Online courses marketplace in Burmese language. Become a student, become a teacher, learn

ကလေးတွေ ပျော်ပျော်လေး သင်ယူစေချင်

0

မိဘတွေက ကလေးတွေကို စာတော်စေချင်တယ်။ တတ်စေချင်တယ်။ ဒီတော့ တွန်းတွန်းတိုက်တိုက်လုပ်ခိုင်းတယ်။ မိဘတွေက တွန်းတွန်းတိုက်တိုက် လုပ်ခိုင်းလေလေ ၊ ကလေးတွေဟာ စိတ်ဖိစီးမှုတွေပိုလာလို့ စိတ်လုပ်ရမှာကြောက်လာလေလေ ဖြစ်လာရင် ကိုယ်ဖြစ်စေချင်တာနဲ့ ကလေးဖြစ်နေတာတွေဟာ ဆန့်ကျင်ဘက် ဖြစ်သွားနိုင်ပါတယ်။

စာလုပ်ရမှာကြောက်တဲ့ကလေးဟာ စာဘက်ထူးချွန်လာနိုင်ပါ့မလား။ လူကြီးမိဘ နဲ့ ဆရာသမားတွေကို ကြောက်လွန်းလို့ ၊ မလွန်ဆန်နိုင်လွန်းလို့ သူတို့ဖြစ်စေချင်သလို နင်းကန်ကြိုးစားလိုက်ရပေမယ့် အဲဒီရလဒ်အပေါ် မပျော်ပိုက်ကြတဲ့ အရွယ်ရောက်သူတွေလည်း အများအပြားရှိကြပါတယ်။

တကယ်ဖြစ်သင့်တာက ကလေးကို သူလုပ်ရမယ့်အလုပ်အပေါ် စိတ်ပါဝင်စားစွာ ပျော်ပျော်ရွှင်ရွှင် လုပ်သွားတတ်ဖို့ ၊ ကိုယ့်တာဝန် ကိုယ်ယူတတ်ဖို့ လူကြီးမိဘ ၊ ဆရာသမားတွေက သင်ပြပေးသင့်တာပါ။ အစကောင်းမှ အနှောင်းသေချာတာပါ။ သင်ယူမှု အစခရီးမှာကတည်းက ကလေးဟာ သင်ယူရမှာ ကြောက်နေပြီ ၊ မပျော်မွေ့ဘူး ၊ စိတ်ဖိစီးမှုတွေ ခံစားနေရပြီဆိုရင် သင်ယူရမှာ သူမလိုချင်တော့ဘူး။ ဒီလိုဆို သူ့အသိစိတ်ဓါတ်နဲ့ သူကြိုးစားတာမျိုး ၊ လိုလိုချင်ချင်နဲ့ ပညာသင်ယူတာမျိုးတွေ ကလေးမှာ ဘယ်ရှိနိုင်တော့မလဲ။

ကျွန်မငယ်ငယ်တုန်းက မူလတန်းအရွယ်အထိ စာဘက်မှာ မထူးချွန်ခဲ့ဘူး။ စတက်ခဲ့ရတဲ့ မူကြိုကျောင်းမှာကတည်းက စာဆိုရင်ကြောက်သွားခဲ့တာဟာ သင်ပေးတဲ့ ဆရာမတွေရဲ့ ဆူပူငေါက်ငမ်းနေတဲ့အသံတွေ ၊ လူမသိသူမသိ ပေါင်တွင်းကြော လိမ်ဆွဲခံခဲ့ရတာတွေ ၊ ကိုယ့်ထက် အတန်းကြီးတွေကို စာမရရင် ပေတံနဲ့ ဗျင်းနေတာတွေ ၊ အဆူခံ အရိုက်ခံရလို့ တဝါးဝါးငိုနေတဲ့ ကျောင်းသား ၊ ကျောင်းသူအသံတွေကြောင့် ငါလည်း တနေ့ ဒီနေရမှာ ဒီလိုအရိုက်ခံရတော့မယ်ဆိုတဲ့အတွေး ဝင်လာပါတယ်။

