ကိုယ်ချင်းစာ နာတတ်ကြပါစေ

0

အပယ်ခံကလေးဟာ လူကြီးဖြစ်လာတော့ လူမှုဝန်းကျင်ကို သူကပစ်ပယ်ထားတတ်တယ်။
အပယ်ခံကလေးဟာ လူကြီးဖြစ်လာတော့ လူမှုဝန်းကျင်ကို သူကပစ်ပယ်ထားတတ်တယ်။

ကိုယ်ချင်းစာနာစိတ်“ဆိုတာ တပါးကိုယ်နဲ့ ကိုယ့်ကိုယ် ထပ်တူခံစား “ငါသာ သူ့နေရာမှာဆိုရင်” လို့ ကိုယ်ချင်းစာခိုင်းတာဖြစ်ပါတယ်။ နာတယ်ဆိုတာကတော့ သူနာကျင်နေရင် သူ့အစား ကိုယ်ဝင်ခံစားပေးလိုက်တော့ ကိုယ်ပါ နာကျင်လာတာမို့ “ကိုယ်ချင်းစာနာစိတ်”ထားပါလို့ အလွယ်ပြောလိုက်တာဖြစ်ပါတယ်။ အမှန်တော့ ကိုယ်ချင်းစာ နာကြည့်ခိုင်းတာပါ။ သူ့နေရာမှာ ကိုယ်ဝင်ခံစားကြည့်လိုက်တော့ သူနာရင် ကိုယ်လည်းနာကျင်လာမယ် ၊ သူဝမ်းနည်းရင် ကိုယ်လည်း ဝမ်းနည်းမယ်။ သူကြောက်ရင် ကိုယ်လည်း ကြောက်မယ် ။ သူပူလောင်ရင် ကိုယ်လည်းပူလောင်မယ်။ သူရှက်ရင် ကိုယ်လည်းရှက်မယ် စသဖြင့် သူ့ခံစားချက်အတိုင်း လိုက်ပါလို့ ကိုယ်ချင်းစာ ခံစားတာဖြစ်ပါတယ်။

ကိုယ်ချင်းစာစိတ် ထားကြပါလို့ ဘယ်သူတွေ ဘယ်လောက်ပဲဆိုဆို ကိုယ်ချင်းမစာတတ်တဲ့သူတွေက ကိုယ်ချင်းစာနာစိတ် လုံးဝမရှိကြပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့ စိတ်နဲ့ကိုယ် နာကျင်ခံစားခဲ့ရတုန်းက သူတို့ကို ကိုယ်ချင်းစာပေးမယ့်သူ ၊ ကူညီကယ်မစောင့်ရှောက်လို့ ကာကွယ်ပေးမယ့်သူ မပေါ်လာဘဲ (မရှိဘဲ) ဒီနာကျင်ခံစားမှုဆိုတဲ့ ကိုယ်နဲ့စိတ်ကို မိမိဘာသာ ပြန်လည်ထူထောင်ခဲ့ရလို့ဖြစ်ပါတယ်။

နာကျင်မှုပြင်းရင်ပြင်းသလောက် စိတ်ဒဏ်ရာဖြစ်သွားတယ်လေ။ စိတ်ဒဏ်ရာဖြစ်သွားတော့ ကိုယ်နာကျင် ခံစားခဲ့ရတာကို သူများကိုလည်း ပြန်ခံစားစေချင်တဲ့စိတ် (သူကိုယ်တိုင်တောင် သတိမထားမိတဲ့ခံစားမှုလည်းဖြစ်နိုင်တယ်) ၊ အဲဒီစိတ်က သူများဒုက္ခရောက်တာကို ကိုယ်ချင်းမစာနာတော့ဘူး။ တနည်းအားဖြင့် ဘယ်သူဘာဖြစ်ဖြစ် ကိုယ်မဖြစ်ဖို့ အရေးကြီးတယ်။ သူများဖြစ်လည်း ကိုယ်နဲ့မဆိုင်ဘူးလို့ထင်လာတာပါ။ ဒီ့ထက်ဆိုးလာတဲ့ စိတ်အခြေအနေမှာတော့ သူကိုယ်တိုင်က သူများနာကျင်ခံစားရအောင် ၊ စိတ်ဒုက္ခရောက်အောင် လုပ်လာတာပါပဲ။ ဒီလူတွေဟာ နှိပ်စက်ညှဉ်းပန်းတတ်သူတွေဖြစ်တယ်။

