ကလေးကို ထိထိရောက်ရောက် ထိန်းကျောင်းသွန်သင်ချင်သော မိဘများမှတ်သားဖွယ်

0

ကလေးကို ထိန်းကျောင်းသွန်သင်တဲ့အခါမှာ ကလေးကို ဘယ်သူက အဓိက ထိန်းကျောင်းသွန်သင်မလဲဆိုတာ အရင်ရွေးချယ်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒီလူဟာ ကလေးနဲ့ အချိန်အများကြီး ကုန်ဆုံးနိုင်တဲ့လူဖြစ်သင့်ပါတယ်။ အချိန်အများကြီးမကုန်ဆုံးနိုင်ဘဲ ကလေးကို အဓိကထိန်းကျောင်းသွန်သင်မယ်ဆိုတဲ့နေရာ ယူထားတဲ့အတွက် ကလေးဟာ ရေရှည်မှာ ကိုယ့်ရှေ့ရှိတုန်းခဏပဲ ကိုယ်ပြောတဲ့စကားနဲ့ အမူအကျင့်ကို လက်ခံကျင့်သုံးနိုင်ပါတယ်။ ဒါတောင်မှ မသေချာပါဘူး။

သူအရွယ်ရလာလေ သူတတ်သိလာတဲ့ အတတ်ကောင်းလေးတွေကို လုပ်တော့မှာပေါ့။ ကိုယ်မလုပ်နဲ့ပြောလည်း ကိုယ့်နောက်ကွယ်မှာ သူလုပ်နေတာ ကိုယ်ဘယ်သိနိုင်မလဲနော်။ ကလေးနဲ့ ကင်းကွာနေတဲ့အချိန်များလေ ကလေးကို စည်းကမ်းတကျ ထိန်းကွပ်ဖို့ခက်လေမို့ ကလေးကို အဓိက ထိန်းကျောင်းသွန်သင်မယ့်သူဟာ ကလေးနဲ့ အချိန်အများကြီး ကုန်ဆုံးနိုင်တဲ့လူဖြစ်သင့်တယ်လို့ ဆိုခဲ့တာပါ။

ကျွန်မပို့စ်တွေရဲ့ Facebook Comment တွေမှာ ကလေးဟာ ကလေးမိဘစကား နားမထောင်လို့ ၊ အကျင့်ပြောင်းလာလို့ ၊ လိမ်တတ်လာလို့ ၊ ထိန်းမရလို့ စသဖြင့် မိဘတွေက အကြံဥာဏ်တောင်းတာတွေကို တွေ့ရပါတယ်။ အားလုံးအတွက် ခြုံငုံဖြေပေးလိုတာက ကလေး စည်းကမ်းတကျရှိဖို့ ၊ နာယူသင်လိုစိတ် ၊ ကိုယ်ချင်းစာစိတ် ၊ သည်းခံစိတ် ၊ နားလည်ခွင့်လွှတ်စိတ် ၊ ဖျတ်လတ်တက်ကြွစိတ် ၊ ထိုးထွင်းကြံဆတတ်မှု စသဖြင့်သော အရည်အချင်းတွေ ပြည့်စုံဖို့ဆိုရင် ကလေးအနားမှာ အချိန်အများစုရှိနိုင်ပြီး ကလေးကို အနီးကပ် ထိန်းကျောင်းသွန်သင်ပေးမယ့်သူက ဒါတွေကို ကျင့်သုံးတတ်သူ ၊ ကလေးနာလိုချင်အောင် အဘက်ဘက်က အမျိုးမျိုး သင်ပေးတတ်ဖို့လိုပါတယ်။

ကလေးကို သင်တဲ့သူကိုယ်တိုင်လည်း သူသင်ထားတာတွေကို ယုံကြည်စွာ ပြုမူလုပ်ကိုင်သူ ဖြစ်ရပါမယ်။ ဒီလိုမှမဟုတ်ရင် ကလေးဟာ သင်တဲ့အတိုင်းလုပ်ဖို့ထက် သင်တဲ့သူအတိုင်း ပြောဆိုလုပ်ကိုင်နေမှာပါ။ သင်တဲ့သူများပြီး တယောက်တပေါက် ပြောဆိုကြတဲ့အခါမှာ ကလေးဟာ စိတ်ထွေပြား ရောယောင်လာပြီး ဘာကိုအတည်နာခံရမှန်းမသိ ၊ ဘယ်ဆိုဆုံးမမှုကို နာခံလုပ်ကိုင်ပြောဆိုရမှန်းမသိဘဲ လွတ်သွားတတ်ပါတယ်။

