ကလေးကိုစတာ ပျော်စရာလား

0

မြန်မာတို့ရဲ့ ဖော်ရွေတဲ့ဓလေ့ ၊ ကူညီပေးတတ်တဲ့ဓလေ့ကို တန်ဖိုးထားချစ်မြတ်နိုးလွန်းတဲ့ ကျွန်မဟာ မြန်မာလူမှုအသိုင်းအဝန်းမှာ အများစုက ကလေးကို ထိန်းကျောင်းကြီးပြင်းစေတဲ့ ပုံစံမျိုးကိုတော့ သဘောမတွေ့လှဘူးလို့ ဝန်ခံပါရစေ။

ကလေးကို ချစ်လို့စတယ် ၊ တအားချစ်ရင် တအားစတယ် ၊ အစခံရလွန်းလို့ ကလေးငိုရင် ပြန်ချော့တယ် ၊ တချို့လူကြီးမိဘတွေက ပြန်မချော့တဲ့အပြင် ချစ်လို့စတာကို အပိုလုပ်ငိုနေတယ်ဆိုပြီး မာန်မဲအော်ငေါက်လိုက်သေးတယ်။ အစခံရလို့ ကြောက်လန့် ၊ ဝမ်းနည်း ၊ ငိုသွားတဲ့ကလေးဘက်က မရပ်တည်ဘဲ စတဲ့သူဘက်က ရပ်တည်လိုက်သလိုဖြစ်သွားတာ ၊ ကလေးစိတ်ထဲ ငါ့ဘက်က မရပ်တည်ပါလားလို့ အကူအကယ်မဲ့ ခံစားချက်ဖြစ်သွားတာကို သူတို့ မတွေးတာလား ၊ မတွေးတတ်တာလား ကျွန်မနားမလည်ပါဘူး။

ကျွန်မငယ်ငယ်က ပါးဖောင်းဖောင်းလေးလေ။ အဲဒီ ပါးဖောင်းဖောင်းကို အသက်သုံးဆယ်လောက်ရှိတဲ့ အိမ်နီးချင်းအစ်မကြီးတစ်ဦးက နီရဲပြီးလက်ရာတွေ ပေါ်အောင်အထိ အမြဲဆွဲဖျစ်လေ့ရှိတယ်။ နာလွန်းလို့ငိုမှ ရယ်မောပြီးလွှတ်တတ်တယ်။ သူ့မြင်တိုင်း ပါးဆွဲခံထိပြီး ငိုရတယ်။ ကိုယ်ငိုရင် လူကြီးချင်းခင်နေတော့ မိဘတွေက ကိုယ့်ပဲဟန့်တယ်။ ကလေးငယ်ခံစားသွားရတဲ့ ကူကယ်ရာမဲ့ခံစားချက် လူကြီးတွေ နားမလည်နိုင်ဘူးလားလို့ အဲဒီအရွယ်က ကျွန်မတွေးမိတယ်။ ကျွန်မပါးနာအောင်ဆွဲပြီးမှ ပျော်ရွှင်ရယ်မောတတ်တဲ့ အဲဒီအစ်မကြီး ကျွန်မငိုတာ သူ့အတွက် ဘာရယ်စရာကောင်းနေသလဲ ၊ ဘာပျော်စရာကောင်းနေသလဲ ကျွန်မ နားမလည်ခဲ့ဘူး။ အခုအချိန်အထိလည်း ကလေးကို ငိုအောင်စပြီး ပျော်ရွှင်မှုယူတတ်သူတွေကို ကျွန်မနားမလည်ပါဘူး။ ကလေးစိတ်ထိခိုက်လို့ ငိုသွားတာက သူတို့အတွက် ဘာတွေ ပျော်စရာကောင်းနေသလဲ ကျွန်မ မတွေးတတ်ပါဘူး။

တကယ်ဆိုရင် သူများနာကျင်သွားမှ ၊ မျက်ရည်လည်ရွဲဖြစ်မှ စိတ်ကျေနပ် ၊ ပျော်ရွှင်တတ်သူတွေဟာ စိတ်ရောဂါအခံရှိနေကြသူတွေပါ။ ဘာမှန်းမသိတတ်တဲ့ ကလေး ၊ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်သေးတဲ့ကလေး ၊ သူများကို နာကျင်အောင် မလုပ်တဲ့ကလေးကို စိတ်ဖြစ်ဖြစ် ၊ ကိုယ်ဖြစ်ဖြစ် နာကျင်အောင်စပြီးမှ ပျော်ရွှင်တတ်သူတွေရဲ့ စိတ်အခြေအနေဟာ ပုံမှန်မှဟုတ်ရဲ့လားလို့ အခုအချိန်မှာ ကျွန်မတွေးတတ်နေပါပြီ။