ဒီတော့ ကျွန်မ မူကြိုကတည်းက ကျောင်းသွားရမှာ ကြောက်တယ်။ ကျောင်းသွားရမယ့်အရေး အိမ်ကတည်းက ငိုလာလိုက်တာ ကျောင်းရှေ့ရောက်တဲ့အထိပဲ။ ဆရာမတို့မိသားစုကိုမြင်ရင် မငိုရဲဘူး။ တိတ်သွားတယ်။ တိတ်တယ်ဆိုတာ ငိုလို့အဆော်ခံရတော့မှာကိုသိလို့ ဆက်မငိုရဲဘဲ တိတ်သွားရတာ။ ဒါကို ကျောင်းလာပို့တဲ့ လူကြီးမိဘက မသိဘူး။ ပြန်ပြောပြလည်း မထူးဘူး။ ဆိတ်ရာ ၊ ရိုက်ရာတွေပါလာလည်း အဲဒီခေတ်က ကိုယ့်ကလေးဆိုးလို့ဗျင်းတာ နာနာဗျင်းမှ မြန်မြန်တတ်မှာလို့ မှတ်ယူကြတဲ့ခေတ်ဆိုတော့ မထူးဘူး။

မူကြိုကနေ ကျောင်းတက်ရတဲ့အရွယ် ကျောင်းမှာ ဆရာ ၊ ဆရာမတွေကလည်း လက်သံပြောင်တယ်။ အရိုက်ခံရမှာ ကြောက်စိတ်နဲ့ စာတော့လုပ်တယ်။ ကိုယ့်တော့ အရိုက်ခံမထိတော့ဘူး။ ဒါပေမယ့် ကျောင်းစာအပေါ် စိတ်ဖိစီးမှုတွေ သိပ်များခဲ့တယ်။ ဘယ်လောက်ထိ စိတ်ဖိစီးမှုတွေများခဲ့သလဲဆို စာမေးပွဲရှိတယ်ဆိုတာ သိရတဲ့နေ့မှာ တခါဖျားတယ်။ စာမေးပွဲနီးရင်ဖျားတယ်။ အောင်စာရင်းထွက်တော့မယ့်အချိန် တခါဖျားတယ်။ ဒီလိုနဲ့ ကျွန်မမူလတန်းအရွယ် (လေးတန်းအထိ) အဖျား သံသရာလည်ခဲ့တယ်။ ဒါတွေဟာ စိတ်ဖိစီးမှုကြောင့်ပါ။

အလယ်တန်းနဲ့ အထက်တန်းအရွယ်မှာတော့ ကိုယ့်မှာရှိတဲ့ စိတ်ဖိစီးမှုတွေကို စာဘက်ထွက်ပေါက်ပေးလိုက်တယ်။ စာကြောင့် စိတ်ဖိစီးမှုတွေ ခံနေရတဲ့ကိုယ်ကို စာတွေကျက်မှတ်ရင်း ပြန်ထွက်ပေါက်ပေးလိုက်တော့ စာဘက်မှာထူးချွန်လာတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတွေကတော့ မပျောက်သွားဘူး။ ဘယ်မှာသိသာသလဲဆို စာမေးပွဲရှိတိုင်း ၊ စာမေးပွဲနီးတိုင်း ၊ အမှတ်စာရင်းတွေပြောတိုင်း ၊ နောက်ဆုံး ဆုတက်ယူဖို့ ဖိတ်စာတွေ ပေးတဲ့အခါမှာ စိတ်လှုပ်ရှားလွန်ပြီး ဖျားတာမပျောက်သွားခဲ့ဘူး။

ဒီလိုနဲ့တက္ကသိုလ်မှာ ဘွဲ့တခုရဖို့ စာတွေထပ်ကျက်ရပြန်ရော။ နိုင်ငံခြားမှာ ကျောင်တက်ဖို့ စာတွေ ဆက်လေ့လာရ ဆက်တက်ဖြစ်တော့လည်း စာတွေဆက်ကျက်ရနဲ့ အဲဒီအချိန်တွေတုန်းက ကျွန်မကို အလိုချင်ဆုံးဆုတစ်ခုတောင်းပါဆိုရင် စာတွေကျက်ရခြင်းရဲ့ဒုက္ခကင်းပါစေလို့ ဆုတောင်းမိမှာပါ။

