မာတာမိခင်

0

ကလေးတစ်ယောက်ရဲ့တာဝန်ဟာ တိမ်သယောင်နဲ့ နက်လွန်းလှပါတယ်။ ကျေးဇူးကြီးလှ မိနဲ့ဘလို့ ဆိုကြပေမယ့် သားသမီးတာဝန်ကို အများဆုံးခံကြရတဲ့ မိခင်တွေရဲ့ ဒုက္ခ နဲ့ တာဝန်ဝတ္တရားတွေ ဆိုတာကို ကျွန်မဝေမျှပေးပါရစေ။

ကျွန်မက ကလေးအရမ်းချစ်တတ်သူလေ။ ငယ်ငယ်လေးကတည်းက ကလေးမြင်ရင် မနိုင့်တနိုင် ချီတတ်တဲ့သူ … သူများကလေးတွေတွေ့ရင် အလုပ်ပျက်ခံပြီး ထိန်းကျောင်းပေးချင်စိတ်ရှိသူပါ။ ဒီလိုထိန်းခဲ့တဲ့ အတွေ့အကြုံတွေရယ် ၊ ဖတ်မှတ်ခဲ့တဲ့ စာတွေက အသိတွေရယ်ကြောင့် ကလေးတစ်ယောက်တာဝန်ဟာ မွေးဖွားလိုက်ရုံနဲ့ ပြီးပျောက်မသွားဘူးဆိုတာ ပိုနားလည်လာတယ်။ ကိုယ်တိုင်အိမ်ထောင်ကျတော့ အိမ်ထောင်သက် (၅)နှစ်ပြည့်ပါမှ ကလေးယူတယ်။ အိမ်ထောင်သက်(၆)နှစ် ပြည့်ခါနီးမှ ကလေးမွေးတယ်ပေါ့။

ကလေးကို ဘယ်တော့ယူမယ်လို့ နှစ်ဦးသဘောတူ တိုင်ပင်ပြီးကတည်းက ကလေးတောက်တက် တောက်တက်လေးတွေမြင်ရင် ဘယ်လိုကြည်နူးမှန်းမသိဘူး။ ငါ့ကလေးသာဆိုရင်ဆိုတဲ့အတွေးက ရင်ထဲ နွေးမြနေတာပဲ။ စောင့်ကြည့်နေတဲ့သူမို့ ကိုယ်ဝန်ရှိနေတာကိုလည်း ရက်သတ္တပတ်နှစ်ပတ်အတွင်းကို သတိထားမိခဲ့တာပဲ။ ဘာပြောကောင်းမလဲ ပျော်တာပေါ့။ ကလေးရှိနေပြီဆိုတဲ့အသိနဲ့ မပူသေးတဲ့ ဗိုက်ပိန်ပိန်လေးကို ကြည့်ရတာကိုက ခံစားမှုတမျိုးနဲ့ ရင်ထဲမှာ ပီတိဖြစ်ပြီးပျော်နေတာ။ ဘာလေးမှန်းမသိထဲကချစ်တယ်။ ဘယ်လိုပုံလေးမှန်းမသိကတည်းက ချစ်တယ်။ ပုံမှန်လား ၊ ချို့ယွင်းနေသလား မသိလည်းပဲ ချစ်တယ်။ ကိုယ့်သွေးသားဆိုတဲ့ အတွေးနဲ့ကို ချစ်တာပါ။

နောက်ပိုင်း အစားမဝင်ဘဲ အန်ချည်းနေတော့ ဒီကာလကို အမြန်ကျော်ဖြတ်ချင်မိတယ်။ နေ့တိုင်းဟာ မစားနိုင် ၊ မသောက်နိုင် အန်ချည်းနေတော့ နုံးချိပြီး မပျော်မရွှင် စိတ်ငြစ်ငြူးတာပေါ့။ ကိုယ်ဝန်ကြောင့်ဖြစ်တယ်ဆိုတာ သိတယ်ဆိုပေမယ့် ခံစားမှုကတော့ ခံစားမှုပဲလေ။ ဒီလို မစားနိုင် ၊ မသောက်နိုင်ဆိုတဲ့ကာလကို မြန်မြန်ကုန်ဆုံးချင်မိတယ်။ ဟော … ဗိုက်ကလေးထွက်လာလို့ စားနိုင် ၊ သောက်နိုင် ပေါ့ပေါ့ပါးပါး ဖြစ်လာတော့ ဒီ့ပြင်ဟာတွေ စိတ်ကူးယဉ်မိလာရော။ ယောကျာ်းလေးလား ၊ မိန်းကလေးလား ၊ အဖေတူလား ၊ အမေတူလား တွေးမိတိုင်း ကိုယ်တိုင်ခံစားသိနိုင်တဲ့ သူ့နှလုံးခုန်သံရယ် ၊ ကိုယ့်နှလုံးခုန်သံရယ်မှာ သာယာလို့လေ။

