Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးကိုသင်သူသည် ကလေးလိမ္မာခြင်း ၊ ဆိုးခြင်းကို ဖန်တီးသူဖြစ်သည် – BurmeseHearts

ကလေးကိုသင်သူသည် ကလေးလိမ္မာခြင်း ၊ ဆိုးခြင်းကို ဖန်တီးသူဖြစ်သည်

0

မိဘတွေ သားသမီးကို စိတ်အပျက်ဆုံးအချိန် ၊ သားသမီးအတွက် စိတ်အညစ်ရဆုံးအချိန်ဟာ သားသမီးတွေ မိဘစကားကို နားမထောင်တဲ့အချိန်ပါပဲ။ ဘယ်အချိန်ကတည်းက သားသမီးတွေဟာ မိဘစကားကို စတင် နားမထောင်တာလဲ။ တကယ်ဆို သူတို့ ဆွဲတတ် ၊ ကိုင်တတ် ၊ လေးဘက်တွားတတ်တဲ့ အချိန်ကတည်းကလို့ ဆိုနိုင်ပါတယ်။

မကိုင်နဲ့ဆိုကိုင်မယ် ၊ မဆွဲနဲ့ဆိုဆွဲမယ် ၊ မလုပ်နဲ့ဆိုလုပ်မယ် ၊ မသွားနဲ့ဆိုသွားမယ် ၊ မငိုနဲ့ဆိုငိုမယ် ၊ လာဆိုမလာ ၊ စားဆိုမစား ၊ အိပ်ဆိုမအိပ် ၊ လုပ်ဆိုမလုပ် ဆိုတာကနေ စမှာပေါ့နော်။ ငယ်ငယ်တုန်းကတော့ ကလေးပဲလေ ငယ်သေးတယ်ဆိုတဲ့ အတွေးနဲ့ မပြောဖြစ် ၊ မဆိုဖြစ် ၊ မသင်ဖြစ်တာတွေ သူလုပ်နေကျ အကျင့်ဖြစ်သွားတဲ့အခါ အဲဒီက စတာပဲ။

သားသမီးကို ဆိုဆုံးမတယ်ဆိုတဲ့အခါမှာလည်း သားသမီးနဲ့ အနီးကပ် လက်ပွန်းတတီးနေထိုင်တတ်တဲ့ မိဘတွေက သားသမီးကို ပိုဆိုဆုံးမရလွယ်ပြီး သားသမီးနဲ့ အနေဝေးတဲ့မိဘတွေ ၊ သားသမီးကို အချိန်မပေးနိုင်တဲ့ မိဘတွေအတွက်ကတော့ သားသမီးကို ပိုလို့ ဆိုဆုံးမရ ခက်နေမှာဖြစ်ပါတယ်။ တကယ်လို့များ မိဘနဲ့သားသမီးဆက်ဆံရေးဟာ အေးစက်စက် ဆက်ဆံရေးလိုမျိုး ၊ လက်ပွန်းတတီး မရှိတာလိုမျိုး ၊ မျက်နှာကြောမတည့်တာလိုမျိုး ဆိုရင်တော့ အဲဒီလိုသားသမီးတွေဟာ မိဘရဲ့ ဆိုဆုံးမမှုကို မနာခံတဲ့သူတွေအဖြစ် တွေ့မြင်ရပါတယ်။

