထိန်းချုပ်နိုင်ပါမှ လက်ကလေးတွေကို သူ့စိတ်တိုင်းကျ ထိန်းချုပ်လာနိုင်မှာဖြစ်ပါတယ်။ လက်ချောင်းတခုလုံးကို လေထဲဝေ့ဝဲ ထိန်းချုပ်တာမျိုး မလုပ်နိုင်သေးသရွေ့ သူ့လက်ချောင်းလေးတွေကို ထိန်းချုပ်နိုင်ဦးမှာ မဟုတ်ပါဘူး။

နောက်ပိုင်း အရွယ်ရလာတာနဲ့အမျှ ပင်မကြွက်သားတွေရော ၊ ကြွက်သားငယ်လေးတွေရော ကောင်းကောင်းဖွံ့ဖြိုးလာပြီမို့ ဒီနှစ်ခုလုံးကိုအသုံးပြုပြီး လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်တော့မှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

You might also like