ကလေးကို ကိုယ်စိတ်နှစ်ပါး နာကျင်ဝမ်းနည်းရအောင် စတတ်သူတွေဟာ ကလေးပတ်ဝန်းကျင်က လူတွေတင်မဟုတ်ဘူး သူတို့မိဘ ၊ ကလေးမောင်နှမ ၊ ကလေးဆွေမျိုးတွေအပြင် ကလေးရဲ့ဆရာမတွေလည်း တချို့တလေ ပါဝင်နေတတ်ကြတော့ ကလေးကို ငိုအောင်စတတ်တဲ့ဓလေ့ဟာ မြန်မာနိုင်ငံမှာ ရှေးရိုးစွဲ တွင်တွင်ကျယ်ကျယ် ဖြစ်သွားတော့တာပေါ့။ အဲဒီကစပြီး ကလေးကိုချစ်ရင် ငိုအောင်စရတယ်လို့ ယုံကြည်သွားလား မသိဘူးနော်။ တချို့တွေကျတော့ မိသားစုထဲမှာ စိတ်အာသာဖြေတဲ့အနေနဲ့ (တနည်း ဖျော်ဖြေရေးအသွင်နဲ့) ကလေးကို ငိုအောင်စလေ့ရှိတာလည်းတွေ့ရတယ်။ ဒါကိုက မိသားစုရဲ့ ပျော်စရာကမ္ဘာ ၊ ပျော်စရာကောင်းတဲ့အချိန်အဖြစ် အနက်အဓိပ္ပါယ်ဖွင့်ကြသေးတယ်။ အသေချာဆုံးကတော့ သူတို့ငယ်စဉ်မှာ သူတို့ဟာ ဒီလိုအစခံခဲ့ရပြီး မျက်ရည်လည်ရွဲ ငိုကြွေးခဲ့ရာက စိတ်ဒဏ်ရာ ရခဲ့ကြတာပါ။

ကိုယ်ကလေးဘဝက အကြိမ်ကြိမ် မျက်ရည်ကျတဲ့အထိ နာကျင်ခံစားခဲ့ရတဲ့ အစနောက်ခံအဖြစ်ဟာ ရင်ထဲမှာ အမြစ်တွယ်နေခဲ့ပြီး မသိစိတ်က လက်စားချေတဲ့အနေနဲ့ ကလေးမြင်ရင် ငိုအောင်စတတ်ကျင့်ဖြစ်လာတယ်။ ပြီးတော့ ကိုယ်ငယ်ငယ်က တံဆိပ်ကပ်ခံခဲ့ရသလို ဒီလိုစနောက်တာဟာ ချစ်လို့စတာဖြစ်သွားတာပေါ့။ တကယ်ဆို ကိုယ်ခံစားခဲ့ရတာကို ကိုယ်ပြန်လုပ်ရင်း မသိစိတ်က စိတ်အာသာဖြေနေတာပါ။ ကိုယ့်ဘာသာ စိတ်အာသာဖြေနေတော့ တဘက်လူ ဘယ်လိုခံစားရမယ်ဆိုတာ မတွေးတော့ဘူးလေ။ သူများခံစားငိုကြွေးတာမြင်နေလေ ကိုယ်က ရယ်ချင်ပက်ကျိနဲ့ ပျော်ရွှင်နေလေပဲ။ ဒါကိုက စိတ်ရောဂါအနုစားရှိနေသူတွေရဲ့ လက္ခဏာမဟုတ်ဘူးလား ။ ဒီ့ထက်ပိုဆိုးတဲ့အခြေအနေမှာတော့ ရွယ်တူတွေကိုလည်း ဒီလိုလုပ်မယ် ၊ အများကို နာကျင်ခံစားရအောင်လုပ်ရင်း သူများနာကျင်ခံစားမှ ၊ သူများဝမ်းနည်းနေတာကိုကြည့်ပြီး ကျေနပ်ပျော်ရွှင်လာတတ်တဲ့ စိတ်ရောဂါရင့်လာသူတွေ ဖြစ်လာတာပါ။