ဒီကြားထဲမှာ ကလေးကိုဖိအားပေး လုပ်ခိုင်းတဲ့သူတွေရှိနေရင် ကလေးဟာ အရွယ်ရလာတာနဲ့အမျှ စည်းလွတ် ၊ ဝါးလွတ် လူကြီးနောက်ကွယ်မှာ ကိုယ်လုပ်ချင်ရာလုပ်နိုင်ပါတယ်။ သူ လေးစားအထင်ကြီးသူတွေဆီက ၊ သူကြည့်တဲ့ရုပ်မြင်အစီအစဉ်တွေ ကာတွန်းတွေက ၊ သူကြားခဲ့တဲ့စကားတွေကနေ သင်ယူပြီး အတတ်ဆန်းထွင်လို့ ပြုမူပြောဆိုလုပ်ကိုင်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အဓိက ထိန်းကျောင်းသွန်သင်မယ့်သူဟာ ကလေးနဲ့ အချိန်အများကြီး ကုန်ဆုံးနိုင်တဲ့လူဖြစ်သင့်တယ်လို့ အရင်ဆုံးဆိုခဲ့တာပါ။

ဒီလူက ကလေးနဲ့ အချိန်အများစု ကုန်ဆုံးသူဖြစ်တဲ့အတွက် ကလေး ကိုယ်စိတ်အမူအရာပြောင်းလဲတာနဲ့ ချက်ချင်း သတိထားမိတယ်လေ။ သူနဲ့အနေများတာကိုး။ ဒီအခါ ဒါဟာ မပြောသင့် ၊ မလုပ်သင့်တာတွေကို ချက်ချင်းပဲ့ပြင်ပေးနိုင်ပါတယ်။ ချက်ချင်းပဲ့ပြင်ပေးနိုင်ရင် ဒီအကျင့်ကြီး ကလေးမှာ အမြစ်မတွယ်သေးတာမို့ ပြောင်းလဲရလွယ်ပါတယ်။ ကလေး လုပ်ကျင့် ၊ ပြောကျင့် ဖြစ်နေမှသိတယ်ဆိုရင် ဒီအကျင့်ကြီးဖျောက်ဖို့ကို စိတ်ရှည်ရှည် အချိန်ယူ ပြင်ရဦးမှာပေါ့။

ကလေးနဲ့ အချိန်အများကြီး ကုန်ဆုံးပြီး ကလေးကို အဓိက ထိန်းကျောင်းသွန်သင်မယ့်သူဟာ ပထမဦးစွာ ကလေးထိန်းကျောင်းမှုဆိုင်ရာ စာများများဖတ်ကျင့်ရှိသူဖြစ်ရင် ပိုကောင်းပါတယ်။ မဖတ်ခဲ့ဘူးဆိုသည့်တိုင် ဖတ်ချင်စိတ်ရှိတဲ့သူတော့ ဖြစ်သင့်ပါတယ်။ ဖတ်ချင်စိတ်ရှိမှလည်း လူကြီးမိဘတွေဝယ်ပေးတဲ့ ကလေးထိန်းကျောင်းမှုဆိုင်ရာ စာအုပ်တွေ ၊ စာပေတွေကို ဖတ်မှတ်ချင်မှာဖြစ်ပါတယ်။ ခေတ်က နေ့တွေ ၊ အချိန်တွေနဲ့အမျှ တိုးတက်ပြောင်းလဲနေပါတယ်။