သားသမီးနဲ့မိဘ နွေးထွေးတဲ့ဆက်ဆံရေး ရှိဖို့ဆိုရင် သားသမီးကို အချိန်ပေးတာမျိုး ၊ ဂရုစိုက်မှုပေးတာမျိုးတွေမှပဲ သားသမီးနဲ့မိဘ အပြန်အလှန် နွေးထွေးမှု ရရှိကြမှာဖြစ်ပါတယ်။ တကယ်လို့များ မိဘမဟုတ်တောင် ကလေးကို အနီးကပ် ပြုစု ၊ ဂရုစိုက် ၊ ကြင်နာမှုပေးတဲ့သူ ရှိနေမယ်ဆိုရင် ကလေးဟာ ကျန်းမာပျော်ရွှင်စွာ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ဒါပေမယ့် မိဘနဲ့ သားသမီး အနေမနီးခဲ့ရင်တော့ နွေးထွေးမှုမရှိဘဲ ခပ်တောင့်တောင် ဆက်ဆံရေးနဲ့ အနေစိမ်းနိုင်ပါသေးတယ်။ သားသမီးနဲ့မိဘ အပြန်အလှန် နွေးထွေးမှုရှိဖို့ဆိုတာ တနေ့ ၊ တရက် ၊ တနာရီလောက်တွေ့ဆုံခြင်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူးလေ။ နေ့စဉ် အနည်းဆုံး နာရီဝက် ၊ တနာရီလောက်ပဲဖြစ်ဖြစ် သားသမီးနဲ့ လက်ပွန်းတတီး ကစားတာမျိုး ၊ ပြောဆိုဆွေးနွေးလို့ အချိန်ပေးရတာမျိုးပါ။

မိဘတွေရဲ့ ယေဘူယျတာဝန်က ဘာလဲ။ သားသမီးခံစား ကြုံတွေ့နေရတဲ့ စိတ်ပျက်အားငယ်မှု ၊ စိန်ခေါ်မှု ၊ အတားအဆီး အခက်အခဲတွေအားလုံးကို မိဘတွေက ဘယ်လိုဟာ ဘယ်လိုဖြေရှင်းရမယ် ၊ ဘယ်စိတ်ကို ဘာနဲ့တောင့်ခံရမယ် ၊ ဘယ်လိုစိတ်မျိုးမွေးပြီး ဘယ်လိုရင်ဆိုင်ရမယ် စတာတွေနဲ့ လူ့လောကထဲ တွေ့ကြုံလာရမယ့် အခက်အခဲ အထွေထွေကို သားသမီးတွေ ကိုယ့်ဘာသာ ယုံကြည်ချက်ရှိရှိ ကျော်ဖြတ်နိုင်အောင် ၊ ကျော်ဖြတ်ရဲအောင် ၊ စိတ်အင်အားနဲ့ ထိန်းချုပ်နိုင်အောင် ၊ စီမံခန့်ခွဲတတ်အောင် သင်ပေးတာပါပဲ။

ဒီလိုသင်ပေးတဲ့နေရာမှာ အကောင်းဘက်ကနေ သင်ပေးရမှာဖြစ်ပြီး အဆိုးဆုံးသော သင်ပေးခြင်းကတော့ သားသမီးတွေကို နောက်ထပ်မလုပ်ရဲတော့အောင် ပြောဆိုလိုက်တာပါပဲ။ အန္တရာယ်ရှိတယ်ဆိုတဲ့ အရာတွေမှာတောင် အဆိပ်သောက်လိုက်တဲ့ ကိစ္စမျိုးကလွဲလို့ လျှပ်စစ်ဆိုတာ ဘယ်လိုအခြေအနေမှာ မကိုင်ရဘူး ၊ ကိုင်ရင် ဘာဖြစ်တတ်တယ်ဆိုတာမျိုး ကလေးနားလည်တဲ့အထိ အကြောင်းအကျိုး ရှင်းပြရမှာပါ။

ကိစ္စတစ်ခု ကလေးလုပ်လိုက်တာကို အကြောင်းအကျိုး ရှင်းပြရမယ့်အစား နောက်မလုပ်ရဘူးလို့ တချက်လွတ်အမိန့်ပေးလိုက်မယ်ဆို ကလေးရဲ့အတွေးထဲမှာ ဘာကြောင့် မလုပ်ခိုင်းတာပါလိမ့်ဆိုတဲ့အတွေးကို ကြီးထွားစေပါတယ်။ ဒီလိုအတွေး ကြီးထွားလာတာနဲ့အမျှ ကလေးဟာ စမ်းသပ်လုပ်ကိုင်ချင်စိတ်တွေ တဖွားဖွား ဖြစ်လို့လာပါတယ်။ ဒီလို စူးစမ်းချင်စိတ်တွေ မထိန်းသိမ်းနိုင်တဲ့အဆုံးမှာ မိဘရှေ့ပဲဖြစ်ဖြစ် ၊ နောက်ကွယ်ပဲဖြစ်ဖြစ် စမ်းသပ်ကြည့်ဖို့ ကြိုးစားမှာပါ။

