Online courses marketplace in Burmese language. Become a student, become a teacher, learn

ဖြူ စင်စွာချစ်ခဲ့ပါသော်လည်း

0

သူငယ်ချင်းမက ၊ ရည်းစားမကျတဲ့ ဆက်ဆံရေးနဲ့ အပြုအမူတွေကြောင့် မြောင်းဖောက်ပေးမိတယ်။ ဒါပေမယ့် ရေမဆင်းဘူးကွယ်။ မပွင့်မလင်း ၊ မပြတ်မသား ဖြစ်နေတဲ့သူ့ကြောင့် ကျွန်မကပဲ သူ့ကိုချစ်နေခဲ့ပါတယ်လို့ မနေနိုင် ၊ မထိုင်နိုင် ဖွင့်ပြောမိခဲ့တယ်။ “သူကရော” လို့ မျှော်လင့်တကြီး မေးဖြစ်ခဲ့တာ မှားသွားလေသလား။ “ကိုယ်လည်းအတူတူပဲ”ဆိုတဲ့ သူ့အဖြေစကားကြောင့် သူလည်း ကျွန်မလို အချစ်မျိုးနဲ့ ချစ်ခဲ့မယ်လို့ ယုံကြည်မိခဲ့တာ ဒုတိယအမှားလား။

တဘဝလုံးအတွက် ရည်ရွယ်ချစ်ခဲ့တာပါ။ သူ့မျက်နှာမြင်ရင် အချိန်လည်းမေ့ ၊ အခြေအနေတွေလည်းမေ့ ၊ လူကထုံတုံတုံနဲ့ အသိမရှိတော့ဘူး။ ကိုယ်ချင်းကပ်လို့ သိုင်းဖက်လိုက်တဲ့အခါတိုင်း ကျွန်မဒူးတွေ ခွေညွတ်ကျပြီး သူ့ပြန်မီဖက်ထားရတဲ့အထိ အချစ်ကဖမ်းစားတယ်။ မျက်လုံးချင်းဆုံတဲ့ သူ့အထိအတွေ့မှာ ရင်ခုန်သံတွေ တဒိုင်းဒိုင်းနဲ့။ သေချာတယ် …. ကျွန်မ သူ့ကို အသည်းအသန် ချစ်ခဲ့တယ်ဆိုတာ။

ကျွန်မတို့နှစ်ဦး ဓါတ်ပုံအတူ မရိုက်ခဲ့ဖူးဘူး။ ရပါတယ်။ မျက်စိထဲ တသက်စွဲနေအောင် သူ့ပုံရိပ် ၊ အမူအရာတွေအားလုံး ကျွန်မဦးနှောက်နဲ့ နှလုံးသားမှာ မှတ်ကျောက်တင်ထားပြီးသားလေ။ ချစ်သူတွေပါလို့ ဘယ်သူ့ကိုမှ ပွင့်ပွင့်လင်းလင်း မိတ်ဆက်ပေးခဲ့ကြတာမျိုး မရှိဘူး။ ကျွန်မသူငယ်ချင်းအချို့နဲ့ သူဆုံဖူးသလို သူ့သူငယ်ချင်းအချို့နဲ့ ကျွန်မဆုံဖူးတယ်။ ဘာသိဘာသာလိုပါပဲ။ ဒါလည်းရပါတယ်။ တချိန် ကျွန်မတို့လက်ထပ်တဲ့အခါ နှစ်ဖက်အသိုင်းအဝန်းအကုန် သိကြမှာပဲလို့ ယုံကြည်ခဲ့တဲ့အတွက် အေးဆေးပါ။

အစစအရာရာ လိုက်လျောချစ်ခဲ့ကြတာမှ မိုးမမြင် ၊ လေမမြင်လေ။ သူ ကျွန်မလောက် မချစ်တတ်ဘူးဆိုတာ သိပေမယ့် သူကျွန်မကို ချစ်မှာပါလို့ ကျွန်မလုံးဝယုံကြည်ခဲ့ဖူးတယ်။ အဲဒီယုံကြည်ချက်ကြောင့်ပဲ ကျွန်မတို့နှစ်ဦး ဘာကြောင့်ပဲဖြစ်ဖြစ် လမ်းမခွဲဘူးလို့ ကတိပေးခဲ့ဖူးတယ်။ ကိုယ်တွေနှစ်ဦးအနာဂါတ်မှာ နှစ်ဦးပေါင်းဖက်ကြဖို့ ဘယ်သူ့ကြောင့်မှ မကွဲစေရဘူး ၊ တို့နှစ်ဦး ဘာဖြစ်ဖြစ် ပေါင်းဖက်ကြမယ်လို့ မျက်လုံးချင်းဆိုင် ၊ လက်ဖဝါးတွေ ကျစ်ကျစ်ဆုပ်ကိုင်လို့ သဘောတူခဲ့ဖူးတယ်။ အဲဒီကတိတွေကို ကျွန်မတကယ်ယုံကြည်ခဲ့တာပါ။

