Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ထန်းသီးကြွေခိုက် ကျီးနင်းလိုက် ကံဆိုးမိုးမှောင်ကျတဲ့အခိုက် – BurmeseHearts

ထန်းသီးကြွေခိုက် ကျီးနင်းလိုက် ကံဆိုးမိုးမှောင်ကျတဲ့အခိုက်

0

sad family
ကျီးနင်းလို့ ထန်းသီးကြွေတာမဟုတ်ဘဲ ထန်းသီးကြွေတဲ့အခိုက်မှာ ကျီးကနင်းမိလိုက်တာမျိုးပါ။

ကလေးတစ်ယောက်ဖြစ်တည်လာဖို့ဆိုတာ ကလေးကံ ၊ မိဘကံနဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ အသေအချာ နားလည်လာပြီးတဲ့နောက်မှာ ကံကောင်းတဲ့မိဘက အကျိုးပေးတဲ့ကလေးကို မွေးဖွားလာမှာဖြစ်ပြီး ကံမကောင်းတဲ့မိဘတွေကတော့ အကျိုးမပေးတဲ့ကလေး ရရှိနိုင်တယ်ဆိုတာကိုလည်း ယုံကြည်လက်ခံရပါမယ်။

ဗုဒ္ဓဘာသာအယူအဆအရ လူအဖြစ် ဖြစ်တည်တယ်ဆိုကတည်းက ယခင်ဘဝကံက ပေးလို့ ဖြစ်တည်လာခဲ့တာပါ။ ယခင်ဘဝက ကောင်းတဲ့အလုပ်လုပ်ခဲ့ရင် ဒီဘဝမှာ ကောင်းတဲ့ လူ့ဘဝကံရမယ်။ ယခင်ဘဝက ဆိုးတဲ့အလုပ်လုပ်ခဲ့ရင် ယခုဘဝမှာ ဆိုးတဲ့လူ့ဘဝကံဆိုတာ သန္ဓေတည်ကတည်းက ကံပါလာခဲ့တာပေါ့။ ဗုဒ္ဓဘာသာအယူအဆမှာ ကံကိုမယုံလို့လည်းမရဘူး။ လုံးဝပစ်ပယ်ထားလို့လည်းမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဗုဒ္ဓဘာသာဟာ ဖန်ဆင်းရှင်ဆိုတာကို မယုံကြည်ဘဲ (ကံ=အလုပ်) ဆိုတာကို လေးလေးနက်နက် ယုံကြည်သက်ဝင်နေလို့ဖြစ်ပါတယ်။

ကံက မျက်နှာမလိုက်တတ်တော့ ကိုယ်လုပ်ခဲ့တဲ့အတိုင်း ကိုယ်ပြန်ခံစားရဖို့ ကောင်းတဲ့မိသားစုလေးမှာ မွေးလာတာ ၊ ဆိုးတဲ့မိသားစုမှာ မွေးလာတာ ၊ ဆင်းရဲတဲ့မိသားစုမှာမွေးလာတာ ၊ ချမ်းသာတဲ့မိသားစုမှာမွေးလာတာ စသဖြင့် အမျိုးမျိုးကွဲပြားသွားတယ်လို့ ဗုဒ္ဓဘာသာမှာ ယုံကြည်ပါတယ်။ ဒီအတိုင်းပဲ မိဘတွေဟာ ကံဆိုးမယ့် အချိန်ရောက်ရင် အကျိုးမပေးတဲ့ကလေးကို မွေးဖွားလာမှာဖြစ်ပြီး ကံကောင်းမယ့်အချိန်ရောက်ရင် အကျိုးပေးတဲ့ကလေးကို မွေးဖွားလာမှာဖြစ်ပါတယ်။ ကလေးတစ်ယောက်ဖြစ်တည်လာဖို့ဆိုတာ ကလေးကံ ၊ မိဘကံနဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေတယ် မဟုတ်လား။