ကိုယ်တားထားတာ ကိုယ့်ရှေ့စမ်းသပ်လုပ်ကိုင်တာကို ပြောထားရက်နဲ့ ထပ်လုပ်ရကောင်းလားလို့ ဆူပူရိုက်နှက် တားမြစ်မယ်ဆိုရင် မိဘနောက်ကွယ်မှာ လုပ်ပါလို့ စကားလုံးမဲ့ နှိုးဆော်လိုက်သလိုပါပဲ။ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ် ကြီးမားတာနဲ့အမျှ ကလေးဟာ အန္တရာယ်ကြီးကြီး ကြုံရဖို့ ရာခိုင်နှုန်း များနေပြီလေ။ ဒါကြောင့် အပူဖြစ်ပစေ ၊ အစပ်ဖြစ်ပစေ ဘယ်ဟာ အပူ ၊ ဘယ်ဟာအစပ် ဘယ်လိုခံစားမှုမျိုး ဆိုတာတွေနဲ့ ကလေးနားလည် လက်ခံနိုင်လောက်တဲ့ ရလဒ်မျိုးတွေသုံးလို့ ကလေးနားလည်အောင် ပြောဆိုရှင်းပြ တခါတရံ ကိုယ်ရှေ့ လုပ်ကိုင်စေလို့ နားလည်သဘောပေါက်စေရမှာပါ။

BurmeseHearts Blog

အန္တရာယ်ရှိလို့ မိဘက စိုးရိမ်ပြီး တားတာပါလားလို့ စိုးရိမ်သွားတဲ့တနေ့မှာ ကိုယ်က စမ်းပါဦးလို့ဆိုရင်တောင် သူဟာ စမ်းတော့မှာမဟုတ်ပါဘူး။ သူနားလည်သဘောပေါက်ခြင်း မရှိသရွေ့ကတော့ နောက်တမျိုး ၊ နောက်ကွယ်တဖုံ စမ်းသပ်လုပ်ကိုင်နေဦးမှာဖြစ်ပါတယ်။

တချက်လွတ်အမိန့်ပေး ဆူပူမာန်မဲ ရိုက်နှက်တတ်တဲ့ မိဘမျိုးတွေရဲ့ သားသမီးတွေမှာ ကြီးစွာသော စိတ်ဖိစီးမှုတွေ ခံစားကြရပါတယ်။ ဒီဖိစီးမှုတွေက အုံကြွထွက်လို့ရရင် ဆိုးသွမ်းတဲ့ကလေး ဖြစ်သွားနိုင်ပြီး အုံကြွထွက်ခွင့်မရရင်တော့ သူ့စိတ်ဖိစီးမှုတွေကြောင့် ကလေးရဲ့ ကျန်းမာရေးဟာ ချို့ယွင်းလာနိုင်ပါတယ်။ ကာလကြာရှည်စွာ စိတ်ဖိစီးမှုကြီးလေ ကျန်းမာရေးအထွေထွေ ချို့ယွင်းလာနိုင်လေဖြစ်ပါတယ်။ ဒါကြောင့် မကျန်းမမာ တရှောင်ရှောင်ဖြစ်နေတတ်တဲ့ ကလေးတွေကို သူတို့စိတ်မှာ ဘယ်လိုခံစားမှုမျိုး ကပ်ငြိနေနိုင်သလဲလို့ လေ့လာပြီး ဒီစိတ်ဖိစီးမှုကို ဖယ်ထုတ်ပေးနိုင်ရင် ကျန်းမာရေး ပိုမိုကောင်းမွန်လာတယ်လို့လည်း သိရပါတယ်။ စိတ်ချမ်းသာမှ လူလဲ ကျန်းမာနိုင်မယ်လေ။