ကိုယ့်ကလေးဟာ ခုခေတ်မှာ ကြီးပြင်းလာမယ့်သူမို့ ခေတ်မီဆီလျော်စွာ ဆုံးမပဲ့ပြင်တတ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီခေတ်ထဲမှာပေါ်လာတဲ့ ကလေးထိန်းကျောင်းမှုဆိုင်ရာ စာအုပ် ၊ စာပေတွေ များများဖတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း ကလေးထိန်းသူရဲ့အတွေးအခေါ်ဟာ ခေတ်နဲ့ရောင်ပြန်ဟပ်လို့ ခေတ်နဲ့လျော်ညီစွာ ကလေးကို သင်ကြားသွန်သင်ဆုံးမနိုင်မှာဖြစ်ပါတယ်။

ကိုယ်ငယ်ငယ်က သိလာခဲ့တဲ့ ကြီးပြင်းလာပုံနဲ့တော့ ကလေးကို ထိန်းကျောင်းဖို့မလွယ်လှပါဘူး။ ခေတ်ကမတူတော့ဘူးလေ။ ကိုယ့်ခေတ်မှာ iPad ဆိုတာတွေ ၊ YouTube ဆိုတာတွေ မပေါ်သေးတော့ ကလေးကို အရပ်ထဲပြေးလွှားရင်း ကြီးပြင်းစေမယ်ဆို မဖွံ့ဖြိုးလှသေးတဲ့အရပ်ဒေသမှာပဲ လုပ်လို့ရမှာပါ။ ဒါက ခေတ်ကိုရောင်ပြန်ဟပ်စေတဲ့ ဥပမာတခုဖြစ်ပါတယ်။ ဘယ်ဘက်ကမဆို အကောင်းဘက်က တွေးတတ် ၊ ယူတတ်ရင် ပညာတွေပါ။

အရင်ခေတ်က ကောင်းတဲ့ လေးစားမှု ၊ ရိုသေမှု ၊ ကူညီရိုင်းပင်းမှု စတာတွေကို ဒီခေတ်ထဲအထိ လက်ဆင့်ကမ်း ယူလာရမှာဖြစ်သလို ဒီခေတ်နဲ့ဆီလျော်တဲ့ သင်ယူခြင်းဆိုင်ရာတွေကိုလည်း သင်ပေးရဦးမှာပေါ့။ ဒါပေမယ့် ကလေးကိုသင်တဲ့ လူကြီးမိဘတွေကိုယ်တိုင်က ခေတ်ဟောင်းက အယူအဆတွေကိုပဲ ဆွဲကိုင်ထားမယ်ဆိုရင် ကလေးနဲ့လူကြီးမိဘတွေအကြားမှာ အတွေးအခေါ် ၊ အယူအဆ ၊ နားလည်သဘောပေါက်မှု ၊ လက်ခံနိုင်မှုဆိုတာတွေ ၊ သဘောထားတွေ ကွဲလွဲလာပြီး ပိုဆိုးလာရင်တော့ မိဘနဲ့သားသမီး စိတ်ချင်း ၊ ခံယူမှုချင်း ဝေးကွာလာနိုင်ပါတယ်။

BurmeseHearts Blog

ကျွန်မအတွေ့အကြုံနဲ့ ကျွန်မလုပ်ကိုင်ခဲ့တာတွေကို ပြန်မျှဝေပါရစေ။ ငယ်ငယ်ကတည်းက ကလေးချစ်တတ်ပြိး ကလေးတွေကို စိတ်ဝင်စားတတ်တဲ့ကျွန်မဟာ ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ကိုယ်ဝန်နဲ့ပတ်သက်သမျှ ၊ ကလေးနဲ့ပတ်သက်သမျှ စာအုပ် ၊ စာပေတွေ စုတာ ၊ ဖတ်တာ ၊ မှတ်တာတွေ လုပ်ပါတယ်။ ကိုယ်ဝန်ရလာတော့ မိသားစုအတွင်းမှာ ကလေးနဲ့အနေများမယ့် ကျွန်မကို ကလေးအား အဓိကဆိုဆုံးမခွင့်ပေးဖို့ ခွင့်တောင်းပါတယ်။ မိခင်က သူ့ကလေးဆုံးမတာ ဘယ်သူ့ခွင့်တောင်းစရာလိုသလဲလို့ တွေးမှာပဲနော်။ ဒီလိုခွင့်တောင်းတယ်ဆိုတာ ကျွန်မကလေးကို ဆုံးမနေချိန်မှာ တခြားသူက ကလေးနဲ့ကျွန်မကြားကို ဝင်မလာဖို့ ၊ ဝင်မပြောဖို့ဖြစ်ပါတယ်။ ဒါဟာ ကလေးအာရုံစူးစိုက်မှု ၊ နာခံလိုမှုအတွက် အထူးအရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မကလေးကို ကျွန်မ ဆုံးမခွင့်ပေးကြဖို့ ကျွန်မမိခင်နဲ့ ၊ ကျွန်မခင်ပွန်းကို ကျွန်မခွင့်တောင်းခဲ့တာပါ။ ဒီလို သဘောတူညီချက်ကို ကလေးကိုယ်ဝန်စရှိကတည်းက ထားခဲ့ကြတာပါ။

