အပြန်အလှန် လေးစားမှုပေးခြင်း

0

လူတစ်ဦးနဲ့တစ်ဦး လေးစားမှုပေးပါလို့ ဆိုလိုက်ရင် ပုဂ္ဂိုလ်ရေးရာ လေးစားမှုပေးရမယ်လို့ထင်ကြတယ်။ တဖက်သားရဲ့ ဝါသနာ ၊ ဆန္ဒ ၊ ခံယူချက်ဆိုတာတွေကို လေးစားမှုပေးဖို့ မေ့နေကြတယ်။ အမှန်တော့ အရက်သမားလည်း လူလိုဆက်ဆံတာမျိုး ၊ တလေးတစား ဆက်ဆံတာမျိုး ခံလိုကြတယ်။ သူ့ကို အရက်သမားလို့ လက်ညှိုးထိုးကဲ့ရဲ့တာကို မခံလိုကြဘူး။ အရက်သမားက ရပ်ကွက်တိုင်းမှာ တွေ့နေရလို့ ဥပမာပေးတာပါ။ တကယ်က လူ့အသိုင်းအဝန်းမှာ နေတဲ့သူတိုင်းဟာ ကိုယ်ကသာ မဟုတ်တာ လုပ်ချင်လုပ်နေမယ် ၊ တပါးသူက သူတို့ကို တလေးတစား ဆက်ဆံတာကို ခံလိုကြတာပဲ။

ကလေးကလည်း သူ့ကို တလေးတစားဆက်ဆံပြီး လူရာသွင်းတာကို ခံလိုတယ်။ အမျိုးသားကလည်း သူ့ကိုတလေးတစား ဆက်ဆံတာကို နှစ်သက်သလို အမျိုးသမီးတွေကလည်း သူ့ကို တလေးတစား ဆက်ဆံတာကို ခံယူလိုတယ်။ အလုပ်လက်မဲ့ အိမ်ထောင်ဦးစီးကလည်း အိမ်သူရဲ့ တလေးတစား ဆက်ဆံမှုကို ခံယူလိုတယ်။ အဟိတ်တရိစ္ဆာန်လေးတွေတောင် သူ့တို့ကို တလေးတစား ဆက်ဆံတတ်သူကို ပိုပြီးခင်တွယ်တတ်ကြတယ်။ တလေးတစား ဆက်ဆံတယ်ဆိုတာ ရှေ့တမျိုး ၊ နောက်တမျိုး ဆက်ဆံရေးကို မဆိုလိုဘဲ ရှေ့မှာလည်း ဒီလို ၊ နောက်မှာလည်း ဒီလို ဆက်ဆံတာမျိုးပါ။

ဂုဏ်ဒြပ်တင့်တယ်တဲ့ ငွေရှင် ၊ ကြေးရှင် ၊ ရာထူးစည်းစိမ်နဲ့ ဥစ္စာပေါများတဲ့သူတွေ ၊ ပညာတတ်သူတန်းစားတွေ ၊ ပညာရှင်တွေကိုမှ မျက်နှာကြီးရာဟင်းဖတ်ပါ လေးစားပြီးရင်း လေးစားရင်း လုပ်နေကြတဲ့ လူ့အသိုင်းအဝန်းကြောင့် သာမာန်လူတန်းစားတွေနဲ့ အောက်ခြေလူတန်းစားတွေဟာ မျက်နှာမွဲပြီး ဂုဏ်သိမ်နိမ့်ပါးလာသလို ခံစားလာရတယ် ။ နောက်ဆက်တွဲက အားငယ်စိတ်တွေဝင်လာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲ အလွယ်တကူ အလျော့ပေးချင်စိတ် ၊ မကြိုးစားချင်စိတ်တွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ တကယ်စိတ်ထားပြည့်ဝသူတွေက တန်းတူရည်တူ ဆက်ဆံတတ်တယ်။

လေးစားပြီးရင်း လေးစားခံရရင်းဖြစ်နေတော့ မြောက်ကြွမြောက်ကြွဖြစ်လာတာပေါ့။ ကိုယ့်အနား လူတွေဝိုင်းဝိုင်းလည်နေတော့ ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ခွဲခြားတတ်ဖို့ ခက်လာတယ်။ မြန်မာလူမှုဝန်းကျင်မှာ အားနာတယ်ဆိုကလည်း ရှိနေတော့ ဖယ်ခွါရခက်လာတယ်။ ပင့်တင်သူတွေပဲ အနားတိုးတိုးလာတော့ တန်းတူရည်တူ ဆက်ဆံတတ်သူတွေက အလိုလို နောက်ရောက်သွားရော။ မြှောက်ပင့်နေသူတွေကြောင့် ကိုယ့်ကိုယ်ကို နှိမ့်ချမဆက်ဆံတတ်သူဟာ မြောက်ကြွကြွဖြစ်လာပြီး ငါပြောတာအမှန် ၊ ငါလုပ်တာအမှန် ၊ ငါ့ကို ဒီလိုဆက်ဆံရမယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် ဘောင်ခတ်လိုက်ပါတော့တယ်။ အတ္တကြီးလာတဲ့သဘောပေါ့။