မွေးကင်းစကလေးက ဘာတွေ အကျိုးယုတ်စေနိုင်လို့လဲ ၊ ဘာတွေ အကျိုးပေးနိုင်လို့လဲလို့ တွေးစရာရှိပါတယ်။ ဘာမှ မလုပ်ကိုင်တတ်သေးတဲ့ အပြစ်မရှိတဲ့ (ဗိုက်ထဲမှာဆို လူရယ်လို့ လောက်လောက်လားလား မဖြစ်သေးတဲ့)ကလေးက ဘာမှလုပ်တာမဟုတ်ပါဘူး။ သူနဲ့အတူပါလာတဲ့ကံဆိုတာက အကြောင်း ၊ အကျိုးကို ဖြစ်စေတာပါ။ ဒါကြောင့် သာတူညီမျှထားတဲ့စိတ် ဆိုတဲ့ပို့စ်ထဲမှာ “မိဘနှစ်ဦးကြောင့် ဖြစ်တည်လာခဲ့တဲ့ကလေးဟာ သူ့ကံကလေး ပါလာတာကလွဲရင် လုံးဝအပြစ်ကင်းပါတယ်” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ကံကောင်းတဲ့ကလေးကို ရလာတဲ့မိဘတွေဟာ ဘာတွေ အကျိုးပေးနိုင်လဲဆိုရင် နဂိုကစီးပွားရေး ၊ လူမှုရေး အဆင်မပြေရင်တောင် ကလေးကိုယ်ဝန်ရကတည်းက စီးပွားရေး ၊ လူမှုရေး အဘက်ဘက်က အဆင်ပြေလာတာတွေ ၊ ထီပေါက်တာလိုမျိုး လုံးခနဲ ငွေဝင်လာတာတွေ ၊ ရာထူးတိုး စီးပွားတက် အလုပ်အကိုင်ကောင်းပြီး အဘက်ဘက်က အဆင်ပြေလာတာတွေဟာ မိဘတွေ ကံကောင်းဖို့ အချိန်တန်ပြီမို့ ကံကောင်းတဲ့ကလေး လာခြင်းကောင်းဖို့ သူ့ကံကလေးက မိဘအဆင်ပြေအောင် မမွေးခင် အဆင်သင့်လုပ်ပေးနေသလိုဖြစ်နေတာပါ။ မွေးပြီးနောက်မှာလည်း ကံကောင်းမယ့်ကလေးမို့ ကလေးဟာ ကောင်းကောင်းနေ ၊ ကောင်းကောင်းစားပြီး မတောင့်မတ မကြောင့်ကြရတဲ့ ကောင်းတဲ့ မိသားစုကလေးကို ရရှိနေနိုင်ပါတယ်။ တချို့ကျတော့လည်း ချမ်းသာပြီးသား ၊ အစစပြည့်စုံပြီးသားမိသားစုမှာ လူလာဖြစ်တာပေါ့။ ဒါဟာ သူ့ကံကလေးကြောင့် သူဖြစ်လာတာပါ။ ခုဘဝမှာ သူဟာတမင်ဒါတွေကို လုပ်ယူနေတာမဟုတ်ဘဲ ရှေးဘဝက ပါလာတဲ့ ကံလေးကြောင့် ဒီလိုအကျိုးကျေးဇူးကို ရရှိခံစားနေနိုင်တာပါ။