ဒီလိုမိဘမျိုးတွေရဲ့ တချို့သားသမီးတွေကျတော့ ကျန်းမာရေးလည်း မချို့ယွင်းဘူး ၊ ဆိုးရွားတဲ့ကလေးရယ်လို့လည်း မဖြစ်လာဘူး။ ဒါပေမယ့် သူတို့ဟာ ကိုယ်စိတ်အမူအရာပိုင်းဆိုင်ရာမှာ သူများတွေလိုမဟုတ်ဘဲ ကြီးပြင်းလာတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ ဘယ်လို ကိုယ်စိတ်အမူအရာမျိုးတွေလဲဆိုရင် စိုးရိမ်ပူပင်တတ်တဲ့သူတွေအဖြစ်သော်လည်းကောင်း ၊ ယုံကြည်ချက်မရှိတဲ့ သူတွေအဖြစ်သော်လည်းကောင်း ၊ အားငယ်တတ်တဲ့ သူတွေအဖြစ်လည်းကောင်း ၊ အရာရာကို အရှက်အကြောက်ကြီးတဲ့ သူတွေအဖြစ်လည်းကောင်း ကြီးပြင်းလာတတ်ပါတယ်။ ဒီလိုဆို ရဲရင့်စွာ ယှဉ်ပြိုင်နိုင်မှ အောင်မြင်မှုရကြေးဆို သူတို့ဟာ မယှဉ်ပြိုင်ခင်ကတည်းက ရှုံးနိမ့်နေတတ်သူတွေ ဖြစ်သွားတာပေါ့။

တင်းလွန်းရင်ပြတ်သလို ရော့ရဲလွန်းပြန်တော့လည်း ကလေးဟာ အရာရာကို ပေါ့ပေါ့ဆဆ ၊ လေးလေးနက်နက်မရှိဘဲ ဖြစ်နေတတ်ပါတယ်။ အရာရာအလိုလိုက်ခံရတဲ့ကလေးဟာ ကလေးအဖြစ်ပဲ တသက်လုံးရှိနေမှာမဟုတ်ဘူးလေ။ အရွယ်လေးရလာတာနဲ့ သူဝင်ဆန့်ရတဲ့ ပတ်ဝန်းကျင်ဆိုတာရှိမယ် ၊ အသိုင်းအဝန်းဆိုတာရှိမယ်။ လူဆိုတာ တစ်ယောက်တည်း ၊ ဒီမိသားစုကျဉ်းကျဉ်းကလေးမှာပဲ နေထိုင်တတ်တာမျိုးမဟုတ်တော့ လူ့အသိုင်းအဝန်းမှာ သူ့ကို သူ့မိဘတွေလို ဘယ်သူကမှ သည်းခံနားလည်မှုပေးထားမှာတော့ မဟုတ်ဘူး။ ဒီလိုဆို ကလေးဟာ အိမ်ထဲကဆက်ဆံရေး နဲ့ အပြင်ကဆက်ဆံရေး အရမ်းကွာဟသွားပြီမို့ လူဆိုးတံဆိပ် အကပ်ခံရတော့မယ်။ ဒါဟာ ကလေးအပြစ်တခုတည်းမဟုတ်ဘဲ ကလေးကို လျော့ရဲခဲ့တဲ့ မိဘအပြစ်လုံးလုံး ဖြစ်သွားပြီလေ။ တချိန်မှာ ကလေးဆိုးတဲ့ဒဏ် မိဘလည်းမခံနိုင် ၊ ပတ်ဝန်းကျင်လည်း မခံနိုင်နဲ့ ကလေးဟာ လူ့အသိုင်းအဝန်း ဆက်ဆံရေးက အပယ်ခံရတဲ့ အထီးကျန်သူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။

