တူညီမှု၏ခြားနားခြင်းများ

0

အရုဏ်ဦးနှင့်နေဝင်ချိန်
အရုဏ်ဦးနှင့်နေဝင်ချိန်

တစ်ခါတစ်လေ ပုံစံတူ၊ အရောင်တူ၊ အဖြစ်အပျက်တူများထဲတွင် မတူညီသည့် ကွာခြားမှုများရှိတတ်သည်။ တခါတရံ အားလုံးတူနေလျှင်တောင်မှ မိမိစိတ်ထဲမှာ မတူသလိုခံစားရပြန်သည်။

လူ့လောကထဲရောက်ကာစ ကလေးလေးတစ်ဦးကို မိဘတွေရဲ့ ပြည့်စုံမှု၊ မပြည့်စုံမှုအပေါ်မူတည်ပြီး ကြိုဆိုသူအနည်းအများကွာသည်။ မိဘနှစ်ပါး၏ ပြည့်စုံမှုအပေါ်မူတည်ပြီး ကလေးများ၏ ပြည့်စုံမှု၊ မပြည့်စုံမှုသည်လဲ ကွာခြားကြသည်။ လုံးဝမပြည့်စုံသည့် မိသားစုမှ မွေဖွားလာသည့် ကလေးတောင် မိဘက ပစ်ပယ်သွားဦးတော့ ကလေးလေးတစ်ယောက်ပါလားဆိုသည့် အသိနှင့် ထိုကလေးအား သနားသူက ခေါ်ယူစောင့်ရှောက်ထားလေ့ရှိသည်။

ဒီလိုစောင့်ရှောက်သည့်နေရာတွင် ချီးကလူ၊ သေးကလူ တာဝန်တွေ၊ ရေချိုး အ၀တ်လဲပေးသည့် တာဝန်ကအစ ထမင်းခွံ့ တာဝန်အဆုံး ကလေးအနားရှိတဲ့လူ၊ မြင်တဲ့လူက လုပ်ကိုင်ပေးသွားတတ်ကြသည်။ ကလေးတာဝန်လုပ်ပေးရတိုင်း မသိတတ်သေးသည့် ကလေးအား ချီး၊ သေး မသိတတ်ရကောင်းလားဟု ဘယ်သူမှ အပြစ်တင် ရိုက်မောင်းမနေ။ တစ်ခါတစ်လေ ဒီလိုလုပ်ပေးရတာကိုပဲ မိဘဆွေမျိုးများက ကျေနပ်တတ်ကြသည်။

လူ့လောကထဲက ထွက်ခွါဖို့ အချိန်နီးနေပြီး ထူထူထောင်ထောင် မဖြစ်တော့တဲ့ သက်ကြီးရွယ်အို လူမမာတွေ၊ အဖိုးအဖွားတွေလဲ ဒီလိုအချိန်မျိုးမှာ ချီးမှန်း၊ သေးမှန်း မသိကြတော့ဘူး။ တချို့ကျတော့ သိနေသေးပေမယ့် မထိန်းနိုင်တော့ပါဘူး။ ဒီသက်ကြီးရွယ်အို မမာသည်တွေနဲ့ အဖိုး၊ အဖွားတွေရဲ့ ဝေယျာဝစ္စကို ချီးကလူ၊ သေးကလူ လုပ်ပေးဖို့ကျတော့ တော်ရုံလူမလုပ်ပေးနိုင်။ ပိုက်ဆံရှိလို့ ငွေပေးခိုင်းပြန်လဲ တကယ် မငြိုမငြင် စေတနာနဲ့ လုပ်ပေးတဲ့သူကား ရှားပေလိမ့်မည်။

ဘာမှ ကိုယ်တိုင်မလုပ်နိုင်သေးတဲ့ ကလေးနှင့် ဘာမှ ကိုယ်တိုင်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတို့၏ အခြေအနေချင်းတူပေမယ့် ၎င်းအခြေအနေအပေါ် လူများ၏ တုန့်ပြန်မှုမှာ မတူညီကြ။