အခုလို ကိုယ်တကယ်နားလည်လာတဲ့အချိန် ဒီလိုဆုတောင်း ဘာကြောင့်တောင်းချင်သလဲဆို ကျွန်မဟာ စာတွေကို လိုလိုချင်ချင် ကျက်မှတ်လေ့လာခဲ့တာမျိုး မဟုတ်ခဲ့လို့ဆိုတာ သိလာခဲ့တယ်။ နင်လားဟဲ့သရဲ ငါလုပ်လိုက်မယ်ဆိုတဲ့စိတ်လိုမျိုးနဲ့ နင်လားဟဲ့ ငါ့ကိုလန့်စေတဲ့စာ နိုင်အောင်အလွတ်ကျက်မယ်ဆိုတဲ့စိတ်ကြောင့် ဒီဒုက္ခနဲ့ ခပ်ဝေးဝေးမှာ နေချင်တဲ့စိတ်ဖြစ်လာခဲ့တာ။

ဒီလိုသိနားလည်လာတော့ ကိုယ့်သားသမီးဆိုတာများရှိလာခဲ့ရင် ဖိအားပေးမှုတွေကင်းတဲ့သင်ခြင်းတွေနဲ့ ကိုယ်က အစပျိုး လေ့ကျင့်သင်ပေးမယ်။ ဖိအားပေးမှုတွေ နည်းနိုင်သမျှနည်းတဲ့ ကျောင်းပညာရေးစနစ်ကောင်းကောင်းမှာ ကျောင်းထားမယ်။ သူလေ့လာတာဟာ သူလိုချင်လို့ လေ့လာတာမျိုးပဲ ဖြစ်စေရမယ်။ ဖိအားကြောင့် ကြောက်ကြောက်နဲ့ စိတ်ဖိစီးမှုကြီးစွာ လေ့လာရတာမျိုး မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားခဲ့တယ်။

ကျွန်မသမီးကလေးကို ဟောဒါမျက်လုံး မျက်လုံးကဘာလုပ် ၊ ဟောဒါနှာခေါင်း နှာခေါင်းကဘာလုပ် ၊ ဟောဒါနား နားကဘာလုပ် စသဖြင့်ကို အမူအရာ ၊ ဟာသတွေပြောပြီး သူပါလိုက်လုပ်တတ်အောင် အိမ်မှာစသင်ခဲ့တယ်။ ကစားရင်းသင်တဲ့ပုံစံလိုမျိုးပဲသင်ခဲ့တယ်။ သင်တာကို သင်တာမှန်းမသိစေပဲ တတ်သွားရအောင် သင်တယ်။

စာအုပ် ၊ စာပေတွေကို ချစ်တတ်အောင် သူလသားလေးကတည်းက အဝတ်စနဲ့လုပ်တဲ့ လျှော်ဖွတ်နိုင်တဲ့ စာအုပ်တွေကနေ ၊ ပကျိ ပကျိ အသံမြည်တဲ့ စာအုပ်တွေ ၊ သင်ထောက်ကူ ပစ္စည်းအစုံနဲ့ ကိုယ့်အိမ်မှာ အပြည့်အစုံ ဝယ်ထားပြီး ကျောင်းမှာ သူတွေ့မြင်နိုင်တာတွေကို အိမ်မှာကတည်းက ရင်းနှီးအောင် လေ့ကျင့်ပေးခဲ့တယ်။

တစ်နှစ်ခွဲဆိုတဲ့အရွယ်မှာကတည်းက ကျောက်သင်ပုန်း အဖြူ ၊ အမည်း ၊ ရေးခြစ်စရာစာအုပ် ၊ သူစိတ်ဝင်စားရာရာစာအုပ်တွေ တင်ထားတဲ့စင် ၊ ရောင်စုံခြယ်နိုင်ဖို့ မြေဖြူရောင်စုံ ၊ ကျောက်တံ ၊ ရောင်စုံခဲတံတွေကိုလည်း ဝယ်ပေးခဲ့တယ်။ အဲဒီအရွယ်ဟာ နားမလည်တတ်သေးတော့ ပစ္စည်းအများစုဟာ ပျက်စီးပါတယ်။ စာအုပ်တွေဆိုရင် ကတ်ထူနဲ့လုပ်ထားတဲ့ စာအုပ်တွေတောင် စုတ်ပြဲတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကလေးကို မဆူခဲ့ဘူး။ စာအုပ်ဟာ ရေးခြစ်စရာ ၊ ဖတ်စရာ ၊ စာအုပ်ဟာ စိတ်ဝင်စားစရာဖြစ်အောင်ပဲ လေ့ကျင့် သင်ကြားပေးခဲ့တာပါ။