Find a new job

တကိုယ်ထဲမှာ နှလုံးသားနှစ်ခု အလုပ်လုပ်နေတာကို ကာလရှည်ကြာ ခံစားသိနိုင်တဲ့သူတွေဆိုလို့ တုနှိုင်းမမီတဲ့ မိခင်တွေပဲ ရှိတာ။ ကိုယ်လန့်ရင် သူလန့်တယ် ၊ တခါတလေ စိတ်ပူပန်မှုတချို့တလေကြောင့် အားငယ်ပြီး ကိုယ်ဝန်ကြီးနဲ့ ကိုယ်ငိုမိတဲ့အခါ ဗိုက်ထဲမှာ သူသိသလိုနဲ့ ဟိုဖု ၊ ဒီဖု လုပ်လာပြတဲ့ကလေးဟာ ကိုယ့်ခံစားမှုတွေကို နားလည်ဖြေသိမ့်ပေးနေသလိုလို ၊ အမေ့ကို မငိုပါနဲ့လို့ တောင်းပန်နေသလိုလို… ကလေးကြောင့်ပဲ လောကဓံကို ရင်ဆိုင်မယ်ဆိုတဲ့ အားတွေပြန်ပြည့်လာတာ ၊ ဒီလောကဓံကို တန်ပြန်စိန်ခေါ်ချင်စိတ်တွေ ဖြစ်လာတာ ၊ ရင်ဆိုင်ဖြတ်သန်းရဲလာတာ မမြင်ရသေးတဲ့ ဗိုက်ထဲက ကလေးလေးပေးတဲ့ အားအင်တွေပါ။ ကိုယ်က အားလျော့အရှုံးပေးနေရင် သူက ဘယ်သူ့ကို အားကိုးမလဲလေ။ လက်ရှိ သူ့အားကိုးရာဟာ သူ့ကိုလွယ်ထားတဲ့ကိုယ်ပါ။

ကိုယ်ဝန်လရင့်လာတော့ နေရတာ ခက်ခဲလာသလို ထိုင်ရ ၊ ထရ ၊ အိပ်ရ ခက်ခဲလာတယ်။ ကိုယ်တိုင်ခံစားရတဲ့ဝေဒနာတွေ ၊ ချောချောမောမော မွေးပါ့မလားဆိုတဲ့အပူ ဒါတွေကတင် နေ့တဓူဝ မိခင်လောင်းတွေကို နှိပ်စက်နေပြီလေ။ ဒီကြားထဲမှာ ခင်ပွန်းနဲ့ အဆင်မပြေရင် ၊ အိမ်ထောင်ရေး မသာယာရင် ၊ စီးပွားရေးအဆင်မပြေရင် ၊ မွေးစရိတ်နဲ့ ကလေးစရိတ် လုံလောက်အောင် မရှိသေးရင် မိခင်ဟာ အနားယူရမယ့်အချိန်လည်း အနားယူခွင့်မရဘဲ အလုပ်လုပ်နေရမှာပါ။ ကိုယ်ဝန်လရင့်လာရင် အလုပ်တာဝန်တွေ လုပ်ဖို့မပြောနဲ့ အတတ်နိုင်ဆုံး ကိုယ်နဲ့ခါး ကောင်းကောင်း အနားယူချင်တယ်။ အိပ်ယာမှာဖြစ်ဖြစ် ၊ သက်တောင့်သက်သာဖြစ်တဲ့ ခါးမှီကုလားထိုင်လေးမှာဖြစ်ဖြစ် အနားယူနေရမှာလေ။ ဒါပေမယ့် မပြည့်စုံတဲ့ မိခင်လောင်းတိုင်းဟာ အနားယူခွင့်မရဘဲ စားဝတ်နေရေး ရုန်းကန်ရင်းက ကလေးမွေးဖို့ရက် နီးလာရတာပါ။