တကယ်ဆို ကလေးဆိုတာ ကိုယ်တွေက ပေးဆပ်ရမဲ့သူ။ ကလေးက လူ့လောကကြီးကို လက်ဗလာနဲ့ လာခဲ့သူတွေပါ။ ကျွန်မတို့က ကျွန်မတို့ လက်ထဲရှိတာ ၎င်းအတွက်မျှဝေ ပေးဆပ်ကြရမှာပါ။ ဒီလိုပေးဆပ်ရမယ်မှန်းလဲ သိကြတယ်။ သိရက်နဲ့ ဒီလိုပေးဆပ်ရတာကို ကျေနပ်ကြတယ်။ ပိုပေးဆပ်ချင်ကြတယ်။ အထူးသဖြင့် မိဘတွေပေါ့။ ဒါကြောင့် မိဘမေတ္တာဟာ အနှိုင်းမဲ့ပါပဲ။ မိဘကပဲ ကလေးလေးအပေါ် မေတ္တာရှိလားဆိုတော့ မဟုတ်ပါ။ ဆွေမျိုးအသိုင်းအ၀န်း၊ ပတ်ဝန်းကျင် အသိုင်းအ၀န်းကပါ အများအားဖြင့် ကလေးငယ်လေး၏ တာဝန်များကို မျှဝေထမ်းကြသည်။ တနည်းအားဖြင့် မျှ၍ပေးဆပ်လိုကြသည်။

ကိုယ့်တာဝန်မထမ်းနိုင်တော့တဲ့ သက်ကြီးရွယ်အို လူမမာများ၊ အဘိုးအဘွားများမှာ တချိန်က သူ့အသိုင်းအ၀န်းကို နိုင်သလောက် ပေးဆပ်ခဲ့ကြမှာပါ။ သားသမီးရှိလျှင် သားသမီးအတွက် ပေးဆပ်ကောင်း ပေးဆပ်ခဲ့မှာပါ။ တူ၊တူမရှိလျှင် တူ၊တူမအတွက် ပေးဆပ်ကောင်း ပေးဆပ်ခဲ့မှာပါ။ မြေး၊ မြစ်ရှိလျှင်လဲ မြေး၊ မြစ်တွေအတွက် နိုင်သလောက် ပေးဆပ်ကောင်း ပေးဆပ်ခဲ့ပေလိမ့်မည်။ သို့ပေမယ့် အခုလို ဘာမှမပေးနိုင်တော့တဲ့ လက်ဗလာနဲ့ လှုပ်ရှားဖို့ အားနည်းနေပြီး မလှုပ်ရှားနိုင်တော့ချိန် ၊ ၎င်းတို့၏ စိတ်နောက် ၎င်း၏ကိုယ် မလိုက်နိုင်တော့တဲ့အချိန် တနည်းအားဖြင့် လူ့လောကထဲက ထွက်ခွါရန် စောင့်ဆိုင်းနေရသည့် နောက်ဆုံးရက် ၊လ ၊ နှစ်များတွင် တချိန် သူတို့ပေးခဲ့သူတွေက သူတို့အတွက် ဘာကြောင့် တာဝန်မျှယူ မပေးဆပ်နိုင်ကြတာလဲ။ မပေးဆပ်ချင်ကြတာလဲ။

BurmeseHearts Blog

ကိုယ့်တာဝန်ကိုယ်မယူနိုင်တဲ့ ကလေးနှင့် သက်ကြီးရွယ်အို အခြေအနေတူချင်း ဘာကြောင့် လူတွေ၏တုန့်ပြန်မှု ကွာခြားကြသည်လဲ။ ဒါ့အပြင် ကလေးများမှာ ကိုယ့်ဆီကယူမည့်သူ ၊ သက်ကြီးရွယ်အိုများကတော့ တချိန်တုန်းက ပေးဆပ်ခဲ့သူတွေဖြစ်လျက် ဘာကြောင့် လူတွေ၏တုန့်ပြန်မှု ခြားနားကြသည်လဲ။