တချို့ လူကြီးမိဘတွေကျတော့ ကလေးကိုယ့်ကို မရှိမဖြစ် လိုအပ်နေတာကို မြင်ချင် ၊ ကြားချင် ၊ ကျေနပ်ချင်တဲ့ စိတ်အခံနဲ့ ကလေးအဖေက ဘယ်သူနဲ့လိုက်သွားပြီ ၊ အမေကတော့ ဘယ်သူနဲ့ပါသွားပြီ ၊ ကလေးကိုထားခဲ့ပြီဆိုပြီး စနောက်တတ်ကြတယ်။ ကလေးငိုရင် ငါ့ချစ်တယ်ပေါ့။ ကလေးတွေရဲ့ အားအကိုးဆုံးပုဂ္ဂိုလ်တွေဟာ သူ့မိဘတွေပါ။ သူ့အားကိုးရာဖြစ်တဲ့ မိခင် သို့မဟုတ် ဖခင်ဟာ သူ့ကိုထားခဲ့ပြီ ၊ ပစ်ထားခဲ့ပြီလို့ သိရရင် ဘယ်လောက် စိတ်ထဲမှာ ဝမ်းနည်းကြေကွဲလိုက်မလဲနော်။ ဒါပေမယ့် ကလေးရဲ့ စိတ်ခံစားမှုကို မသိတဲ့ လူကြီးမိဘတွေဟာ ကလေးကို သူများဒီလိုစတာ မဟန့်တားကြဘူး ။ ကိုယ့်ကိုကလေးက ဘယ်လောက်ချစ်တယ် ၊ မျက်စိအောက်က အပျောက်မခံနိုင်ဘူး ၊ ဒီလိုစတာမကြိုက်ဘူးဆိုတာကို ကျေနပ်စွာပြသတဲ့အနေနဲ့ သူများစတာ မဟန့်ကြဘူး။ ဟန့်မယ့်ဟန့် ကလေးကိုပဲ ဟန့်ကြပြန်တယ်။ ဒီလိုကလေးမိဘတွေကိုယ်တိုင်က ကလေးကိုယ်စား မတွေးပေးတတ်ကြဘူးဆိုရင် မှားမလားနော်။

ကျွန်မသမီးလေး ရက်သားကတည်းကနေ ယခုအချိန်အထိ ကုလားမကြီးနဲ့ သမီးအဖေ လိုက်ပြေးသွားပြီလို့ စမယ့်သူမရှိသလို ၊ ကုလားကြီးနောက် သမီးအမေလိုက်သွားပြီလို့ ကလေးငိုအောင် စမယ့်သူတွေ အနားမှာ မရှိစေပါဘူး။ ဘယ်ရှိမလဲ။ သမီးကိုယ်ဝန်လွယ်ကတည်းကနေ ဒီအရွယ်အထိ သမီးတာဝန်နဲ့ အိမ်ရှင်မတာဝန်ကို ကျွန်မတစ်ယောက်တည်း ယူခဲ့တာကိုး။

ကြုံတုန်း ကလေးတွေရဲ့ သင်ယူမှုပုံစံကို ပြောပါရစေ။ ကောင်းမှန်းဆိုးမှန်း ၊ ကြောက်ရလန့်ရကောင်းမှန်း မသိပေးတဲ့ မွေးကင်းစအရွယ်ကနေ သိတတ်တဲ့အထိ ကလေးတွေဟာ သူ့အနီးအနားရှိသူတွေ ၊ သူတွေ့မြင်ရတဲ့အရာတွေကနေ အရာရာကို သင်ယူနေတာပါ။

ကလေးတွေရဲ့ သင်ယူမှု (၅၅)ရာခိုင်နှုန်းဟာ သူတို့အနီးဝန်းကျင်မှာ ရှိနေသူတို့ ၊ သူတို့ မြင်နိုင် ကြားနိုင်သူတို့ရဲ့ ကိုယ်လက်လှုပ်ရှားမှု ၊ အထူးသဖြင့် မျက်နှာအနေအထား အပြောင်းအလဲတွေကို သင်ယူနေတာပါ။ သူတို့သင်ယူမှုရဲ့ (၃၈)ရာခိုင်နှုန်းကတော့ အသံအနေအထား ၊ အသံအနိမ့်အမြင့် ၊ သံစဉ်စာသားစတဲ့ အသံပိုင်းဆိုင်ရာကနေ သင်ယူတာပါ။ ကျန်တဲ့(၇)ရာခိုင်နှုန်းကတော့ စကားလုံးတွေကနေ သင်ယူတာပေါ့။ ဒီအချက်အလက်တွေက သုတေသနပြုထားသူတွေ စာရင်းပြုစုထားတဲ့ အချက်အလက်တွေပါ။