မွေးဖို့ရက်နီးလေ မြန်မြန်မွေးလိုက်ချင်လေဆိုတာ မိခင်လောင်းတွေပေါ့။ စကားကသာ မပေါ့မပါး တကယ်တော့ မသက်မသာကြီးပါ။ ခြေထောက်တွေဖောရောင် ၊ မျက်နှာတွေဖောရောင် ၊ လက်တွေဖောရောင် ၊ နေရခက်ခက်နေ့ရက်တွေကို အမြန်ကုန်ဆုံးချင်စိတ် ၊ ဗိုက်ထဲက ကလေးကို အပြင်မြန်မြန်ရောက်စေချင်စိတ်ဆိုတာလည်း မွေးခါနီးလေ ပိုဖြစ်လာလေပေါ့။ စိတ်ထဲမှာ ဒီကလေးအပြင်ရောက်ရင် သယ်ထားရတဲ့အလေးချိန် ၊ လွယ်ထားရတဲ့ဒုက္ခက ငြိမ်းပြီပေါ့။ ဒီတော့ ခပ်မြန်မြန် မွေးချင်ကြတယ်။ သားဦးဆိုပိုဆိုးသေး ။ ကလေးမျက်နှာကို မြင်ချင်လှပြီလေ။

 

ရိုးရိုးမွေးမွေး ၊ ဗိုက်ခွဲမွေးမွေး ကလေးမွေးတဲ့အမေတိုင်း ဗိုက်နာတာမဟုတ်ရင် ဗိုက်ခွဲထားတဲ့ဒဏ်ရာက နာကျင်မှုကို ခံစားကြရပါတယ်။ မီးနေသည်ဒုက္ခနဲ့ နာကျင်မှုတွေကြားထဲက နှစ်နာရီခြားတခါ ကလေးကို နို့တိုက်ကြရပြန်တယ်။ ဒီဒုက္ခက တော်တော်မသေးတာပါ။ အိပ်ကောင်းခြင်းမအိပ်ရဆိုတာ ဒါမှအစစ်လေ။ အိပ်ပျော်မယ်ကြံတုန်း နို့တိုက်ချိန်ရောက်ပြီ။ ကလေးအိပ်တုန်း နှပ်မယ်လုပ်ပေမယ့် မျက်စိကြောင်ပြီး အိပ်မရတော့တာလည်း ကြုံရဦးမယ်။ ဒဏ်ရာဆေးထည့်ရတာနဲ့ ဆီးချုပ်ဝမ်းချုပ် မအီမသာဖြစ်တာနဲ့ ကိုယ်ခွဲမရှိတဲ့မိခင်တွေဟာ ခင်ပွန်းနဲ့ မိသားစုတွေကမှ မကူနိုင်ရင် သွားပြီပေါ့။ ကလေးအိပ်ချိန်မှ အလုပ်တွေ ကျုံးလုပ်ရတော့တာလေ။ ကလေးနိုးရင် ပြေးပြီး ကလေးနို့တိုက်ရသေးတယ်။ အိမ်စီးပွားရေးပါ ပြေးလုပ်ရသေးတယ်ဆို သူ့ထက်ပင်ပန်းတဲ့သူတောင် သူ့လောက်မပင်ပန်းပါဘူး။ စိတ်ပင်ပန်း လူပင်ပန်းဆိုတာ သူမှသူအစစ်လေ။

ဒီလိုအချိန်တွေမှာ တချို့က နို့ဗူးပြောင်းတိုက်လိုက်တယ်။ မိခင်နို့ပဲ တိုက်တဲ့သူတွေကတော့ ကလေးဖြည့်စွက်စာ စားမယ့်အချိန်ကို မျှော်ပြီလေ။ ကလေးခြောက်လလောက်ဆိုရင် အစာစစားပြီမို့ ဒီလောက်ဒုက္ခခံစရာ မလိုတော့ဘူးလို့တွေးတယ်။ ဒီအတွေး တက်တက်စင်အောင်မှားမှန်း ကလေးခြောက်လရောက်ခါနီး ပိုသိလာတယ်။ သူဟိုဆွဲဒီဆွဲ ဆွဲချတတ်တာ ၊ ပါးစပ်ထဲ ဟိုပစ္စည်း ၊ ဒီပစ္စည်း ထည့်မှာကိုလည်း ပူရပြီ။ သူစားဖို့ တကူးတက ချက်ပြုတ်ကျွေးရတဲ့အလုပ်ပိုလာပြီ။ သူဖွထားတာတွေ ရှင်းဖို့အလုပ်ပိုလာပြီ။ ခဏချထားချိန် ဟိုဆွဲ ၊ ဒီဆွဲ စိတ်မချရတာ ၊ ငိုနေတာကြောင့် သူ့ကို ချီပြီးလုပ်ရတဲ့ဒုက္ခက မသေးဘူး။ ဒီတော့ ခပ်မြန်မြန်လေး သူ့ဘာသာ လမ်းလျှောက်တတ်လာရင် ကောင်းမယ်လို့ တွေးမိတယ်။

