Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သံသရာ၏ သဘောတရား – BurmeseHearts

သံသရာ၏ သဘောတရား

0

အရင် ကျွန်မတရားထိုင်တုန်းက သိရင်သိတယ်ဆိုတာနဲ့ ၊ ကြားရင်ကြားတယ်ဆိုတာနဲ့ (မြင်၊ ကြား၊ အနံ့ ၊ အရသာ ၊ အထိအတွေ့) စသဖြင့် စိတ်ထွက်သွားတဲ့နေရာ ၊  စိတ်ရောက်သွားတဲ့နေရာကို သိအောင်လုပ်ရင်း စိတ်ကလေးကို တရားမှတ်နေရာပြန်ခေါ်လာပြီး ပြန်ဆက်မှတ်တာမျိုးလုပ်တဲ့အတွက် အတွေးတွေ တရှည်တလျားကြီး ဆက်ပျံ့တာမျိုး မဖြစ်အောင်အထိ ကျင့်နိုင်ခဲ့တယ်။ ဒါအများဆုံးပဲဆိုပါတော့။

အသက်(၂၆)နှစ်ဝန်းကျင်မှာ စိတ်ဖိစီးမှုတွေ ၊ ရင်ထဲကအပူတွေငြိမ်းဖို့ ကြောင်းကျိုးတိုက်ဆိုင်စွာ ဝဇီပိတ် တရားအားထုတ်ဖြစ်တော့ လမ်းလျှောက်တရားမှတ်တဲ့နေရာမှာ ပိုပြီး အမှတ်စိတ်လာတယ်။ ဒါကလည်း စားသောက်တာ ၊ ရေချိုးတာ ၊ နောက်ဆုံး ရေအိမ်ဝင်တာ ၊ မအိပ်ခင် ၊ နိုးချိန် စသဖြင့် အသိရှိချိန်တိုင်းမှာ အမှတ်ကပ်ထားတဲ့အတွက် အမှတ်စိတ်လာခဲ့တာလို့ ယုံကြည်ပါတယ်။

အစာစားတဲ့အချိန် စားချင်စိတ်ဖြစ်လို့ ကိုင်ထားတဲ့ဇွန်းကလေးကို အားသွင်းပြီး မတာ ၊ ခပ်တာ ၊ ပါးစပ်ထဲသွင်းတာ ၊ ရောက်တာ ၊ ဝါးတာ ၊ မျိုတာ ၊ ခံတွင်းကနေ လည်ချောင်းတလျောက်ဝင်သွားပြီး ဝမ်းထဲရောက်သွားတဲ့အထိသိတာ ၊ ရေသောက်ရင်လည်း ဒီလိုပဲမှတ်နိုင်လာတာ ၊ ရေချိုးရင်လည်း ခွက်မပြီးရေခပ်တာ ၊ ရေလောင်းတာ ၊ ကိုယ်ပေါ်ကို ရေတွေဆင်းသွားတာ အနှေးပြကွက်တခုလို သတိထားမိပြီဆိုရင် အမှတ်တော်တော် စိတ်လာပါပြီ။

ဒီလိုသတိကောင်းကောင်းနဲ့ အမှတ်စိတ်လာတော့ ခြေတလှမ်းကို ဘယ်ခြေလှမ်းတယ် ၊ ညာခြေလှမ်းတယ် ဆိုတာကနေ ကြွတယ် ၊ ချတယ် နှစ်ချက်မှတ်လာနိုင်တယ်။ နောက်ပိုင်းမှာ ကြွတယ် ၊ လှမ်းတယ် ၊ ချတယ် သုံးချက်မှတ်လာနိုင်တယ်။ ဒီ့နောက်ပိုင်းမှာ ခြေဖနောင့်ကြွတာက ကြွတယ် ၊ ခြေဖဝါးလိုက်ကြီးကြွသွားတာက မတယ် ၊ လှမ်းတာကိုလှမ်းတယ် ၊ ချတာကို ချမှန်းသိပြီး ကြမ်းနဲ့ခြေထိတာကို ထိမှန်းသိလာတယ်။ ဒီ့နောက်ပိုင်းမှာ လှမ်းချင်စိတ်ဖြစ်လာတဲ့စိတ် ၊ ကြွချင်စိတ်ဖြစ်လာတဲ့စိတ် ၊ မနေတဲ့ခြေ ၊ ရွေ့နေတဲ့ခံစားမှု ၊ ချချင်တဲ့အသိ ၊ ကြမ်းပေါ်ရောက်ရှိသွားတဲ့ ခြေတလှမ်းပြီးမြောက်ခြင်း စတဲ့ အဆင့်ဆင့်ကို စိတ်ကလေးကပ်ထားရုံနဲ့ အနှေးပြကွက်တခုကို မျက်စိထဲ ၊ အာရုံထဲမှာ မြင်နေ ၊ သိနေ ၊ ခံစားမိလာတယ်။