ကလေးဆိုတာ သူလုပ်ချင်ရာ ၊ သူလိုချင်ရာကိုပဲသိတာလေ လျော်မလျော် ၊ သင့်မသင့်ဆိုတာကို မသိပါဘူး။ ကလေးတကယ်အပြင်ရောက်လာတဲ့အခါမှာ မတော်တာတွေ့လို့ ကျွန်မဆုံးမရင် ကလေးဟာ ပထမတော့ ဒီလိုဆုံးမတာကို စိမ်းနေသေးတာမို့ ငိုနိုင်ပါတယ်။ ကလေးငိုတဲ့အခါမှာ မနေနိုင်တဲ့လူကြီးတွေက ကလေးကိုဆုံးမရကောင်းနိုး ၊ ကလေးကို အငိုခံရကောင်းနိုးဆိုပြီး ကျွန်မကို ဝင်တားတာ ၊ ကလေးကို ချီယူတာတွေ လုပ်ကြပါသေးတယ်။ ဘာကြောင့်ဆုံးမရတယ်ဆိုတာနဲ့ ကျွန်မတို့သဘောတူထားတဲ့အတိုင်း ကလေးကို ဆက်ဆုံးမခွင့်ပေးဖို့ ၊ ကလေးနဲ့ ကျွန်မရဲ့ခပ်ဝေးဝေးမှာနေကြဖို့ ၊ ကျွန်မတို့ရဲ့ မြင်ကွင်းထဲကိုမလာဖို့ ကျွန်မဟာ ဆိုခဲ့ပါတယ်။ တနည်းအားဖြင့် ကလေးကို ကျွန်မဟာ အိပ်ခန်းထဲမှာပဲ ကောင်းကောင်းမွန်မွန်ခေါ်ယူဆုံးမပြောဆိုတာမျိုး လုပ်လေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ကို တံခါးပိတ်ပြီး ထွက်သွားခိုင်းလိုက်တယ်။

ကလေးဟာ သူ့ဘက်က ကာပေးမယ့်သူမရှိဘူးဆိုတဲ့အသိဝင်တဲ့အခါ ပထမတော့ ဝမ်းနည်းပြီး ပိုအော်ငိုနိုင်ပါတယ်။ ဒါပေမယ့် ငိုနေရုံနဲ့ ဘာမှဖြစ်မလာနိုင်တာ သူနားလည်အောင်ပြောပြရင်း ဘာကြောင့် သူ့ကိုဒီလိုဆုံးမရတယ် ၊ အကျိုးဆက်ဟာဘာကြောင့်လို့ နားလည်အောင် ဆိုဆုံးမခဲ့ရပါတယ်။ ဘယ်အရွယ်ကတည်းကလဲဆိုရင် သူ့စိတ်အလိုကျ တောင်းဆိုလာတတ်တဲ့ ခြောက်လဝန်းကျင်ကတည်းကပါပဲ။ ကလေးကို ဆိုဆုံးမတဲ့အခါမှာ မပြောရ ၊ မလုပ်ရ ၊ မကိုင်ရလို့ ပြောဆိုတာထက် ဘာကြောင့်ဒါကို ပြောခွင့် ၊ လုပ်ခွင့် ၊ ကိုင်ခွင့် မပေးရတာဆိုတဲ့ အကျိုးဆက်ကို သူနားလည်အောင် သူလုပ်တိုင်း ၊ ကိုင်တိုင်း ၊ ပြောတိုင်းမှာ ဆိုဆုံးမရတာဖြစ်ပါတယ်။ ကလေးဆိုတာ မသိတတ်သေးလို့ အဖန်ဖန်လုပ်ကိုင်မှာမို့ ကိုယ်ဟာ သူနားလည်သိတတ်သွားတဲ့အထိ ကိုယ်က စိတ်ရှည်ရှည်နဲ့ အဖန်ဖန်ပြောဆို သင်ပြဖို့လိုပါတယ်။