လမ်းလျှောက်တတ်လာပါပြီတဲ့။ ပိုနားရမလားမှတ်တယ်။ တောက်တက် တောက်တက် သူလျှောက်ဖွတာတွေ လိုက်ရှင်းဖို့ တာဝန်အကြီးကြီး ပိုလာပြီလေ။ စိတ်မချရဘူးဆိုတာလည်း အရင်ကထက်ပိုလာတယ်။ မျက်စိတမှိတ် ၊ လျှပ်တပြက်တည်းမှာတည်း တောက်တက် တောက်တက်နဲ့ လုပ်သွားတာ မြန်မှမြန်။ ပြေးတတ်လာချိန်မှာ ပိုဆိုး။ ဒီလိုနဲ့ စကားတွေပြောတတ်လာ ၊ မေးတတ်လာ ၊ ကစားတတ်လာတော့ သူ့ကို ဖြည့်ဆည်းပေးရမယ့်တာဝန်ဟာ အစားအသောက် ၊ အဝတ်အစားနဲ့ ကစားစရာတွေတင်မကဘူး သူမေးတဲ့ ဗဟုသုတတွေကိုပါ မှန်မှန်ကန်ကန် အကောင်းဘက်က သင်ပေးရင်း ဖြေတတ်ဖို့ ၊ ဖြေနိုင်ဖို့ ကိုယ်ပါ စာအုပ်လှန်မှတ်ရတဲ့အလုပ်ပါ တိုးလာတယ်။

ကလေးမူကြိုသွားချိန်မှာ အနားရမှာပါတဲ့ သူများတွေပြောတယ်။ ကျောင်းပို့ ၊ ကျောင်းကြိုလုပ်ရတဲ့အလုပ်ရယ် ၊ ဒီလိုသွားချိန်မှာ အိမ်နေဝတ် ၊ သန့်ရှင်းရေးလုပ်နေတဲ့ အဝတ်အစားတွေနဲ့သွားရင် လူကြားထဲ ကလေးမျက်နှာငယ်မှာစိုးလို့ သင့်တင့်အောင် ဝတ်စားပြင်ဆင်ရတဲ့အချိန်ရယ် ၊ ဝတ်စားပြင်ဆင်ရတဲ့ဒုက္ခရယ် တိုးလာပါတယ်။ ဒါ့အပြင် ကိုယ့်ကလေးဟာ အများအလယ် မျက်နှာမငယ်ရအောင် ၊ အများနဲ့တန်းတူ ပညာသင်နိုင်အောင် ၊ ဝတ်နိုင် ၊ စားနိုင်အောင်လည်း ဖြည့်ဆည်းပေးရပြန်ရော။ ကျယ်လာတဲ့ သူ့ပတ်ဝန်းကျင်မှာ သူမျက်နှာတင့်တယ် ဝင်ဆန့်အောင် ကိုယ်က ဆထက်တပိုး ပိုကြိုးစားရတယ်။

ကျောင်းကြီးတက်ရင် လက်လွတ်သွားပြီတဲ့။ ကျောင်းကြီးတက်ချိန်ကစပြီး သူ့ပတ်ဝန်းကျင်အသိုင်းအဝန်းက ပိုကျယ်လာပြီ ။ သူ့ဝန်းကျင်မှာ သူပိုပြီး ဝင်ဆန့်လာအောင် ၊ မျက်နှာပန်းလှအောင် ၊ ပညာရေးအောက်မကျအောင် ၊ ကလေးကို တွန်းတွန်းတိုက်တိုက် လုပ်ပေးဖို့တာဝန်ဟာ မိခင်တာဝန်ပဲပေါ့။ ကျောင်းကပြန်လာတဲ့သူ အိမ်စာတွေ လုပ်ပြီးအောင် အနားကစောင့်မကြည့်နိုင်ရင် စောင့်ကြည့်ရှင်းလင်းသင်ပြနိုင်တဲ့ ကျူရှင်ကို အပ်ရမယ်။ ကျောင်းကြို ကျောင်းပို့အပြင် ကျူရှင်ကြိုပို့တာဝန်လည်း ပိုလာပြီ။ သူများက ဒီလောက်ကန်တော့ရင် ကိုယ့်သားသမီးကို ဆရာမ မနှိမ်ဖို့ ကိုယ်လည်း ဒီလောက်တော့ ကန်တော့နိုင်အောင် ကြိုးစားဖြည့်ဆည်းရဦးမယ်။ ကလေးပညာရေးမြင့်လာလေ ပံ့ပိုးပေးရမှာတွေများလာလေပါပဲ။ သားသမီးနောင်ရေးကောင်းဖို့ဆိုတာနဲ့ ကိုယ့်ရဲ့စိတ်တွေကို မောင်းတင် ကြိုးစားရပြန်ရော။ ပညာရေးမပြီးဆုံးခင် လူပေါင်းမှားမှာ ၊ လမ်းလွဲသွားမှာကိုလည်း မျက်ခြည်မပြတ် သတိထား စောင့်ကြည့်ရသေးတယ်။ လမ်းမှန်တည့်ပေးရသေးတယ်။