ဒါကြောင့်မို့လို့ ကလေးဟာ သူမြင်နိုင် ၊ ကြားနိုင်တဲ့အရွယ်ကတည်းကနေ မြင်ရကြားရတာတွေ ၊ သူ့ကို ဘယ်သူဘာလုပ်သလဲဆိုတာကနေ ဘယ်သူ့ကို ဘယ်သူက ဘာလုပ်လဲ ၊ ဒီအပေါ် ဘယ်လိုတုန့်ပြန်သလဲ စတာတွေကိုသင်ယူပြီး ဒါဟာ ကြောက်စရာ ၊ ဒါက သမရိုးကျဖြစ်စဉ် ၊ ဒါက သတိထားရမယ့်အခြေအနေ စသဖြင့်ကို သင်ယူပါတယ်။ ကလေးကို တကယ်ချစ်တယ်ဆို ကြောက်စရာအနေအထားတွေကို ကလေးမကြောက်ရအောင် ဖြေဖျောက်ပေးသင့်တာ မဟုတ်လား။ တမင်ကြောက်အောင် ဘာလို့ ခြိမ်းခြောက်နေမလဲနော်။

ဒေဝေါကြီးဆိုတာ ကျွန်မဘာမှန်း အခုအချိန်အထိ သေချာမသိပါဘူး။ အခုအချိန်မှာ ဘာမှန်းမသိတဲ့ ဒေဝေါကြီးကို မကြောက်တော့ပေမယ့် ဟိုးငယ်ငယ်တုန်းကတော့ သိပ်ကြောက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုရင် လူကြီးမိဘတွေက ကျွန်မတို့ ကလေးတွေငိုတိုင်း မငိုနဲ့ ၊ မြန်မြန်တိတ် ၊ မတိတ်ရင် ဒေဝေါကြီးလာလိမ့်မယ်ဆိုလို့ ကမန်းကတန်း ကြောက်ကြောက်လန့်လန့်နဲ့ မြန်မြန်တိတ်ခဲ့ရတာကိုး။ ဒေဝေါကြီးလာလိမ့်မယ်လို့ သူတို့ပြောတဲ့ အမူအရာက တကယ့်ကို ဆိုးဆိုးဝါးဝါး သတ္တဝါအကောင်ကြီး မိုးပေါ်က ကျလာမလိုလို ၊ ကိုယ့်ရှေ့ ဗြုန်းကနဲ ပေါ်လာပြီး ကိုယ့်ကို ဖမ်းဆီးခေါ်ဆောင်သွားမလို ၊ ကိုက်စား ဝါးစားမလိုလို အမျိုးမျိုး သူတို့ ပုံဖေါ်ပြောတာနဲ့ အတော် ကြောက်စရာကောင်းတဲ့ ဒေဝေါကြီးပဲ။

ကလေးဘဝတုန်းက ဒေဝေါကြီးကိုကြောက်လို့ ကမန်းကတန်း အငိုတိတ်ခဲ့ရတဲ့ ကျွန်မဟာ သူတို့ခြောက်လှန့်ပြောခဲ့တဲ့ ဒေဝေါကြီးဆိုတာကို အိပ်ချိန်မှာ အမြဲအိမ်မက်မက်ပြီး ထငိုလေ့ရှိတယ်။ ဒေဝေါကြီးဆိုတာ ဘီလူးကြီးလိုလို အစွယ်တွေနဲ့ လူမဟုတ် သတ္တဝါမဟုတ် သရဲသဘက်မဟုတ်တဲ့ ကြောက်စရာအကောင်းဆုံးအရာအဖြစ် ပုံပေါ်ပြီး အိမ်မက်ထဲထိ ခြောက်လှန့်နေခဲ့တယ်ဆိုတာ လူကြီးမိဘတွေကို မပြောပြဖြစ်ခဲ့ဘူး။ ကြောက်လန့်တကြား ငိုရင်းနိုးထခဲ့ရတော့ ပြန်ပြောဖို့ အချိန်မရှိဘူးလေ။ လူကြီးတွေကတော့ အိမ်မက်ဆိုးကြောင့် လန့်နိုးတာ ဘာမှမဖြစ်ဘူး အနားမှာရှိနေမယ် ၊ ဆက်အိပ်ဆိုပြီး အတင်းချော့သိပ်ခဲ့တဲ့စကားတွေနဲ့ ပြန်အိပ်စက်သွားခဲ့ရတာကိုး။