အသိတရားကြောင့်ဟုထင်သည်။

ကလေးက အခုမှလောကထဲ စ၀င်လာသူမို့ ဘာမှမသိသေး။ အရာရာကို လွယ်လင့်တကူလက်ခံနိုင်သည်။ အမှား၊ အမှန်ဆိုတာ သင်ယူနေသည့်အရွယ်မို့ မိမိက အမှန်ဆို အမှန်ဟုလက်ခံ၍ မိမိက အမှားဆို အမှားဟုလွယ်လွယ် ယုံကြည်လက်ခံတတ်သည်။ သက်ကြီးရွယ်အိုများက အမှန်၊ အမှားဆိုတာကို မိမိတို့အား သင်ပေးခဲ့သူ။ ယခုထက်ထိလဲ မျက်စိထဲမတွေ့၍ မှားသည်ထင်လျှင် ပြင်ဆင်ပေးချင်သူ။ တကယ်ဆို လူအများစုမှာ ကိုယ်လုပ်တာကို အမှန်ဟုထင်ကြသည်။ ထိုကဲ့သို့သော အထင်မှာ မိမိရင့်ကျက်လာသည်နှင့်အမျှ ကိုယ်လုပ်တာမှအမှန်ဟု ယုံကြည်လာကြသည်အထိ တယူသန်လာတတ်ကြသည်။

အဖိုး၊အဖွားများရှေ့တွင် လုပ်ရ၊ ကိုင်ရသည်မှာ ကလေးများရှေ့တွင် လုပ်ရကိုင်ရသည်လောက် မလွတ်လပ်။ ကလေးသူငယ်များက မိမိမှားလဲ မှားတယ်လို့ ၀င်မပြောမှာ ယုံကြည်နေသည်မို့ လုပ်ရဲသည်။ မှားလဲ ကိုယ်ကလူကြီးမို့ ကိစ္စမရှိဟု ယူဆကြသည်။ လူကြီးများရှေ့ကျတော့ မိမိမှားလျှင် ၀င်ပြောမည်၊ ၀င်ပြင်မည်ကို သိနေသဖြင့် လုပ်ရတာ မလွတ်လပ်တော့။

လူကြီးများရှေ့နေရတာ မလွတ်လပ်ဘူးဟု ခံစားလာရသောအခါ ၎င်းတို့မျက်ကွယ်သို့ ရှောင်တတ်လာကြသည်။ ရှောင်ရင်း ရှောင်ရင်း လူကြီးမျက်ကွယ်မှ လွတ်လပ်မှုအရသာ သိလာတော့ တမင် ထိုသို့ရှောင်၍ နေထိုင်ခြင်းဖြင့် လူကြီးနှင့်လူငယ် အနေဝေးလာသည်။ မိမိခြေထောက်ပေါ် သီးသန့်ရပ်တည်ပြီး သို့မဟုတ်လည်း ကိုယ်ပိုင်မိသားစုအဖြစ် တစ်အိုးတစ်အိမ်ထူထောင်ပြီးပါက လူကြီးမိဘများနှင့် ပိုဝေးကွာသွားတော့သည်။

မိမိကမှ မိမိ၏ မိဘ၊ အဖိုး၊ အဖွားများနှင့် ခပ်ဝေးဝေးမှာပျော်လျှင် မိမိ၏ခင်ပွန်း(သို့မဟုတ်) ဇနီး နဲ့ သားသမီးများကလည်း ၎င်းတို့နှင့် ဝေးရာမှာပျော်ပေမည်။ သို့ဖြင့် အဖိုး၊အဖွားများမှာ အသက်အရွယ်ရလာသည်နှင့်အမျှ ပို၍ အထီးကျန်ဆန်လာတော့သည်။

၎င်းတို့ အထီးကျန်ဆန်နေတာကို သိလည်း အလုပ်များမြောင် လူတို့ဘောင်ထဲ အလုပ်ချိန်၊ မိသားစုအတွက် ပေးတဲ့အချိန်၊ အိပ်ချိန် နှင့် မိမိကိုယ်ပိုင်ချိန်များ နှုတ်လိုက်လျှင် ၂၄နာရီဆိုတာတောင် မလောက်တာမို့ အိုမင်းလာသည့် မိဘများကိုသွားတွေ့ဖို့တောင် လွယ်လွယ် အချိန်မပေးနိုင်ကြတော့။