ကလေးကို မလျော့မတင်း ဆက်ဆံရေးမျိုးပေးရမယ်ဆိုတာဟာ ခုတမျိုး ၊ တော်ကြာတမျိုး စည်းကမ်းအထွေထွေကို တည်လိုက် ၊ ဖျက်လိုက် လုပ်ခိုင်းတာမျိုးမဟုတ်ဘဲ ချမှတ်ပြီးသား စည်းကမ်းတွေ ၊ စနစ်တွေအပေါ်မှာ အခြေအနေနဲ့ အချိန်အခါအပေါ် မူတည်ပြီး ကလေးရဲ့ စိတ်ခံစားချက်နဲ့ ကျန်းမာရေးအပေါ်မှာလည်း ချင်တွက်လို့ လိုတိုးပိုလျှော့ လုပ်ခိုင်းတာဖြစ်ပါတယ်။

ခုတမျိုး ၊ တော်ကြာတမျိုး စည်းကမ်းတွေကို ကလေးတွေဟာ မလေးစားတတ်ဘူး။ စည်းကမ်းမလေးစားရင် ဘယ်လောက်ပဲ စည်းကမ်းထုတ်ထုတ် နောက်ဆုံးမှာ ကိုယ်ဘက်က ပြန်ရုပ်ပေးလိုက်တာမျိုး ဖြစ်လာပါတယ်။ ဒီအခါ ကလေးဟာ စည်းကမ်းလိုက်နာချင်ပါတော့မလား။ မလိုက်နာလည်း ရနေတာပဲဆိုတဲ့စိတ် ဝင်သွားတဲ့အခါ မိဘထုတ်တဲ့စည်းကမ်းနဲ့ ပြောစကားတွေကို နာယူလိုမှု မရှိတော့ဘူးလေ။

ကလေးကို သူသဘောပေါက်နားလည်တဲ့အထိ ဆုံးမပါ ၊ နာယူလိုအောင် ပြောဆိုပါ ၊ သူ့ခံစားချက်ကို နားထောင်ပါ ၊ သူ့ကို ပြန်လှန်ဆွေးနွေးခွင့်ပေးပါ ၊ သူစိတ်သန်ရာကို အကောင်းအဆိုး ခွဲခြားပြောပြလို့ ပညာသင်ယူချိန်ဖြစ်သည့်တိုင် အတိုင်းအတာတခုအထိ လုပ်ခွင့်ပေးသင့်ပေးပါ ၊ သူ့ရဲ့ စမ်းသပ်တီထွင်လိုစိတ်ကို အားပေးပါ ၊ ချီးမွမ်းပါ ၊ စိတ်ဓါတ် မြှင့်တင်ပေးပါ ၊ ချစ်ခင်မှုပြပါ ၊ လေးစားမှုပေးပါ ၊ ကြင်နာမှုပေးပါ။ ဒီလိုဆို အပြန်အလှန်နားလည်လို့ ကလေးဟာ ဆိုဆုံးမရလွယ်လာလိမ့်မယ်။ မိဘပြောစကား နာယူလိုစိတ်ရှိလာလိမ့်မယ် ။ သူ့ဆန္ဒနဲ့ စိတ်သဘောထားတွေကို ဆွေးနွေးလိုမှု ရှိလာမယ် ။ အကြံဥာဏ်တွေ တောင်းလာမယ် ။ သူ့ခံစားမှုတွေ ဝေမျှချင်လာမယ်။ ဒီလိုဆို မိဘနဲ့ သားသမီးအကြားက မမြင်ရတဲ့ကြိုးကလေး ခိုင်မြဲလာပြီပေါ့။ ကလေးတိုင်းဟာ သင်ပေးတဲ့လူကြီးမိဘအပေါ်မူတည်ပြီး အဖိုးထိုက် ၊ အဖိုးတန် ရတနာများ ဖြစ်လာတာပါ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like