အထူးသဖြင့် မသိတတ်စဉ် ကလေးဘဝမှာကတည်းက နှိပ်စက်ညှဉ်းပန်းမှုခံရတဲ့ ကလေးငယ်တွေ ၊ သည်းအူပြတ်မျှ ငိုကြွေးနေပေမယ့် စာနာမှုမခံရတဲ့ ကလေးငယ်တွေဟာ ဒီလိုစိတ်ဒဏ်ရာကြီးကြီး ရရှိသွားတော့တယ်။ သူခံစားနာကျင်ခဲ့ရတဲ့အချိန်က သူ့ကိုကိုယ်ချင်းစာဖေးမပေးမယ့်သူ မရှိတာမို့ သူများကို ကိုယ်ချင်းစာဖေးမမှုဟာ သူ့တာဝန်မဟုတ်ဘူးလို့ ယုံကြည်သွားသလို အဲဒီလို ဖေးမလိုက်ကူညီနေတာဟာ အပိုအလုပ်တွေလို့ မြင်လာတယ်။အပေါ်ယံတွေလို့လည်း ယုံကြည်လာတယ်။ မဖြစ်မနေ သူ့ရာထူးနဲ့ ရောက်ရှိနေတဲ့အခြေအနေကြောင့် လုပ်ပေးခဲ့ရရင်တောင် ရင်ထဲကစေတနာမပါဘူး။ ပြီး ပြီးရော အဖြစ်လုပ်လိုက်တော့တယ်။ ကိုယ်တိုင်က အညှဉ်းဆဲခံခဲ့ရလို့ စိတ်ဒဏ်ရာရခဲ့တော့ မသိစိတ်ထဲမှာလည်း သူများကို ညှဉ်းဆဲချင်လာတယ်။ ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အခွင့်ရရင် ညှဉ်းဆဲတတ်တဲ့အကျင့်ရှိတယ်။ ကိုယ်တိုင်က စိတ်လိုလက်ရ မညှဉ်းဆဲဖြစ်ရင်တောင် သူများဒုက္ခရောက်နေတာကို သွေးအေးအေး ကြည့်နေနိုင်တယ်။ ဒီ့ထက်ဆိုးတဲ့ စိတ်ဒဏ်ရာရှိတွေက သူများဒုက္ခရောက်တာ အရသာခံ ကြည့်နေနိုင်တယ် ။

မွေးကတည်းက သိလာခဲ့တဲ့ ကလေးရဲ့အသိဟာ ဗိုက်ဆာတာ နဲ့ သူ့ကိုယ်က ဖြစ်တည်လာတဲ့ ခံစားမှုတွေ ၊ နာကျင်မှုတွေကိုပဲ သိပါတယ်။ တပါးပယောဂကြောင့် နာကျင်တယ် ၊ စိတ်ဒုက္ခရောက်တယ်ဆိုတာကို မသိလာပါဘူး။ ဒါကို ဘယ်လိုသိသာစေသလဲ။ ကိုယ့်ကလေးဘဝကို ကိုယ်ပြန်စဉ်းစားရအောင်နော်။ ပူတယ်လို့ ဘယ်လိုသိလာလဲ။ ကျဉ်တယ်လို့ ဘယ်လိုသိလာလဲ။ ဘာလုပ်ရင် ဘာဖြစ်တတ်တယ်လို့ ဘယ်လိုသိလာလဲ။ လူကြီးမိဘတွေက ပူတယ်လို့ အကြိမ်ကြိမ်ပြောပြသည့်တိုင် ပူတယ်ဆိုတာကို ကိုယ်တိုင်မခံစားဖူးသရွေ့ အပူဟာ ဘယ်လိုခံစားမှုလဲဆိုတာ မသိလာပါဘူး။