ကလေးငိုလို့ ဆုံးမသူနဲ့ ကလေးအကြားကို တခြားသူတဦးဦးက ဝင်လာပြီးဟန့်တာ ၊ ကလေးကိုချော့တာတွေ လုပ်တဲ့အခါ ကလေးဟာ ဒီလူတွေရဲ့ အကာအကွယ်ရဖို့ အော်ဟစ်ငိုယိုသောင်းကျန်းတာ ၊ ဒီ့ထက်ပိုဆိုးလာရင် ခြေလက်တွေ ဆောင့်တာ ၊ ဆံပင်တွေဆွဲ ၊ ပစ္စည်းတွေပစ် ၊ သူ့ကိုယ်သူနာအောင်လုပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒါတွေမဖြစ်ခင်ကတည်းက ကလေးနဲ့ ဆုံးမသူအကြား တခြားလူဝင်မပါဖို့လိုပါတယ်။ ဒီလိုဆို ကလေးဟာ ဆုံးမသူရဲ့စကားကို နာခံမှာပါ။ သူ့ဘက်က ရပ်တည်ကာကွယ်ပေးတဲ့သူမရှိလို့ သူ့မှာ အခြားရွေးစရာမရှိပါဘူး။ ဒီလိုဆို နောက်ဆက်တွဲတွေဖြစ်တဲ့ သောင်းကျန်းမှုတွေကို မစိုးရိမ်ရတော့ဘူးပေါ့။ ဒီလိုမှမဟုတ်ရင်တော့ ကလေးကို ထိထိရောက်ရောက် ဆုံးမလို့ရမှာမဟုတ်ပါဘူး။

ကလေးကိုဆုံးမနေချိန်မှာ ကလေးဘက်က ကာကွယ်ပေးမယ့်သူရှိနေတာဟာ ကလေးအတွက်တော့ ကယ်တင်ရှင်ကြီးပေါ်လာသလိုပါပဲ။ နောက်ပိုင်းမှာ ဒီလိုမျိုးအကာအကွယ်ယူနေတာမို့ ဆုံးမတဲ့သူတွေဟာ ထိထိရောက်ရောက် မဆုံးမနိုင်ကြတာပါ။ သူဆုံးမရင် ကိုယ်ကြားဝင် ၊ ကိုယ်ဆုံးမရင် သူကြားဝင်နဲ့ ကလေးဟာ စည်းလွတ်ဝါးလွတ် ဖြစ်လာပါတယ်။ ကလေးကိုချစ်လို့ဆိုပြီး ကလေးကိုဆုံးမချိန် ကလေးငိုရင်ကြားဝင်သူတွေဟာ တကယ်တော့ ကလေးကို တကယ်ချစ်ရာမရောက်ဘဲ ရေရှည်မှာ ဆိုဆုံးမ မရတဲ့ ဆိုးသွမ်းတဲ့ကလေးဖြစ်လာဖို့ ဖန်တီးခဲ့သူတွေပါ။ နောင်မှ ကလေးဟာ ဆိုဆုံးမရခက်တယ်လို့ မပြောကြေး ၊ မရိုက်ကြေးလေ။ တကယ်ဆို ကလေးအပြစ်ထက် လူကြီးတွေအပြစ်က ပိုနေပါတယ်။ ဘာမှမသိနားမလည်သေးတဲ့ ကလေးဟာ အပြစ်ကင်းပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like
Leave a comment