အရင်တုန်းကတော့ သတိကောင်းလာရင် (စိတ်တည်ငြိမ်ပြီး သမာဓိအားကောင်းလာရင်) အမှတ်စိတ်လာပြီး အနုစိတ်မှတ်လာနိုင်တယ်ဆိုတာကြားဖူးပေမယ့် အနုစိတ်မှတ်ဖို့ကြိုးစားတိုင်း အနုစိတ်မမှတ်နိုင်မီ ခြေလှမ်းတွေယိုင်လာတတ်တယ်။ တကယ်သတိကောင်းပြီး အမှတ်စိတ်လာတဲ့အချိန်မှာ တအားကြီး Slow Motion လုပ်သလို ခပ်ဖြည်းဖြည်းတမင်လှမ်းတာမျိုး လုပ်စရာမလိုပဲ ပုံမှန်ဖြေးဖြေးလေး လှမ်းနေပေမယ့် အမှတ်တွေစိတ်လာတာပါ။ စိတ်က ဖြစ်နေတဲ့ကိုယ်ကြီးရဲ့ ပြောင်းလဲမှုမှာ သတိကပ်ထားတာ အားကောင်းသွားတော့ ဒီစိတ်ကလေးကလုပ်ချင်လို့ ဒီကိုယ်ကလုပ်ဖြစ်သွားတယ်ဆိုတာကို သိလာတဲ့သဘောပါ။

ဘယ်ခြေလှမ်းလည်း ဒီမှတ်စိတ်ကလေးပဲ ၊ ညာခြေလှမ်းလည်း ဒီမှတ်စိတ်ပဲ ဘယ်ခြေ ၊ ညာခြေရယ်လို့မရှိတော့ဘူး။ လျှောက်ရင်းမှတ်ရင်း မျက်စိထဲဘာမြင်လာသလဲဆိုတော့ ခြေနင်းတပ်ထားတဲ့ ဘီးတစ်ခုကို လည်အောင် ခြေထောက်ကနင်းနေသလိုမျိုး လည်နေတဲ့သဘောကို မြင်လာတယ်။ ချားရဟတ်ကြီးလည်နေသလိုမျိုးပေါ့။ ဒီလိုလည်နေတဲ့သဘောတရားဟာ သံသရာကြီးပါလားလို့လည်း သိမြင်လာတယ်။ ဒီသံသရာကြီးလည်နေတာရပ်တန့်အောင် ရပ်တန့်လို့မရဘူးလားလို့ တွေးမိပြီး ငါရပ်ကြည့်မယ်။ မလှမ်းတော့ဘူး။ ဒါဆို လည်နေတဲ့သံသရာဆိုတာကြီးလည်း လူလုပ်လို့ ရပ်သွားနိုင်သလားဆိုတဲ့ အတွေး (အမေး) ကိုယ့်ဘာသာဖြစ်ပေါ်လာတယ်။

လှမ်းနေတဲ့ခြေလှမ်းကို လက်စသပ်ပြီး မတ်တပ် မျက်စိမှိတ်ပြီး တရားမှတ်နေတဲ့အခါ မိနစ်အနည်းငယ်အတွင်း ကိုယ်ကြီးဟာ ယိမ်းထိုးလာတယ်။ အနားမှာ ကိုင်စရာလက်ကိုင်ဘောင်ကလေးရှိနေတော့ ဘောင်ကလေးကိုင်ပြီး ဆက်ရပ်လို့ မျက်စိမှိတ်တရားမှတ်ကြည့်တယ်။ မှတ်နေရင်း ဒူးတွေညွတ် ၊ အားတွေပျော့လာပြီး ခွေကျတော့မလို ခံစားရတယ်။ အဲဒီမှာ ကျွန်မအရှိန်ဆိုတဲ့သဘောတရားကို နားလည်လာတယ်။