BurmeseHearts Blog

ကျွန်မ သိတတ်နားလည်တဲ့ အရွယ်ရောက်လာတော့ ငါ့သားသမီးဆိုတာ ရှိလာခဲ့ရင် ဘယ်တော့မှ ယုတ္တိမရှိတာတွေနဲ့ မခြောက်လှန့်ဘဲ အကြောင်းနဲ့အကျိုး ပြောပြပြီး အငိုတိတ်စေမယ်လို့ သန္ဓိဌာန်ချခဲ့တယ်။ အခု ကျွန်မမှာ သမီးလေးရှိလာခဲ့ပါပြီ။

ငယ်ငယ်တုန်းက လျှပ်စီးလက်ပြီး မိုးခြိမ်းရင် ခိုကိုးစရာမရှိဘဲ ကြောက်လန့်တတ်လွန်းတဲ့ကျွန်မဟာ ခုချိန်မှာ မိုးခြိမ်းသံကို ဘာမှမဖြစ်သလို သမီးရှေ့ ဟန်ဆောင်တတ်ခဲ့ပြီ။ လျှပ်စီးလက်တာကို သဘာဝကောင်းကင်အလင်းတန်းလို့ သမီးကို သင်ပြတတ်ခဲ့ပြီ။ ဒါ့အပြင် ကလေးသဘာဝ ကြောက်တတ်တဲ့ အရာတွေကို ဒါဟာ သဘာဝ ၊ ဒါက ဘာကြောင့် ဒီလိုအသံထွက်တယ် ၊ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို ချက်နဲ့လက်နဲ့ ရှင်းပြပြီး ကလေးရဲ့ အကြောက်တရားကို ရင်ထဲက ပျောက်သွားအောင် ၊ မကြောက်တော့အောင် ဖြေဖျောက်ပေးပါတယ်။ ကလိထိုးတာကို ပျော်ရွှင်စေဖို့ ကစားနည်းတခုအဖြစ်ပဲ ကလိထိုးကစားတယ်။ ဒါပေမယ့် ကလိထိုးမခံနိုင်တဲ့အထိ ယားတတ်တဲ့ ၊ ယောင်တတ်တဲ့ အားနည်းချက် ဖြစ်မသွားဖို့ကိုလည်း လေ့ကျင့်ပေးထားတယ်။ တကယ်ဆို ကိုယ်ငယ်ငယ်က ခံစားခဲ့ရတဲ့ မကောင်းတဲ့ခံစားချက်တွေအားလုံး သမီးမခံစားရအောင် တိုက်ထုတ်ပေးနေတာပါ။

ဒါပေမယ့် ကျွန်မ ငယ်ငယ်တုန်းက လက်တွေ့အကောင်အထည် မပြနိုင်တဲ့ အရာတော်တော်များများကို လူကြီးမိဘတွေက တမင်ကြောက်အောင် ပြောဆိုခြိမ်ခြောက်ထားပြီး ဒါမလုပ်နဲ့ ဒါလုပ်ရင် ကုလားကြီးလာဖမ်းမယ် ၊ ဟိုဘက်လမ်းထိပ်က အရူးကြီး ဖမ်းခေါ်သွားလိမ့်မယ် ၊ ဒေဝေါကြီးလာလိမ့်မယ် ၊ ထမင်းလုံးတစ္ဆေခြောက်တတ်တယ် စသဖြင့်ပြောဆို ခြိမ်းခြောက်ထားခဲ့ဖူးတယ်။ အခုလည်း ကလေးတွေကို စနေဆဲ ၊ ခြောက်နေဆဲဆိုတာ မြင်ရကြားရတယ်။ ကလေးငယ်တွကို သိမ်ငယ် ၊ ကြောက်ရွံ့ ၊ ဝမ်းနည်းနာကျင်ပြီး ခံစားသွားရအောင် ပြောဆိုတတ်ကြတာကိုလည်း မြင်တွေ့နေရဆဲပဲ။ ဒီစာလေးဖတ်မိလို့ ကလေးစတတ်တဲ့ လူကြီးမိဘတွေ ဆင်ခြင်လာရင် ကလေးတွေ ကံကောင်းဖို့ ဖြစ်လာတာပေါ့။