BurmeseHearts Blog

ဒီအတိုင်းပဲ အစားအစာရဲ့ အရသာအစုံနဲ့ ဘဝရဲ့ ရသအစုံကိုလည်း ကိုယ်တိုင်ခံစားလာခဲ့ရတော့ နည်းနည်းလေး မှတ်သားမိရာက လူအများက ဒါဟာ မကောင်းဘူးပြောတယ် ၊ ဒါကိုရှောင်မှ ၊ ဒါလုပ်ရင် ဒုက္ခရောက်မယ်ပြောတယ် ဒါမဖြစ်အောင် ရှောင်မှဆိုတဲ့အသိ ဝင်လာတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အများပြောတာကို မယုံမကြည် သွားစမ်းသပ်ခဲ့လို့ ဒီအရသာကိုယ်တိုင်သိလာပြီး သူတို့ဒါကြောင့်တားခဲ့တာပါလားလို့ နားလည်လာလို့ဖြစ်ပါတယ်။

အရာရာကို လိုက်ကြည့် ၊ လိုက်ဆွဲ ၊ လိုက်ကိုင်ချင်နေတဲ့ ကလေးလေးအရွယ်ကစပြီး သူ့ရဲ့စူးစမ်းတတ်တဲ့ ဥာဏ်ကို မှန်ကန်တဲ့သင်ယူမှုနဲ့ သွန်သင်ဆုံးမရမှာဖြစ်ပါတယ်။ ပူတယ်ဆိုတာကို သူမသိသွားသရွေ့ သူဟာ အပူကိုကိုင်ရနိုင်ဖို့ တနည်းအားဖြင့် အပူဆိုတာ ဘယ်လိုခံစားမှုလဲလို့ ခံစားရနိုင်ဖို့ ကြိုးစားနေဦးမှာဖြစ်ပါတယ်။

ဒီအချက်ကို ကောင်းစွာ သဘောပေါက်နားလည်ထားရင်ဖြင့် ရွေးချယ်စရာ နှစ်ခုရှိလာပါပြီ။ ကိုယ်သတိမထားမိတဲ့အချိန်မှာ ကလေးအပူကိုင်မိပြီး အပူလောင်တာယူမလား ၊ ကိုယ့်မျက်စိအောက်မှာတင် သူ့အတွက် ပူတယ်ဆိုရုံအပူ (အပူလောင်ဒဏ်ရာ မဖြစ်နိုင်တဲ့အပူချိန်)ကို ကိုယ့်မျက်စိရှေ့မှာ စမ်းသပ်ကိုင်ခွင့်ပြုမလားပါပဲ။ ကိုယ့်ရှေ့ခွင့်မပြုရင် ကိုယ့်နောက်ကိုင်ပြီး ပူတယ်ဆိုတာကို တနေ့နေ့တော့ သူသိလာမှာပါပဲ။ ဒါပေမယ့် တသက်စာပါသွားမယ့် အပူလောင်ဒဏ်ရာရပြီးမှ အပူဆိုတာကို သေရာပါကြောက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။

