ကိုယ်ဝန်ဆောင်ကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာများ အပိုင်း(၂)

0

မိခင်လောင်း၏ ကျန်းမာရေးသည် သန္ဓေသား၏ ကျန်းမာရေးလည်း ဖြစ်သည်။
မိခင်လောင်း၏ ကျန်းမာရေးသည် သန္ဓေသား၏ ကျန်းမာရေးလည်း ဖြစ်သည်။

ရင်ပူခြင်း / အစာမကြေခြင်း

ကိုယ်ဝန်ဆောင်သည်များသည် ရင်ပူခြင်း ၊ လည်ချောင်းအတွင်း ပူခြင်းတို့  ဖြစ်နိုင်ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပွားပါက အစာစားလျှင် နည်းနည်းနှင့် မကြာခဏဆိုသလို စားပေးပြီး အစပ်တွေ ၊ အဆီတွေ ၊ အရမ်းအေးသောရေနှင့် ဖျော်ရည်များ ၊ အေးသောအရာတို့ ရှောင်ရှားသင့်သည်။

အရက် ၊ ကော်ဖီ နှင့် ချောကလက်တို့သည် ထိုကဲ့သို့ဖြစ်ပွားခြင်းအား ပိုမိုဆိုးရွားစေကြောင်း သိရသည်။ ဖြစ်နိုင်လျှင် ခေါင်းအုန်းမှီပြီး တည့်မတ်စွာ ထိုင်သင့်ကြောင်း သိရသည်။

အော့အန်ခြင်း

ကိုယ်ဝန်ဆောင်သည်များသည် မနက်ပိုင်း တခါတရံ သို့မဟုတ် တနေကုန်ဆိုသလို အော့အန်ခြင်း ဖြစ်ပွားတတ်သည်။ သာမာန်အားဖြင့် ကိုယ်ဝန်(၁၄)ပတ်အတွင်း ဖြစ်ပွားတတ်ပြီး ထိုနောက်ပိုင်း ယင်းဝေဒနာ ပျောက်ကင်းသွားတတ်သည်။

ဘီစကစ်တွေ ၊ မုန့်ကြွပ်တွေကို မကြာခဏဆိုသလို စားပေးခြင်းဟာ အော့အန်ခြင်းကို သက်သာဖို့ အထောက်အပံ့ဖြစ်စေကြောင်း သိရသည်။ ဒါ့အပြင် ဂျင်းဖြင့်ပြုလုပ်သော အစားအသောက်များ စားပေးနိုင်ကြောင်းလည်း သိရသည်။

လိပ်ခေါင်း

ကိုယ်ဝန်သုံးလကျော်လာသော အချို့ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ စအိုထဲရှိ သွေးပြန်ကြောများဟာ ကျယ်လာတတ်ပြီး အလွန်နာကျင်ခြင်း ၊ ယားယံခြင်း ၊ နေမထိထိုင်မသာဖြစ်ခြင်းတို့ ဖြစ်ပွားတတ်ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားပါက ရေများများသောက်ပေးပြီး လုံးဝမခံစားနိုင်လျှင် မိမိကိုယ်ဝန်အပ်ထားသည့် ဆရာဝန်သို့ ပွင့်လင်းစွာပြောပြသင့်ကြောင်း သိရသည်။

အိပ်မပျော်ခြင်း

ကိုယ်ဝန်ဆောင်သည်အမျိုးသမီးအချို့ဟာ အိပ်မပျော်ခြင်းကိုလည်း ခံစားရတတ်သည်။ ထိုသို့ ခံစားရခြင်းမှာ မိမိတွင် စိုးရိမ်သောက ဗျာပါဒများနေခြင်း ၊ သို့မဟုတ် ကြီးထွားလာသော သန္ဓေသားက မိမိ၏ ဆီးအိမ်ကို ဖိနေခြင်း စသည့်အကြောင်းကြောင်းများကြောင့် ဖြစ်တတ်သည်။

ထို့ကြောင့် အိပ်မပျော်သော ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် မအိပ်ခင် နွားနို့ပူပူ သောက်သုံးခြင်း ၊ ရေနွေးနွေးဖြင့် ရေချိုးခြင်းတို့ဖြင့် အိပ်ပျော်နိုင်အောင် ကြိုးစားသင့်ပြီး စိတ်စိုးရိတ်များလွန်း၍ မအိပ်နိုင်သော ကိုယ်ဝန်ဆောင်သည်များက မိမိစိတ်အား စိုးရိမ်စိတ်နည်းအောင် နေထိုင်သင့်သည်။

ဗိုက်ကြောပြတ်ခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့သည် ဗိုက်ကြောပြတ်ခြင်းကိုလည်း ခံစားရတတ်သည်။ တကယ်တော့ ရင်သားများ ၊ ဗိုက် ၊ ပေါင်ပတ်လည်တို့၌ အနီရောင်လိုင်းငယ်များ ပေါ်လာတတ်ကြောင်း သိရသည်။

ထိုသို့ ဗိုက်ကြောပြတ်ခြင်းများဟာ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အသက်အရွယ် နှင့် မျိုးရိုးကိုလိုက်၍ ဖြစ်ပွားတတ်ကြောင်းနှင့် ပြတ်သွားသော ထိုအကြောပြတ်ရာများသည် ပြန်မပျောက်တော့ဘဲ အမြဲတမ်းဆိုသလို အကြောပြတ်ရာများ ထင်နေတတ်သည်။ တချို့တွင်မူ ထိုအကြောပြတ်ရာများသည် ကလေးမွေးဖွားပြီးနောက် အချိန်ကြာလာသည်နှင့်အမျှ ပါးပြီးပျောက်သွားနိုင်ကြောင်း သိရသည်။

အကြောပြတ်ခြင်း သက်သာစေဖို့ ကိုယ်ဝန်ဆောင်သည်များ အသုံးပြုလေ့ရှိသော အကြောပြတ်ခြင်းမှ ကာကွယ်သည့် ခရင်မ်လိမ်းခြင်း ၊ ကိုကိုးမှုန့်ဖျော်ပြီး လိမ်းခြင်းတို့ဖြင့် အကြောပြတ်ခြင်းသက်သာအောင် လုပ်နိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ယားယံသော အကြောပြတ်နိုင်သည့် နေရာများအား ကုတ်ခြင်းတို့ကို ရှောင်ရှားသင့်ကြောင်း သိရသည်။

ရတု (Burmesehearts.com)

You might also like