ကျွန်မတို့ ဘာလုပ်လုပ် ၊ ဘာကိုင်ကိုင် ချက်ချင်းကြီးရပ်ပစ်လိုက်လို့ ရပ်သွားတယ်ထင်ပေမယ့် လူ့စိတ်နဲ့ခန့်မှန်းမမြင်ရတဲ့ အရှိန်ရဲ့ သက်ရောက်မှုဟာ ကျန်နေခဲ့တယ်။ ကျွန်မက သိပ္ပံဘာသာရပ်တွေ လေ့လာသူမဟုတ်ပါဘူး။ စိတ်ကိုမဝင်စားတာ။ ဒါပေမယ့် ဘာလုပ်လုပ် ၊ ဘာကိုင်ကိုင် ရပ်လိုက်ပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့အရှိန်ရဲ့ သဘောတရားကို တုန်ခါမှုတွေကျန်ခဲ့တယ်ရယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချမယ်နဲ့တူတယ်။ အဲဒီတုန်ခါမှုဟာ အရှိန်ပါပဲ။

ဗုဒ္ဓဘာသာအယူအဆနဲ့တွေးကြည့်မယ်ဆိုရင် ကံဆိုတာ အလုပ်လို့ပြောတော့ ဘာလုပ်လုပ် ကျန်ခဲ့တဲ့အရှိန်ဆိုတာ ကံရဲ့အရှိန်ပဲလေ။ ကောင်းမှုကုသိုလ်လုပ်တာတွေရပ်လိုက်ဦးတော့ ကောင်းမှုကုသိုလ်ရဲ့အရှိန်ဆိုတာ ခံစားကြရတယ်။ မကောင်းမှုကုသိုလ်လုပ်တာရပ်လိုက်ဦးတော့ မကောင်းမှုကုသိုလ်ရဲ့အရှိန်ဆိုတာ ခံစားကြရတယ်။

ကိုယ်က ယခု ကောင်းမှုကုသိုလ်လုပ်ဦးတော့ မကောင်းမှုကုသိုလ်ရဲ့အရှိန် ကျန်နေသေးရင် မကောင်းမှုကုသိုလ်ရဲ့ အကျိုးပေးမှု ကျန်နေဦးမှာပဲ။ အခု မကောင်းမှုကုသိုလ်လုပ်ဦးတော့ ကောင်းမှုကုသိုလ်လုပ်ထားခဲ့တဲ့အရှိန်ရှိနေခဲ့ရင် အဲဒီကောင်းမှုကုသိုလ်တွေ အကျိုးပေးမှုကို စံစားနေရဦးမှာပဲ။ ဒါဟာအရှိန်ရဲ့ သဘောတရားပါ။ အရှိန်ရဲ့သဘောတရားကို ကောင်းကောင်း သဘောပေါက်လာတော့မှ ကျွန်မ ကံအကျိုးပေးဆိုတာကို ကောင်းကောင်း သဘောပေါက်လာခဲ့တယ်။

ဒါကိုသဘောမပေါက်ခင်တုန်းက ငါ ကောင်းတာလုပ်ရက်နဲ့ ကံကမျက်နှာသာကိုမပေးဘူး ၊ သူများတွေ မကောင်းတာလုပ်နေသည့်တိုင် ကံကောင်းနေလိုက်ကြတာများ ၊ ကံဆိုတာ ယုံစရာမကောင်းပါဘူးလို့ လူငယ်ပီပီ ထင်မြင်ယူဆခဲ့ဖူးတယ်။ အခုလုပ်တဲ့ကံကိုတောင်မယုံမှတော့ ရှေးဘဝတွေ ၊ နောက်ဘဝတွေဆိုတာကိုလည်း ကောင်းကောင်း သိတတ် ၊ တွေးတတ်စအချိန်ကတည်းက မယုံကြည်တဲ့စိတ်က အဲဒီမှာရှင်းလင်းသွားတော့တာပဲ။ ကံရဲ့သက်ရောက်မှုဆိုတဲ့အရှိန်ဟာ ဘာလုပ်လုပ်ကျန်နေခဲ့ပါတယ်။ ဒါကြောင့်လည်း ဝဋ်ဆိုတာနဲ့ သံသရာဆိုတာ ရှိနေတာပဲ။

အရှိန်ရဲ့သဘောတရားကို နားလည်လာတဲ့အခါမှာ ရှေးဘဝမရှိဘူး ၊ နောင်ဘဝမရှိဘူးလို့ အငြင်းပွားစရာမရှိတော့ပါဘူး။ ကံအကျိုးပေးနေသမျှ ၊ သံသရာမကုန်သေးသမျှ ၊ ကံမကုန်သေးသမျှ ကိုယ်ရပ်ချင်သည့်တိုင် ၊ ရပ်လိုက်သည့်တိုင် အရှိန်ရဲ့ သဘောတရားကတော့ ဆက်ရှိနေဦးမှာပဲလေ။ ဒီတော့ သံသရာလည်နေဦးမှာပဲပေါ့။

သြကာသ (Burmesehearts.com)

You might also like