BurmeseHearts Blog

ကံမကောင်းတဲ့ကလေးကို ရရှိဖို့အချိန်ကျလာတဲ့ မိဘတွေကတော့ သူတို့ကံကိုက ကံဆိုးမိုးမှောင်ကျမယ့်အချိန်လည်း ဖြစ်နေလို့ပါ။ ကံမကောင်းဖို့ဖြစ်လာရင်တော့ ကလေးကိုယ်ဝန်ရကတည်းက စီးပွားရေး ၊ လူမှုရေး အဘက်ဘက်က ဆုံးရှုံးမှုတွေ ကြုံလာရနိုင်တယ် ၊ ငွေအလုံးအရင်းလိုက် ဆုံးရှုံးတာမျိုးတွေ ၊ လိမ်ခံရတာမျိုးတွေ ၊ ရာသီဥတုဖောက်ပြန်လို့ စီးပွားရှုံးတာမျိုးတွေ ၊ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးတာမျိုးတွေ ၊ ရန်သူမျိုးငါးပါးကြောင့် ဆုံးရှုံးတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ လူရယ်လို့ လောက်လောက်လားလား မဖြစ်သေးတဲ့ကလေးက ဗိုက်ထဲကနေ တမင်လုပ်ကိုင်နေတာမဟုတ်ဘဲ မိဘတွေကံဆိုးမယ့်အချိန်မှာ လာခြင်းမကောင်းတဲ့ကလေး ဖြစ်တည်ဖို့ စီးပွား ၊ ဥစ္စာ ၊ ရာထူး ဆုံးရှုံးခြင်းရယ်ပါ။ ဒီလိုမှမဟုတ်ရင် ကလေးက စုတ်ပြတ်နုံချာတဲ့မိသားစုမှာ ၊ ဆင်းရဲလွန်းတဲ့ မိသားစုမှာ ၊ ဗဟုသုတမပြည့်စုံဘဲ နှိပ်စက်ညှဉ်းပန်းတတ်တဲ့ မိသားစုမှာလည်း လူဖြစ်လာနိုင်တယ်လေ။ ဒါတွေဟာ ကလေးက တမင်ဒါတွေကို လုပ်ယူနေတာမဟုတ်ဘဲ ရှေးဘဝကံအကြောင်းကြောင့် ဒီလိုအကျိုးကျေးဇူးကို ရရှိခံစားနေရတာပါ။

အကျိုးပေးတဲ့ကလေးကို ရရှိတဲ့မိသားစုက ကလေးကို ဖူးဖူးမှုတ်ထားမှာဖြစ်ပြီး အကျိုးမပေးတဲ့ကလေးဟာ လူရယ်လို့ မသိတတ်သေးခင်မှာတင် မိဘမိသားစုရဲ့ အပြစ်တင်ငြူစူမှု ၊ ရိုက်နှက်ညှဉ်းပန်းမှု ၊ နှိပ်စက်ကလူပြုမှုတွေအပြင် သူ့ရပိုင်ခွင့်ဖြစ်တဲ့ စားချိန်စား ၊ ကစားချိန်ကစား ၊ ပညာသင်ချိန်သင် စတဲ့ အခြေခံရပိုင်ခွင့်တွေကိုတောင် မရရှိနိုင်ဘဲ ပစ်ပယ်ထားတတ်တဲ့မိဘ ၊ လျစ်လျူရှုတတ်တဲ့မိဘ ၊ ခိုင်းစားတတ်တဲ့ မိဘတွေကြောင့် အချိန်မတန်ခင်မှာ လမ်းပေါ်ရောက် ၊ လေလွင့်ကလေးငယ်တွေဖြစ် ၊ ကလေးအလုပ်သမားတွေဖြစ် ၊ သူဖုန်းစားလေးတွေဖြစ် ၊ လမ်းပေါ်အိပ် လမ်းပေါ်ကြီးပြီး စိတ်ဒဏ်ရာအကြီးကြီးနဲ့ အရွယ်ရောက်လာခဲ့တဲ့ လေလွင့်ဆိုးသွမ်းလူငယ်လေးတွေ ဖြစ်လာတော့တာပါပဲ။ ဒါတွေအကုန်လုံး ဆက်စပ်လိုက်ရင် အကြောင်းကြောင့် အကျိုးဖြစ်တာလို့ နားလည်လာပြီး ရှေးဘဝကံလေးကြောင့် ယခုဘဝမှာ ခံစား ၊ စံစားနေကြရတာပေါ့။