ကျွန်မတုန်းကတော့ ကျွန်မကလေးကို ခပ်နွေးနွေးအရာတွေကို အပူလို့အသိပေးထားပြီး သူကိုင်မယ်ဆိုတာ သိပေမယ့် မသိဟန်ဆောင်ပေးခဲ့တယ်။ ကိုင်လို့ သူသိသွားတယ်။ ကျွန်မအတွက် နွေးပေမယ့် သူ့အတွက်ပူသွားတော့ အပူဆိုတာ သူသိသွားတယ်။ ပူလို့သူငိုရင် အပူဆိုတာ ဒီခံစားမှု ၊ နောက်မစမ်းသင့်ဘူး။ အမေက ကလေးပူမှာစိုးရိမ်လို့ မကိုင်နဲ့ တားခဲ့တယ်ဆိုတာ ချော့မော့ရှင်းပြတယ်။ တစ်ခါ ၊ နှစ်ခါ စမ်းပြီးနောက်မှာ အပူဆိုတာကို သူသင်ယူပြီးပြီမို့ ပူတယ်လို့ ပြောထားတဲ့အရာမှန်သမျှကို နောင်ဘယ်တော့မှ မကိုင်တဲ့အပြင် ဘယ်လိုအခြေအနေတွေမှာ အပူရှိတယ်ဆိုတာ အသိပေးထားတော့ ပူနိုင်တဲ့အရာမှန်သမျှကို သူနားလည်သွားတယ်။ နောက်ပိုင်း မျက်စိရှေ့ရော နောက်ကွယ်မှာပါ လက်တည့်မစမ်းဘူး။ ဒါဟာ မိဘနဲ့ သားသမီးအကြား ယုံကြည်မှု တည်ဆောက်ထားလိုက်တာဖြစ်ပါတယ်။ နောင်မှာ မိဘက ပူတယ်လို့ပြောတာကို သူလက်ခံယုံကြည်သွားတယ်။

ဒီအတိုင်းပဲ ကျန်တဲ့ ချို ၊ ချဉ် ၊ ခါး ၊ ဖန် ၊ စပ် နဲ့ ဘဝရဲ့ရသတွေကိုလည်း မိဘက သားသမီးကို နည်းမှန်လမ်းမှန်သင်ပေးတတ်ရင် “တုတ်ကိုင်မှ မှတ်မှာလား” ဆိုတဲ့စကား သုံးစရာမလိုပါဘူး။ ကိုယ့်ဆန္ဒကို ရှေ့တန်းတင်ပြီး (မပူဘဲနဲ့ မကိုင်စေချင်လို့ ပူတယ်ပြောတာလိုမျိုး)သူကြောက်တတ်တာနဲ့ တဖက်လှည့်ခြောက်ပြီး မလုပ်စေရင် သူကိုယ့်အပေါ် ယုံကြည်နေသလောက်ကတော့ ကလေးက လက်ခံမှာပါ။ နောက်ပိုင်း သံသယဝင်လာလို့ သူ့ဘာသာစမ်းသပ်ကြည့်တဲ့အခါ ကိုယ်ပြောသလိုမဟုတ်ပါလားလို့ သိသွားပါလိမ့်မယ်။ ဒီကနေစပြီး လူကြီးမိဘစကားကို မယုံကြည်လာတာ ၊ မယုံတော့တာတွေ ဖြစ်လာတော့တာပဲ။ ဒါဟာ ကလေးနဲ့ ကိုယ့်အကြား ယုံကြည်မှု ပျက်လာပါတယ်။ ဒီလိုဖြစ်လာရင် ကလေးက ကိုယ့်စကား နားမထောင်တော့ဘူးလေ။ ” ပြောတဲ့လူသာ အသက်ထွက်သွားမယ် သူကတော့ သူလုပ်ချင်ရာလုပ်မှာပဲ” ဆိုတဲ့စကားဟာ ဒီလိုမိဘနဲ့ ဒီလိုသားသမီးတွေအကြားက စတာပါ။