အချိန်ပေး သွားတွေ့ပြန်တော့လည်း အမြင်မတော်တာတွေ တွေ့ရင် ပဲ့ပြင်ဆုံးမပေးလိုတဲ့ သူတို့၏ စေတနာအပြောတွေ ၊ ဇရာအရသော်လည်းကောင်း အထီးကျန်မှု ကြောင့်သော်လည်းကောင်း ပြောမပြီး ပြောပြီးရင်း ပြောနေတဲ့ သူတို့စကားတွေ နားထောင်ရင်း စိတ်ညစ်ရမယ်ဆိုသော အသိကြောင့် မတွေ့ချင်၊ မိမိ၏အချိန် ဖဲ့မပေးချင်တော့။

ဒီလို အသိတရားတွေကြောင့်လဲ ကလေးသူငယ်အပေါ် ဆက်ဆံမှုနှင့် သက်ကြီးရွယ်အိုများအပေါ် တုန့်ပြန်ဆက်ဆံမှုများ ကွာခြားကြခြင်းဖြစ်သည်။

ဒါဆို ငယ်ရွယ်နေသေးတဲ့ ကျွန်မတို့ အသက်တွေ ကြီးရင့်မလာတော့ဘူးတဲ့လား။ အိုမသွားတော့ဘူးတဲ့လား။ တနေ့နေ့ တချိန်ချိန် ဒီလို အဖိုး၊ အဖွားတွေ အခြေအနေမျိုး မရောက်နိုင်တော့ဘူးတဲ့လား။ ကျွန်မတို့ဆီကိုလည်း ဒီလိုတစ်နေ့ မလွဲမသွေ ရောက်လာမှာပါ။ သံသရာစက်ဝိုင်းက လည်နေဆဲပါပဲ။

ကျွန်မတို့ သူတို့အတွက် ဘာလုပ်ပေးသင့်ပါသလဲ။

အဖြေက သင်ဘာလုပ်ပေးချင်သလဲနှင့် ဘာလုပ်ပေးနိုင်သလဲဆိုတာအပေါ် မူတည်နေသလို သင်ပေးမည့်အရာကို လက်ခံရယူမည့် ၎င်းတို့၏ လက်ခံနိုင်စွမ်းရည်ဟာ ဘယ်လောက်အတိုင်းအတာအထိပဲ လက်ခံနိုင်တော့သည်ဆိုသည့် အခြေအနေအပေါ်မှာ မူတည်နေပေသည်။

(ဥပမာ …. သင်ကားဝယ်ပေးချင်စိတ်ရှိပေမယ့် အဲဒီပမာဏ မတတ်နိုင်ရင် ၊ တတ်နိုင်ဦးတော့ အဲဒီကားပေါ် ကိုယ်တိုင်တက်စီးဖို့ သူတို့မစွမ်းနိုင်တော့ရင် ၊ အိမ်ဝယ်ပေးချင်ဦးတော့ အဲဒီအိမ်ဝယ်ဖို့ငွေ မလုံလောက်ရင် ၊ လုံလောက်လို့ တကယ်ဝယ်ပေးချိန်မှာ အဲဒီအိမ်ပေါ်နေထိုင်မယ့် သင့်မိဘတွေဟာ မရှိတော့ရင် ….. သင်ဘာရွေးချယ်မလဲလေ ။)

အထီးကျန်သူများ၏ အဓိကလိုအပ်မှုမှာ မေတ္တာ ၊ စာနာ နားလည်ပေးမှု ၊ နှစ်သိမ့်အားပေးမှု ၊ တတ်စွမ်းသမျှ ဖေးမကူညီမှုတို့ဆိုတာ သင်နားလည်နိုင်ဖို့ ဆုတောင်းရင်း နောက်ဆုံးရက်များကို အထီးကျန်စွာ အငြိုငြင်ခံ စောင့်ဆိုင်းနေရသော အဘိုး၊အဘွားများကို ရည်စူးဂါရ၀ပြုလျှက်…….

အမှုန်(Burmesehearts.com)

BurmeseHearts Courses

You might also like