ဒီအတိုင်းပဲ မွေးကတည်းက ဖြစ်လာခဲ့တဲ့ ရောဂါသည်လေးတွေ ၊ ခြေလက်အင်္ဂါ မပြည့်စုံသူတွေ ၊ ဆုံးရှုံးရသူတွေနဲ့ အကြောင်းမကောင်းသူတွေဟာ မိဘကံ ၊ ကလေးကံနဲ့ တိုက်ရိုက်ပတ်သက်ဆက်စပ်ပြီး ဒီလိုဖြစ်လာဖို့ အကြောင်းဖြစ်လာတာမို့ မိဘက ကလေးကိုဖြစ်ဖြစ် ၊ ကလေးက မိဘကိုဖြစ်ဖြစ် အပြစ်တင်နေလို့ အခြေအနေက ပိုကောင်းလာမှာ မဟုတ်ပါဘူး။

ကံဆိုတာ အလုပ်လေ။ အရာရာတိုင်းကို ကံချည်းပုံချလို့မရဘဲ အလုပ်ကလေးနဲ့ မြှင့်တင်ရင် ကံကောင်းလာနိုင်ပါတယ်။ အရင်ဘဝကံမကောင်းလို့ ဆင်းရဲပြီး မပြည့်စုံတဲ့မိဘတွေဆီမှာ ဝင်စားလာပေမယ့် ဇွဲ ၊ လုံ့လ ၊ ဝီရိယနဲ့ ကြိုးစားမှုလေး ပေါင်းစပ်လိုက်ရင် ချမ်းသာကြီးပွားလို့ ကံကောင်းလာတဲ့သူတစ်ယောက်ဖြစ်နိုင်တာပဲ မဟုတ်လား။

လာခြင်းမကောင်းတဲ့ ဒီလိုသားသမီးမျိုးရရှိလာတဲ့ မိဘတွေဟာ ကလေးကချည်း အကျိုးမပေးလို့ ဒီလိုဖြစ်လာတာမဟုတ်ဘဲ ကိုယ်ကလည်း ကံဆိုးမယ့်အချိန်ရောက်လို့ ဒီလိုဖြစ်လာတာလို့ နားလည်ထားနိုင်ရင် ဘာမှ မသိသေး ၊ မပြောနိုင်သေး ၊ မလုပ်နိုင်သေးတဲ့ ပီဘိလူမမယ်လေးကို အပြစ်တင်ငြူစူတာတွေ နည်းသွားမယ် ၊ ညှဉ်းဆဲရိုက်နှက်ကြိမ်းမောင်းတာတွေ နည်းသွားမယ်။ ဒါ့အပြင် လာခြင်းမကောင်းတဲ့ကလေးကို သနားညှာတာမှု ၊ နားလည်ပေးမှုတွေနဲ့ နည်းမှန်လမ်းမှန် ပြုစုပျိုးထောင်ပေးလိုက်ရင် ကြိုးစားတတ်တဲ့ ကလေးဘဝဟာလည်း ကောင်းစားသွားနိုင်သလို ဒီကလေးကို နားလည်စွာမြှင့်တင်ပေးခဲ့တဲ မိမိမေတ္တာရောင်ပြန်ဟပ်လို့ မိမိဘဝဟာလည်း ကောင်းစားသွားနိုင်ပါတယ်။

ကလေးအကျိုးမပေးလို့ဆိုပြီး ကလေးကိုချည်း အပြစ်တင်မနေဘဲ ဒါဟာ မိမိတို့ ကံဆိုးချိန်ကျလာခဲ့လို့ဆိုတာ နားလည်လက်ခံထားရပါမယ်။ ကျီးနင်းလို့ ထန်းသီးကြွေတာမဟုတ်ဘဲ ထန်းသီးကြွေတဲ့အခိုက်မှာ ကျီးကနင်းမိလိုက်တာမျိုးပါ။ မိမိတို့ ကံဆိုးမိုးမှောင်ကျမယ့်အခိုက်မို့ လာခြင်းမကောင်းတဲ့ကလေး ရရှိတာမျိုးပါ။ ကလေးတိုင်းပျော်ရွှင်နိုင်ပါစေလေ။
ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like