ဒါပေမယ့် ငယ်စဉ်ကတည်းက ခြောက်ပြီး မလုပ်နဲ့ပြောတာကို ခပ်များများခံလာရတဲ့ကလေးက မိဘအိမ်မှာတင်မက ပတ်ဝန်းကျင်မှာ ၊ ကျောင်းမှာ မလုပ်နဲ့ပြောတာကိုမှ စမ်းချင်စိတ်တွေ ပိုများလာတော့တယ်။ ခိုးလုပ်ရတာ ပျော်စရာ ၊ ရင်ခုန်စရာကောင်းသလို ကိုယ့်ဘာသာသိလာတဲ့ အရာကိုပဲယုံကြည်တော့တယ်။ လူကြီး ၊ မိဘ ၊ ဆရာသမားတွေ ပြောစကားကို ယုံကြည်မှုနည်းလာတယ်။ ဒီ့ထက်ဆိုးလာရင် အယုံအကြည်မဲ့လာတယ်။ အဆိုးဆုံးအခြေအနေမှာ တားထားတာကိုမှ တမင်ရွေးလုပ်ချင်တဲ့စိတ်တွေ ဖြစ်လာတယ်။ တားတာမှရွေးလုပ်တဲ့ လူငယ်ကလေးတွေဟာ တခြားအရာမှာ စိုးရိမ်စရာမဟုတ်ပေမယ့် စာရိတ္တပိုင်းဆိုင်ရာနဲ့ ရောဂါပိုင်း ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်တဲ့ ကိစ္စတွေ ၊ ဘဝနဲ့အနာဂါတ်ပျက်သွားနိုင်တဲ့ မူးယစ်ဆေးဝါး ၊ လောင်းကစား နဲ့ ယစ်မျိုးနွယ်ကိစ္စတွေမှာ တခါစမ်းသပ်ရင်း တဘဝစာ စုတ်ပြတ်သွားတာမျိုးတွေ ရှိလာနိုင်ပါတယ်။

ငယ်စဉ်မှာ ခြောက်နည်းမျိုးစုံနဲ့ လူကြီးမိဘတွေရဲ့ ခြောက်လှန့်ထိန်းချုပ်မှုကို ခံရပြီး ညှဉ်းပန်းနှိပ်စက်မှုလည်းခံခဲ့ရတယ် ။ စာနာဖေးမကူပေးမယ့်သူတွေလည်း မရှိခဲ့တဲ့ ကလေးသူငယ်တွေရဲ့ စိတ်ဓါတ်ဟာ ဘယ်လောက်ဆိုးရွားနေမလဲ။ သူတို့တွေဟာ ကလေးအရွယ်ကနေ လူငယ် ၊ လူရွယ် ၊ လူကြီးတွေဖြစ်လာမယ်။ အိမ်ထောင်ရက်သားကျလို့ မိသားစုတွေရှိလာမယ် ။ ကြိုးစားမှုအခံလေးနဲ့ ရာထူးနေရာ ၊ ဂုဏ်ဒြပ်နဲ့ စည်းစိမ်တွေ ရလာမယ်။ လူကအမြင့်ရောက်သွားပေမယ့် စိတ်ဓါတ်က လူ့အဆင့်အတန်းနဲ့တန်းတူ တက်မလာပါဘူး။ စိတ်ကစိတ် ၊ လူကလူလေ သပ်သပ်စီမဟုတ်လား။ လူကြီးလူကောင်းနေရာရထားပြီး စိတ်ဓါတ်အောက်တန်းကျနေတဲ့သူတွေ ကြားဖူး ၊ တွေ့ဖူးတယ်မဟုတ်လား။ စိတ်ဒဏ်ရာအကြီးအကျယ်ရထားတဲ့ ကလေးတွေ လူကြီးဖြစ်ပြီး ရာထူးနေရာ ၊ ဂုဏ်ဒြပ်နဲ့ စည်းစိမ်တွေရလာတဲ့အခါ ပိုဆိုးတာပေါ့။

သူတို့ဟာ နှိပ်စက်ညှဉ်းပန်းရတာကို အထူးစိတ်အာသာခံတတ်သူတွေဖြစ်တာမို့ တဘို့တည်းကြည့် ၊ သူများဒုက္ခရောက်မှာကို မစဉ်းစား ၊ မကူညီ ၊ တာဝန်မယူတတ်သူတွေ ဖြစ်လာတယ်။ ဒီလူတွေ ရာထူးနေရာ ၊ ဂုဏ်ဒြပ်နဲ့ စည်းစိမ်တွေ ၊ အာဏာတွေ ကြီးရင်ကြီးသလောက် အန္တရာယ်ကြီးလာတယ်။ သူတို့ဟာ သူတို့လက်အောက်မှာ နေထိုင်လုပ်ကိုင်စားသောက်နေသူတွေကို မမျှတတဲ့သူတွေဖြစ်နေမယ် ၊ ကိုယ်ချင်းမစာတတ်သူတွေဖြစ်နေမယ် ၊ စာနာမှုမပေးနိုင်သူတွေဖြစ်နေမယ် ၊ အဆိုးဆုံးက သူများဒုက္ခရောက်မှ ကျေနပ်နေတတ်သူတွေ ဖြစ်နေနိုင်တာပဲ။ တခါတလေ တမင်ဇတ်နာအောင်လုပ်ပြီးမှ ဟန်ပြကောင်းအောင် ကူညီတတ်တယ်။ ကယ်တင်ရှင်ကြီးဝင်လုပ်တာပေါ့။