အတ္တကြီးတဲ့သူတွေဟာ တဘက်သားကို ထည့်သွင်းစဉ်းစားပေးမှု အားနည်းပြီး ကိုယ့်ဘက်ပဲ ကိုယ်ကြည့်တတ်ကြတယ်။ တခါတလေ အနိုင်ရပါများနေတော့ အနိုင်ယူရတာ အကျင့်ဖြစ်ပြီး ဘာမဆို သူအနိုင်ရမှ ၊ သူ့ကိုအရှုံးပေးမှဆိုတဲ့စိတ်ထားကြီး ဝင်နေပြီဆို ပိုခက်ပြီ။ တကယ်ဆို လူတစ်ဦးဟာ သူပြီးရင် သူ့မိသားစုဟာ အရေးအကြီးဆုံးဖြစ်သင့်တယ်။ သူပြီးရင် သူ့အလုပ်အကိုင် ၊ သူ့စီးပွားရေး ၊ သူ့ဆန္ဒ စတာတွေပဲ ပထမဦးစားပေးဖြစ်နေပြီဆိုရင် မိသားစုဟာ အလိုလို နောက်ရောက်သွားတာပေါ့။

အသက်ရှင်ဖို့ အစာစားရမယ် ၊ အစာစားနိုင်ဖို့ ခြေလှုပ် ၊ လက်လှုပ် ၊ အလုပ်လုပ်နေပါမှ ဝင်ငွေနဲ့ စားဝတ်နေထိုင်ရေး ပြေလည်မယ်ဆိုတာမှန်ပေမယ့် မိသားစုကို ပထမဦးစားပေး သဘောမထားနိုင်ရင်တောင် အလုပ်နဲ့မိသားစုဟာ တန်းတူရည်တူ ရှိနေသင့်တယ်။ အလုပ်ဟာလည်း ကိုယ့်တွေဝမ်းစာအတွက် အရေးကြီးသလို မိသားစုဟာလည်း ဘဝမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေသင့်တယ်။

BurmeseHearts Blog

လူတိုင်းဟာ ကံကုန်တဲ့အခါ သေကွဲ ၊ ရှင်ကွဲ ကွဲရနိုင်တယ်လို့ တရားနှလုံးသွင်းထားပေမယ့် မိသားစုဟာ ကျွန်မအတွက် ပထမဦးစားပေးလို့ ခံယူသူပါ။ ဘာကြောင့် ဒီလိုခံယူရသလဲဆိုတာ ရှင်းပြပါ့မယ်။ သိန်းရာချီ ၊ ထောင်ချီဝင်တဲ့ အလုပ်အကိုင် (ရာထူး ၊ စီးပွား) ရှိဦးတော့ ဗြုန်းခနဲ ကိုယ်နာမကျန်းဖြစ်တဲ့အခါ အနားမှာ ဘယ်သူရှိမလဲ။ ဒီမှာ မိသားစုကို အချိန်ပေးသူနဲ့ အချိန်မပေးသူ ၊ မိသားစုကို ပျော်ရွှင်အောင်လုပ်ပေးသူနဲ့ မလုပ်ပေးသူ ၊ မိသားစုအပေါ် တလေးတစား ဆက်ဆံတတ်သူနဲ့ မဆက်တတ်သူတို့ဟာ ကွဲပြားသွားတာပဲ။ ငွေကိုအချိန်ပေးခဲ့ရင် ကိုယ်နာမကျန်းဖြစ်တဲ့အခါ ငွေကို အဖော်ပြုလို့ ဆေးရုံကောင်းကောင်းမှာ ဆေးကုသမှုခံယူလို့ရပါတယ်။ ပျောက်သွားနိုင်တဲ့ ဝေဒနာမျိုးဆို မိသားစုရဲ့ အရေးပါမှုဟာ ဒီလောက်အထိ မသိသာလှဘူးလေ။

မပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာ နှိပ်စက်ခံရသူတွေမှာတော့ ငွေပေးလို့လည်း ရောဂါမသက်သာနိုင်တော့ ၊ မရှေးမနှောင်းသွားရမယ့် ကိုယ့်ရဲ့လားရာဟာ လူ့လောကမှ အပြီးတိုင်စွန့်ခွါခြင်းဆိုရင် တချိန်လုံး ကိုယ်ရှာခဲ့တဲ့ငွေတွေ ၊ စည်းစိမ်ဥစ္စာတွေ ၊ ရာထူးဂုဏ်ရှိန်တွေဆိုတာ မိသားစုနဲ့အတူ ချန်ထားခဲ့ရတော့မှာပဲ။ ရောဂါဝေဒနာနှိပ်စက်လေ ကိုယ့်အပေါ်ကို နူးညံ့စွာ ဆက်ဆံမယ့်သူ ၊ ကိုယ့်ဘက်က အိုသည် ၊ နာအသည်အထိ ရပ်တည်မယ့်သူ ၊ ကိုယ့်ကို ရင်ထဲကနေ အားပေးတတ်တဲ့သူကို တောင့်တလာပါတယ်။ ဒါတွေကို ငွေနဲ့ ဝယ်ယူလို့မရဘူး။ ကိုယ်ဟာ မိသားစုအပေါ်မှာ မတရားခဲ့သူဆိုရင် ဝေဒနာကလည်းနှိပ်စက် ၊ နောင်တကလည်းနှိပ်စက်နဲ့ စိတ်ဖြောင့်ဖြောင့် သွားနိုင်ပါ့မလား။

နှစ်ဖက်အပြန်အလှန် လေးစားမှုပေးဖို့ဆိုတာ လူပုဂ္ဂိုလ်ကိုပဲ လေးစားဖို့လိုတာမဟုတ်ပါဘူး။ သူ့ရဲ့ဝါသနာ ၊ သူ့ရဲ့ဗီဇ ၊ သူ့ရဲ့ဆန္ဒ္ဒနဲ့ ၊ သူ့ရဲ့ခံစားမှု စတာတွေကိုပါ လေးစားနိုင်မှ အမှန်တကယ်လေးစားခြင်းမြည်တာပါ။ ဒီလိုပြောရင် ခြေသလုံးအိမ်တိုင် ၊ မိသားစုကို လုပ်မကျွေးနိုင်တဲ့ အလုပ်လက်မဲ့ ၊ အရက်သမား ၊ ဘိန်းစား ၊ မယားပြိုင်တွေ ထားနေသူကိုတော့ မလေးစားနိုင်ပါဘူး။ လေးစားချင်သပဆို ကိုယ့်ဘာသာကိုယ်လေးစားလို့ ဆိုကြမှာပါ။ ဒီလိုလူတွေကို ကိုယ်မှ မလေးစားချင်တာမဟုတ်ဘူး လူ့အသိုင်းအဝန်းက လေးစားသမှုမရှိကြတာပါ။ ကိုယ့်အိမ်ထောင်ဖက်ဟာ ဒီလူထဲကတယောက်ဖြစ်နေရင် ဘယ်လေးစားနိုင်ပ့ါမလဲ။ ဒါပေမယ့် သူတို့ကတော့ သူတို့ကို လေးစားတာ ခံယူလိုကြတယ်လေ။ ဒီလိုအိမ်ထောင်မျိုးတွေမှာတော့ လေးစားမှုခံယူလိုသူနဲ့ လေးစားမှုမပေးနိုင်သူ ဖြစ်နေတော့တာပေါ့။

လင်နဲ့မယား အချင်းချင်းတောင် တယောက်နဲ့တယောက် လေးစားသမှုမပေးနိုင်တဲ့ မိသားစုလိုမျိုးမှာ မွေးဖွားလာရတဲ့ကလေးကို ဒီမိဘနှစ်ဦးက လေးစားသမှုပေးနိုင်ပါ့မလား။ ကလေးကပဲ မိဘဖြစ်တဲ့သူတို့ ဘာလုပ်လုပ် ၊ ဘာပြောပြော လေးစားမှုမပျက်ဘဲ ရိုသေလေးစားဖို့ကိုပဲ သင်ပေးမှာပါ။ ဒီအခါ ကလေးရဲ့ အမြင်နဲ့ ခံစားမှုကို သူတို့ထည့်တွေးပါ့မလား။ ကလေးရဲ့ဆန္ဒကို သူတို့လေးစားပါ့မလား။ ကလေးကို နားလည်နိုင်ဖို့ ကြိုးစားပါ့မလားနော်။

ရတု (Burmesehearts.com)

You might also like
Leave a comment