တကယ်ဆို သူ့အတွက် ၊ မိသားစုအတွက် ဘယ်လိုဆိုးကျိုးတွေရှိလို့ ဒါလုပ်ခွင့်မပြုတာ ၊ ဘယ်လိုကောင်းကျိုးတွေရှိနေလို့ ဒါလုပ်ဖို့ပြောဆိုနေရတယ်ဆိုတာကို ကလေးသဘောပေါက် နားလည်လက်ခံသွားတဲ့အထိ ပုံစံအမျိုးမျိုး ၊ နည်းအမျိုးမျိုးနဲ့ ရှင်းပြတတ်ရင် မကောင်းဘူးလား ။ ခြောက်လှန့်တဲ့နည်းကို မသုံးပဲနဲ့လေ။

တကယ်တော့ ခြောက်လှန့်တဲ့နည်းဟာ ကလေးတဘဝစာလုံးနဲ့ယှဉ်ရင် နှစ်အပိုင်းအခြား အနည်းငယ်အတွင်းပဲ ကလေးမလုပ်အောင် တားဆီးထားနိုင်ပါတယ်။ လူကြီးမိဘ ခြောက်ထားတဲ့အရာတွေဟာ တကယ့်လက်တွေ့မှာ ကြောက်စရာမဟုတ်ဘူးလို့ နားလည်သွားတဲ့အရွယ်ရောက်ရင် လူကြီးမိဘတွေ သွန်သင်တဲ့စကားကို သူ့ရဲ့စိတ်ထဲ မယုံကြည်တဲ့စိတ် ကိန်းအောင်းသွားနိုင်ပါတယ်။

ဒီလိုမယုံမကြည် ဖြစ်သွားတဲ့အခါ နောက်ကွယ်မှာ စမ်းလုပ်ဖို့ စေ့ဆော်တဲ့ စိတ်တွန်းအားကို ဖြစ်စေပါတယ်။ ခိုးလုပ်ဖြစ်သွားတဲ့အခါ ဒီအရသာနဲ့ ခံစားမှုကို ကြိုက်နှစ်သက်သွားရင် နောင်လူကြီးတားထားတာတွေ တမင် ခိုးလုပ်ချင်စိတ်တွေ ပိုဖြစ်လာပါတယ်။ ဒီတော့ ခိုးလုပ်ဖြစ်ရင်းက ခိုးလုပ်ကျင့်မှာ သာယာပြီး လူကြီးပြောဆိုသမျှ မယုံကြည်တော့ဘူးပေါ့။

ခြောက်ပြီးတားတာ ၊ မလုပ်ရလို့ အမိန့်နဲ့တားတာမျိုးမဟုတ်ဘဲ ကလေးနားလည်လက်ခံသွားတဲ့အထိ ပြောဆိုသွန်သင်ပြသပြီး သူကိုယ်တိုင် သင်ယူခွင့် လမ်းဖွင့်ပေးထားရင်တော့ လူကြီးတားတာ စမ်းလုပ်ရင်း အန္တရာယ်ဖြစ်တတ်တာကို နားလည်သွားတဲ့ကလေးဟာ သြော်ဒါကြောင့် ငါ့ကိုတားခဲ့တာပါလားဆိုပြီး လူကြီးမိဘရဲ့ သူ့အပေါ်ထားတဲ့စေတနာကို နားလည်သွားတယ်။

အဲဒီကနေ လူကြီးမိဘပြောစကား တဖြည်းဖြည်း ယုံကြည်လက်ခံလာတဲ့နောက်မှာ ပြောစကားနားထောင်တဲ့ကလေး ဖြစ်လာပါတယ်။ လူကြီးမိဘတွေဟာ သူ့ကို အန္တရာယ်ကပဲဖြစ်ဖြစ် ၊ သူများလက်ကပဲဖြစ်ဖြစ် ၊ ကိုယ်စိတ်နာကျင်မှုကပဲဖြစ်ဖြစ် အကာအကွယ်ပေးတယ်လို့ ယုံကြည်သွားတဲ့ကလေးဟာ လူကြီးမိဘပြောစကားကို ပိုနားထောင်တတ်ပါတယ်။