နှစ်နှစ်ခွဲ သုံးနှစ်ဆိုတဲ့အရွယ်မှာ သူဟာ အိမ်မှာရှိနေတဲ့ သင်ထောက်ကူ ပစ္စည်းတွေနဲ့ ရင်းနှီးလာတယ်။ ဒီ့မတိုင်မီမှာ သူ့ကိုယ်ပေါ်မှာရှိတဲ့အရာတွေ ၊ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့အရာတွေကို ကစားရင်း ၊ လမ်းသွားရင်း ၊ ကြုံကြိုက်ရင်း သင်ခဲ့တာတွေပါ။ စာရယ်လို့ တိတိကျကျ ထိုင်သင်တာမျိုး ကလေးလည်း စိတ်မဝင်စားဘူး။ ကိုယ်လည်း ဖိအားပေးလို့ မလုပ်ဘူး။ သုံးနှစ်ကျော်လာတော့ သူရင်းနှီးနေတဲ့ စာအုပ်တွေကို အမေ့ဆီယူလာပြီး ဖတ်ပြခိုင်းတာမျိုး ။ သူကိုယ်တိုင် လိုက်ဖတ်တာမျိုးတွေ လုပ်လာတော့ သင်ပေးရကောင်းလာတယ်။

သုံးနှစ်ကျော်ကျော်လောက်မှာဆို ရောင်စုံခဲတံတွေနဲ့ အရေးစတာမျိုးတွေ သူ့ဘာသူ လုပ်လာတယ်။ ဥပမာ – ၀ ကိုခပ်ကြီးကြီးဝိုင်း မျက်လုံးတွေထည့်ပြီး မျက်လုံးလို့ သူ့ဘာသာသူပြောရင်းဆွဲတာမျိုး ၊ မျက်ခုံးထည့်ပြီး မျက်ခုံးလို့ပြောတာမျိုး ၊ နှာခေါင်းထည့်လို့ နှာခေါင်းလို့ပြောတာမျိုး ၊ ပါးစပ်ပုံဆွဲပြီး ပါးစပ်လို့ပြောတာမျိုးတွေပါ။ ကျွန်မရဲ့သင်ကြားနည်းကတော့ ကလေးကို သင်လို့ သင်နေမှန်းမသိအောင် ကစားရင်းသင်တယ် ။ ပုံဆွဲရင်းသင်တယ်။ တဆင့်ချင်းစီ ခပ်လွယ်လွယ်လေး သင်ပေးသွားတာပါ။

ခပ်လွယ်လွယ်လေးနဲ့ ကစားသလို ၊ ပုံဆွဲသလိုမျိုး တဆင့်ချင်းစီသင်သွားတော့ သင်ယူနေရတာတွေဟာ သူ့အတွက် မခက်ခဲဘူးဖြစ်လာတယ်။ ဘာဟာ ဘာဆိုတာ သူကောင်းကောင်းနားလည်လာရင် သူသိပြီးသား အကြောင်းအရာတွေထဲက ခပ်လွယ်လွယ် စာလုံးပေါင်းနိုင်တာတွေကို ဦးဆုံးသင်ပေးတော့ ကလေးဟာ စာလုံးပေါင်းတွေပါ ရင်းနှီးလာတယ်။ ရေးတတ်လာတယ်။ ဘာကိုမှ ဖိအားပေးမသင်ပေးခဲ့ရဘူး။

ကလေးကိုစာသင်ရင် ကြိမ်လုံးသို့မဟုတ်  ပေတံနဲ့ ထောက်ပြသင်မှ ကလေးအာရုံစိုက်မယ်လို့ ယူဆရင်လွဲနေပါပြီ။ ကျွန်မကလေးကို စာသင်ရင် ဘယ်တော့မှ ကြိမ်လုံးမသုံးသလို ပေတံလည်းမဆောင်ဘူး။ ပထမအကြိမ် သူ့ကိုသင်ရင်းကိုယ်ပါလိုက်ရွတ်တယ်။ နောက်တကြိမ်သူ့ကို တစ်ယောက်တည်း စာလုံးတစ်လုံးချင်းစီထောက်လို့ လိုက်ရွတ်စေတယ်။ ဒါကို ကလေးအများစုက လွယ်လွယ်ကူကူ လုပ်ကြမှာ မဟုတ်ပါဘူး။ ဒီလိုရွတ်ပြီးနောက်မှာ စိတ်ဝင်စားစရာ ကစားနည်းမရှိရင်ပေါ့။