ပညာစုံလို့ ကြင်ယာလည်းစုံဖို့ဖြစ်လာရင် ထိမ်းမြားခြင်းဆိုတာကို မိဘဝတ္တရားရှိတဲ့အတိုင်း ဆောင်ကြဉ်းပေးရပေဦးမယ်လေ။ ဒီကတဆင့် မြေးတာဝန် ၊ မြစ်တာဝန်တွေ ကိုယ်မကူလို့ မဖြစ်တဲ့ အခြေအနေတွေမှာ မိခင်တွေအဖို့ ဘယ်မှာလဲ သက်တောင့်သက်သာ နေရချိန်ဆိုတာလေ …. အဲဒီမိခင်ဟာ အိမ်ထောင်ရေးသာယာမှုကို မခံစားခဲ့ရတဲ့ သူတစ်ယောက်ဖြစ်မယ်ဆိုရင် ၊ ခင်ပွန်းရဲ့ဆိုးဒဏ်ကို သားသမီးမျက်နှာနဲ့ ခါးစည်းခံခဲ့တယ်ဆိုရင် ၊ တခုလပ် ၊ မုဆိုးမ ၊ Single Mother အဖြစ် ကလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ပေးခဲ့ရတယ်ဆိုရင် ဒီလိုစံပြမိခင်တွေရဲ့ဒုက္ခဆိုတာ ငရဲထက်သာသေးတယ်လို့ ဆိုချင်တယ်။ သူတို့ဟာ တနေ့ ၊ တရက် ၊ တလ ၊ တနှစ်မဟုတ်ဘဲ ဆယ်စုနှစ်တွေနဲ့ချီပြီး သားသမီးတွေအတွက် အရာရာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတယ်။

မိခင်တွေရဲ့တာဝန်ဟာ တာဝန်ယူရင်ယူသလောက် ၊ တာဝန်ကျေချင်ရင် ကျေချင်သလောက် ပြီးဆုံးသွားတယ်ရယ်လို့ မရှိပါဘူး။ သားမွေးတဲ့မြေးကလေးတွေကလည်း ချစ်စရာနှောင်ကြိုးတွေပါ။ သမီးမွေးတဲ့မြေးကလေးတွေကလည်း ချစ်ခင်တွယ်တာစရာ သံယောဇဉ်ကြိုးတွေပါ။ မြေးတွေကမွေးတဲ့ မြစ်တွေကိုလည်း ချစ်တာပဲ။ ကိုယ်ကသာအိုလာတာ ဒီကလေးတွေကို ကိုယ့်သားသမီးထိန်းကျောင်းတုန်းကလို ပဲ့ပြင်ထိန်းကျောင်းပေးချင်စိတ် အပြည့်ရှိတုန်း ၊ ဒါပေမယ့် သူတို့မှာ ကျွေးမွေး လုပ်ကိုင်ပေးနိုင်တဲ့ အင်အား ချိနဲ့လျော့နည်းလာခဲ့ပါပြီ။ သူတို့အနားယူချိန်ရောက်လို့မှ ဒီသံယောဇဉ်တွေကြောင့် အနားမယူနိုင်သေးရင် ကျွန်မတို့ တာဝန်ကျေပါရဲ့လား။

ရတု (Burmesehearts.com)

BurmeseApp on Google Play

Find a new job

You might also like More from author

Comments

Loading...
သင်ခန်းစာတွေသင်ယူဖို့ စာရင်းဝင်မယ် CLICK
toggle