အခုဒီလိုသိနားလည်ထားပေမယ့် ရှေးရိုးစွဲ လူမှုဝန်းကျင်က လက်ခံလာဖို့ ၊ သူတို့တွေနဲ့ နေ့တဓူဝ ဆက်ဆံနေရတဲ့ ကလေးကို အကာအကွယ်ပေးဖို့ဆိုတာကလည်း တကယ့်ကို စိန်ခေါ်နေတဲ့ အလုပ်တစ်ခုလိုပဲ။ ကိုယ်က ဒီလိုလုပ်တာမကြိုက်ပေမယ့် လုပ်တဲ့သူတွေက သူ့မိဘ ၊ ကိုယ့်မိဘ ၊ အသက်အရွယ်အရ ၊ အနေအထားအရ ကျော်ပြီး ပြောဆိုလုပ်ကိုင် ဟန့်တားလို့မရတဲ့ သူတွေကိုယ်တိုင်က ဒီလိုလုပ်နေတဲ့အခါ ကျီးမည်းတွေကြားထဲက ကျီးဖြူတစ်ကောင်လို ဒါတွေလက်မခံတဲ့ ကိုယ်တစ်ယောက်ပဲ ကွဲထွက်သွားနိုင်တယ်လေ။ ဒီလိုနဲ့ပဲ အထာကျသလိုနေလိုက်ရင်း ဒုံရင်းက ဒုံရင်းဖြစ်ပြီး တတိတိနဲ့ စိတ်ဒဏ်ရာရသွားခဲ့တဲ့ ကလေးတွေဟာ လူကြီးတွေပြန်ဖြစ် ၊ သူတို့က ဒီလိုတွေပြန်လုပ်ရင်း လူမှုဝန်းကျင်မှာ သံသရာလည်နေတာပါ။

ဒီသံသရာကြီးကနေ ကိုယ့်မျိုးဆက်အတွက် ခွဲထွက်မယ်ဆိုရင် ဒီလူတွေနဲ့ ကွဲထွက်သွားမှပဲရမယ်။ ကျွန်မကိုယ်တိုင်လည်း ဒီလိုလူတွေလက်က ခွဲထွက်ပြီး ကျွန်မသားသမီးကို ကိုယ်တစ်ယောက်တည်း အပင်ပန်းခံလို့ သူ့ကိုယ်သူယုံကြည်မှု တည်ဆောက်စေခဲ့ရတာပါ။ လူကြီးမိဘ ဆွေမျိုးတွေနဲ့ ပေးတွေ့စေပေမယ့် ကလေးကို ကိုယ့်တစ်ယောက်ပဲ ဒိုင်ခံထိန်းပြီး မျက်ခြည်မပြတ် ထားပါတယ်။

တစ်ယောက်တည်း ကလေးတာဝန် ၊ အိမ့်တာဝန် ၊ မီးဖိုချောင်ဗာဟီရတွေ လုပ်ကိုင်ရတယ်ဆိုတာ မလွယ်လှပေမယ့် ကိုယ့်သားသမီးဟာ တောက်ပတဲ့မျက်လုံးတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတာကို မြင်တွေ့ရတိုင်း ပင်ပန်းရကျိုးနပ်ပါတယ်။ ဒီစိတ်ဓါတ်ဟာ သူ့မျိုးဆက်တခုလုံးပါသွားမှာလေ။ သူ့မလုပ်ခဲ့တဲ့ဟာတွေ သူများကို သူလုပ်မှာမလုပ်ဘဲ သူ့ပေးခဲ့တဲ့အရာတွေ သူ့မျိုးဆက်သူ လက်ဆင့်ကမ်းတော့မှာပေါ့။ အကြောက်တရားနဲ့ ကြီးပြင်းခဲ့ရတဲ့ ကျွန်မရဲ့ ကလေးဘဝကို ကျွန်မလက်ထက်မှာ အပင်ပန်းခံလို့ အဆုံးသတ်လိုက်ပါတယ်။ သူလွတ်လပ်စွာ  တွေးခေါ်ပြီး ယုံကြည်မှုရှိရှိ ကြီးပြင်းပါစေလေ။

ရတု (Burmesehearts.com)

BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like
Leave a comment