ဒီယုံကြည်ချက်ကြောင့်ပဲ ဘယ်ဟိုတယ်မှာ မင်္ဂလာဆောင်မယ် ၊ ဘယ်တိုက်ခန်းမှာ နှစ်ယောက်တည်းနေမယ် ၊ အဲဒီတိုက်ခန်းကို နေရာအတော်များများမှာ မှန်ကြည်ကြည်လေးတွေအသုံးပြုပြီး သူ့အရိပ် ကိုယ်လိုက်ရှာ ၊ ကိုယ့်အရိပ်သူလိုက်ရှာလို့ ကိုယ်တွေနှစ်ဦး သဲသဲလှုပ်တဘဝလုံးချစ်ခင်ပျော်ရွှင်စွာ ပေါင်းသင်းသွားကြမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ တိုင်ပင်ခဲ့ဖူးတယ်။

မမျှော်လင့်တဲ့တနေ့မှာ လုံးဝမမျှော်လင့်ခဲ့ဖူးတဲ့ အကြောင်းအရာတစကို ဆွဲထုတ်ပြီး ဘိုင့်ဘိုင်လို့ သူပြောတယ်။ လပိုင်းအတွင်း ပြန်ဆုံမှာပါလို့ သူကတိပေးပြန်တယ်။ တမြေခြားဆိုတော့ မခွဲနိုင်ဘူး အတင်းတားပေမယ့် သူ့ဆုံးဖြတ်ချက်တွေခိုင်မာနေပြီမို့ ကျွန်မလက်လျှော့ပေးလိုက်တယ်။ ကျွန်မမှ သူနဲ့ မခွဲနိုင်ပဲလေ။

သူနဲ့ဝေးနေတဲ့ လပိုင်းအချိန်မှာတောင် ဘယ်လိုဖြတ်ကျော်နေထိုင်ရမှန်းမသိတဲ့ ယောင်ချာချာ ကျွန်မတစ်ယောက် သူစိတ်ချမ်းသာဖို့ သူသွားချင်တဲ့လမ်း သွားခွင့်ပြုခဲ့တယ်။ မနိုင်လို့ သည်းခံရခြင်းဆိုသလို တားမရလို့ ခွင့်ပြုလိုက်ရတာပါ။ ဒါပေမယ့် သူနဲ့ကျွန်မ လပိုင်းအတွင်း အဲဒီမြေပေါ်မှာ အတူပေါင်းသင်း လက်ထပ်သွားမယ်ဆိုတဲ့ ကတိကြောင့် ခပ်မြန်မြန်နီးရဖို့အရေး ဝေးတဲ့ဒဏ်ကို ကြိတ်မှိတ်သည်းခံဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်မမှာ ရွေးစရာလမ်းမရှိဘူးလေ။

လပိုင်းလေးပါလို့ ပြောခဲ့တဲ့ကတိလည်း သူမတည်နိုင်ခဲ့ဘူး။ တဖြည်းဖြည်း ကျွန်မနဲ့ ဝေးတဲ့အရပ်ကို သူရောက်ရှိသွားပြီး ဝေးသထက်ဝေးရာမှာ အသားကျသွားတဲ့ သူတစ်ယောက် စွဲလမ်းမှုတွေ တည်ငြိမ်ခဲ့ပြီး သူ့သံသယတွေက ကျွန်မကို လောင်မြိုက်စေခဲ့တယ်။ တဖြည်းဖြည်း ကျွန်မခံစားသိရှိလာတာက သူကတိမတည်ဘူး။ မခွဲနိုင်လောက်အောင် ကျွန်မချစ်ခဲ့ပေမယ့် ခွဲသွားနိုင်လောက်အောင် သူချစ်ခဲ့တယ်။ မမျှတလိုက်တာလို့ ကျွန်မ ခံစားလာရတယ်။