သမီးလေးကတော့ ကျွန်မနဲ့ရွတ်ပြီး သူ့တစ်ယောက်တည်း ရွတ်ရမယ့်အချိန်ဆိုလည်း ပျော်ပျော်ရွှင်ရွှင် လိုက်ရွတ်တယ်။ သူရွတ်ပြီးရင် အမေ့ကို သူပြန်သင်ရမယ့်အလှည့်လေ။ သူထောက်တာကို ကျွန်မက တပည့်တစ်ယောက်လို လိုက်ရွတ်တယ်။ သူ့အဖေရှိနေတဲ့အခါတိုင်း ကျွန်မကို စာထောက်မေးပြီးရင် သူ့အဖေကိုပါ စာထောက်ပြီးမေးတယ်။ သူ့အဖေကလည်း တလေးတစား တစ်လုံးချင်းစီကို ပြန်ရွတ်ဖြေတယ်။ အဲဒီတော့ ကလေးဟာ ဆရာမတလှည့်စီလုပ်တဲ့ ဒီလိုကစားတဲ့နည်းနဲ့တင် လေးခေါက်မှတ်မိသွားတာပေါ့။ ခပ်များများ ကစားပြီးရွတ်လေ ခပ်များများ ဦးနှောက်ထဲစွဲလေမဟုတ်လား။

ကလေးဟာ ကစားရင်း ၊ ဆရာလုပ်ရင်း ၊ အရောင်ခြယ်ရင်း ၊ အမေပုံဆွဲသင်တာကို စိတ်ဝင်တစားကြည့်ရင်း စာတွေရသွားတော့ စာသင်လို့ သင်နေမှန်းမသိဘဲ ကစားနေသလိုဖြစ်နေတာမို့ စာသင်ရတာ ပျော်မွေ့လာပါတယ်။ စာရေးရတာ ၊ စာလုံးပေါင်းတွေ မှတ်ရတာကိုလည်း ပျော်မွေ့လာတယ်။ ဒါ့အပြင်ကျောင်းကဆရာမတွေကလည်း ကလေးတွေကို ရိုက်နှက်သင်တာမျိုးမရှိတဲ့အတွက် စာလုပ်ရမှာပျော်တဲ့ကလေးဟာ ကျောင်းသွားရမှာလည်း တက်ကြွနေတယ်။ ကျောင်းနေပျော်မှ စာတော်မှာလေ။

အရင်းစစ်လိုက်ရင် လက်ဦးဆရာဟာ မိနဲ့ဘပါ။ အိမ်မှာ စိတ်ဖိစီးမှုနည်းနည်း ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ စပြီးလေ့လာခွင့်ရခဲ့တာမျိုးဆို အဲဒီလို လေ့လာခြင်းမှာ ကလေးဟာ ပျော်မွေ့လာမှာပါ။ ဒါ့အပြင် ကျောင်းရွေးမှန်ပြီး ကျောင်းမှာလည်း စိတ်ဖိစီးမှုတွေမရှိဘူးဆိုရင် ကလေးဟာ လေ့လာသင်ယူခြင်းမှာ အားသန်လာပါလိမ့်မယ်။

လေ့လာသင်ယူမှုမှာ အားသန်လာတဲ့အခါ ရည်မှန်းချက်ကြီးရင်ကြီးသလောက် ထွန်းပေါက်မယ့်သူဖြစ်လာမှာပါ။ တကယ်ဆို လေ့လာမှုခရီးအစမှာကတည်းက စိတ်ဖိစီးမှုကင်းစွာ ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့လာခွင့်ရဖို့ အထူးအရေးကြီးလှပါတယ်။ ပထမခြေလှမ်းဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ပထမခြေလှမ်း မြဲမြံခိုင်မာသွားရင် နောက်ထပ် ခြေလှမ်းတွေ ဆင့်ကာ ဆင့်ကာ ၊ အောင်မြင်မှုတွေ ဆင့်ကာ ဆင့်ကာလှမ်းရင်း ခရီးပန်းတိုင်အရောက် ချီတက်နိုင်မှာပါ။

ရတု (Burmesehearts.com)

You might also like