ဒါကြောင့် ကိုယ်ချင်းစာတတ်အောင် သင်ပေးတဲ့ လူတန်းစားပေါင်းစုံက မိဘတွေများလေ ကိုယ်ချင်းစာနာစိတ်ရှိတဲ့ ကလေးသူငယ်တွေများလေ ၊ ဒီကလေးတွေက နောင်တခေတ်မှာ လုပ်ငန်းဌာနအသီးသီးတွေမှာ လုပ်ငန်းတာဝန်ထမ်းဆောင်တဲ့အခါ ကိုယ်ချင်းစာနာစိတ်ထားပြီး လုပ်ကိုင်ပေးတတ်တာမို့ လာဘ်ပေးလာဘ်ယူ နည်းလာမယ် ၊ သူများဒုက္ခရောက်နေချိန်မှာတောင်မချန်ဘဲ အချောင်နှိုက်ချင်စိတ်တွေ နည်းလာမယ် ၊ ဒုက္ခရောက်နေသူတွေကို ကိုယ်ချင်းစာစိတ်ထားပြီး ဖေးမပေးလာနိုင်မယ်။ ကူညီပေးလာနိုင်မယ် မဟုတ်လား။

မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က ရေဘေးဒုက္ခရောက်နေသူတွေကို ကိုယ်ချင်းစာလို့ တတ်အားသရွေ့ အကူအညီပေးပြီးနောက်မှာ နောင်အနာဂါတ် ကိုယ်ချင်းစာတတ်သူတွေ ပိုများလာနိုင်ဖို့ ဒီပို့စ်နဲ့လည်း မျှဝေပေးလိုက်ပါတယ်။ ဒုက္ခရောက်တဲ့သူတွေဟာ အကူအညီလိုအပ်နေပါတယ်။

ဒုက္ခရောက်နေတဲ့ လူတွေကို အကူအညီပေးမယ့်သူတွေ ၊ စာနာထောက်ထားပေးသူတွေ ရှိနေပေမယ့် ဒုက္ခရောက်နေတဲ့ တရိစ္ဆာန်တွေကိုလည်း အကူအညီပေးမယ့်သူတွေ ၊ စာနာထောက်ထားပေးသူတွေ လိုအပ်နေပါတယ်။ သူတို့တွေမှာလည်း ခန္ဓာကိုယ်ရှိသလို ခံစားတတ်တဲ့စိတ်တွေလည်း ရှိကြပါတယ်။ သူတို့တွေလည်း အကူအညီလိုအပ်နေကြပါတယ်။ လူတွေစားဖို့နေဖို့ ဒုက္ခရောက်ရသလို သူတို့တွေလည်း စားဖို့နေဖို့ ဒုက္ခရောက်နေကြပါတယ်။ လူတွေဆာလောင်တဲ့အချိန်မှာ သူတို့တွေလည်း ဆာလောင်နေကြမှာပါ။ ကိုယ်ချင်းစာစိတ်ဆိုတာ လူအပေါ်မှာပဲ ထားရမယ်လို့ မဟုတ်ပါဘူး ။ အားနည်းတဲ့သူ ၊ အကူအညီလိုသူတိုင်းကို ကိုယ်ချင်းစာစိတ်ထားပြီးပြီး ကူညီပေးဖို့ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ “ကိုယ်ချင်းစာနာစိတ်” တိုးပေးနိုင်ပါစေ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like