အနေဝေးတော့ သွေးအေးသတဲ့။ လကနေ နှစ်ကိုပြောင်း။ နှစ်တွေ ၊ နှစ်တွေ တနှစ်ပြီးတနှစ်သာ သစ်သွားတယ်။ ကျွန်မတို့ ဇတ်လမ်းဟောင်းကြီးကတော့ လမ်းဆုံးမသေချာတော့ဘူး။ ရပ်လိုက်ရင်ရတယ်။ ရပ်လိုက်တဲ့နေရာက ကွဲကြလေသတည်းဖြစ်မှာပါ။ ဒီလိုအဖြစ်မခံနိုင်လို့ ချစ်စိတ်တခုတည်းနဲ့ပဲ ကျွန်မအာက်ကျခံခဲ့တယ်။ စိတ်ရှည်ရှည်နဲ့ ကြိုးစားစောင့်ရင်း နီးနိုင်ဖို့လည်း ကြိုးစားတယ်။

တို့တွေ ကံမကောင်းခဲ့ကြဖူးတဲ့။ ကံတရားက တို့တွေဘက်မှာမရှိခဲ့ဖူးတဲ့။ သူ့စကားကြောင့် ကျွန်မဘယ်လောက်ရင်နာရသလဲဆိုတာ သူ့ကို မပြောပြဖြစ်တော့ဘူး။ ကျွန်မလက်ခံထားတဲ့ ကံတရားဆိုတာ ကြိုတင်ပြင်ဆင်ခြင်း ၊ အစွမ်းကုန်ကြိုးစားခြင်း ၊ ရအောင်လုပ်ယူခြင်းပါ။ သူလက်ခံထားတဲ့ ကံတရားက လုပ်ချင်ရာလုပ်ခဲ့ပြီးမှ ဖြစ်မလာတော့ ကံကိုလွှဲချနေသလိုပဲ။

တကယ်ဆို ဒီခရီးသွားဖို့ မပြင်ဆင်ခင် ၊ မဆုံးဖြတ်ခင်ကတည်းက ကျွန်မသဘောထား ဘယ်လိုရှိမလဲ သူမေးသင့်ခဲ့တယ်လို့ ကျွန်မတွေးတတ်ပါတယ်။ လပိုင်းအတွင်း နီးခွင့်မရရင် ငါဖြစ်ချင်ရာငါဆက်လုပ်မယ်ဆိုတဲ့ သူ့ဇွတ်တရွတ်စိတ်ထားကြောင့် ကျွန်မတို့ ဝေးသထက် ဝေးသွားရတယ်ဆိုတာ ကျွန်မတွေးတတ်ပါတယ်။ ကျွန်မတို့အချစ်ကို သူမငဲ့တွက်ခဲ့ဘူးဆိုတာလည်း ကျွန်မတွေးတတ်ပါတယ်။ နှစ်ယောက်လက်တွဲသွားမယ့် ကျွန်မတို့အနာဂါတ်ကိုလည်း သူလေးလေးနက်နက်မရှိခဲ့ဘူးလို့ ကျွန်မတွေးတတ်ပါတယ်။ ဝေးသွားတဲ့အချိန်တွေမှာ ဒါတွေ တဖြည်းဖြည်း သိမြင်လာခဲ့ပေမယ့် ပေါင်းစပ်ခွင့်ဆိုတဲ့ မျှော်လင့်ချက်ရေးရေးကို မရေမရာဆုပ်ကိုင်ပြီး တချိန်တော့ ပေါင်းရမှာပါလို့ ယုံကြည်ခဲ့ဖူးတယ်။

ထွက်ပြေးသွားသူနောက် ခြေရာခံလိုက်ဖို့ကြိုးစားရင်း သူခြေရာဖျောက်သွားတာပါလားလို့ ရင်နာနာနဲ့ သိလိုက်ရတဲ့အခါ ရင်ကွဲကျန်ခဲ့ရသူက ကျွန်မပါ။ ကျွန်မယုံကြည်ခဲ့ဖူးတဲ့ချစ်သူ ၊ ကျွန်မတို့ကတိ ၊ ကျွန်မတို့ပေါင်းဖက်ဖို့စိတ်ကူး ၊ အနာဂါတ်မျှော်လင့်ချက်တွေဆိုတာ ရေထဲအရုပ်ရေးခဲ့တာပါလားလို့ လက်ခံလိုက်ရတဲ့တနေ့မှာ ကျွန်မရဲ့ခပ်ရေးရေးသော မျှော်လင့်ချက်ကို လွှတ်ချလိုက်တယ်။ ရောက်တဲ့နေရာမှာ သူပျော်ပါစေလေ။

ဥသြမေ (Burmesehearts.com)

You might also like