Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ရိုးစင်းသော ကလေးတို့၏ပျော်ရွှင်မှု – BurmeseHearts

ရိုးစင်းသော ကလေးတို့၏ပျော်ရွှင်မှု

0

ကလေးငယ်တွေရဲ့ ပျော်ရွှင်မှုဟာ လူကြီးတွေလိုမဟုတ်ဘဲ ရိုးစင်းလွန်းလှပါတယ်။ မွေးကင်းစကနေ တော်တော်လေးအရွယ်လောက်တဲ့အထိ သူတို့ အလိုလားဆုံးက သူချစ်ခင်တွယ်တာသူတွေရဲ့ အချိန်ပေးဂရုစိုက်မှုဖြစ်ပါတယ်။ ကလေးကို အချိန်ပေးလိုက်တာနဲ့အမျှ သူ့ကို ပိုနားလည်လာတယ်။ ဒီနားလည်မှုတွေထဲမှာ သူ့လိုအပ်မှု ၊ သူ့ဆန္ဒ ၊ သူ့အကြိုက်တွေအပြင် သူ့အားသာချက်နဲ့ သူ့အားနည်းချက်တွေကိုပါ သိနားလည်လာတာပါ။

နှစ်နှစ် ၊ သုံးနှစ်အောက် ကလေးတွေလောက်ပဲ အချိန်ပေးစောင့်ကြည့်ရတာလို့  လူကြီးမိဘတွေ အများစုက ထင်နေကြတယ်။ ကိုယ်က ကလေးကို အချိန်ပေးတာတွေ လျော့လာလေလေ ကလေးနဲ့ ကိုယ့်အကြား နွေးထွေးမှု လျော့နည်းလာလေလေလို့ မှတ်ရမှာပါ။ ကိုယ်ကအချိန်မပေးလေလေ ကလေးတွေနဲ့ ကိုယ်တွေဟာ အနေဝေးလာလေလေ။ ဒီတော့ ကလေးနဲ့ကိုယ့်ရဲ့ဆက်ဆံရေးဟာ စိမ်းလာလေလေ ဖြစ်လာမှာပေါ့။ ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။

သုံးနှစ်အထက် ကလေးငယ်တွေဟာ သုံးနှစ်အောက် ကလေးငယ်တွေထက် ပိုသိတတ်လာတာမှန်ပါတယ်။ ဒီလိုသိတတ်လာတော့ အရွယ်လေးရလာတာနဲ့အမျှ ကလေးကို ကြည့်ရှုစောင့်ရှောက်ရတဲ့ လူကြီးမိဘဟာ ဟိုးအသေးလေးကအစ လိုက်လုပ်ပေးစရာမလိုတော့လို့ လက်လွတ်လာတဲ့အရွယ်လို့ ပြောကောင်း ပြောကြမှာပါ။

သုံးနှစ်အထက် ကလေးကြီးတွေဟာ ပိုသိတတ်လာတာနဲ့အမျှ သူတို့ရဲ့ဆန္ဒတွေဟာလည်း များသထက်များလာပါတယ်။ ကလေးတွေကို အချိန်ပေးတာ နည်းလာတဲ့လူကြီးမိဘတွေ ၊ ကလေးတွေကို သူ့ဘာသူ ထိန်းလာနိုင်တယ်ဆိုပြီး အနေဝေးလာတဲ့ မိဘတွေဟာ ကလေးတွေ တဖြည်းဖြည်း ကြီးလာလေလေ ၊ အရွယ်ကလေးရလာလေလေ သူတို့  ဘာကို ဆန္ဒရှိလို့ ဘာတွေလိုအပ်နေတယ် ၊ ဘာတွေ တောင့်တနေတယ် ၊ ဘာတွေဖြည့်ဆည်းပေးဖို့ တကယ်လိုတယ်ဆိုတာ သတိထားမိဖို့ ၊ သိရှိလာနိုင်ဖို့ ခက်လာပါတယ်။

ကလေးတွေနဲ့ အနေဝေးတော့ ဆက်ဆံရေးလည်း အေးလာတာနဲ့အမျှ ကလေးဘက်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှုတွေလည်း မရှိသလောက် နည်းလာပါတယ်။ ဒီလိုဆက်ဆံရေးရှိနေတဲ့ ကလေးကြီးတွေနဲ့ မိဘတွေဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ လွဲလာတာမျိုး ၊ အထင်အမြင်တွေ လွဲလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတာများလေလေ ကလေးနဲ့လူကြီးမိဘအကြား ဆက်ဆံရေးတွေ ပျက်လာတတ်ပါတယ်။ ဘယ်အချိန်မှာ အသိသာဆုံးလဲဆို ကလေး လူပျိုပေါက် ၊ အပျိုပေါက် ဖြစ်လာတဲ့အချိန်မှာ ပိုသိသာလာပါတယ်။

မိဘနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိတဲ့ ကလေးတွေဟာ မိဘမဖြစ်စေချင်တာကို ရွေးလုပ် ၊ ရွဲ့လုပ်လေ့ရှိကြတယ်။ အိမ်နဲ့အဆင်မပြေတဲ့ ကလေးတွေဟာ အတတ်ကောင်းတွေကို အရွယ်မတိုင်ခင် ခပ်စောစော စမ်းရာက အရွယ်မတိုင်ခင် ရည်းစားသနာကိစ္စတွေလည်း ပါလာတတ်တယ်။ မြွေကို ခေါင်းကနေ ဘယ်လိုဖမ်းရမယ်ဆိုတာ နားမလည်ဘဲ အမြီးကနေကိုင်ပြီး မြွေနဲ့ကစားတဲ့သူလို တာဝန်ဆိုတာ မသိတတ်သေးခင် ချစ်ကြိုက်သူနဲ့ နယ်လွန်သွားတဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်တတ်တာပေါ့။

သုံးနှစ်အောက် ကလေးငယ်တွေကို အချိန်ပေးလို့ အသေးစိတ်ကအစ ကြည့်ရှုစောင့်ရှောက်ပေးဖို့လိုသလို သုံးနှစ်အထက် တဖြည်းဖြည်း သိတတ်နားလည်လာတဲ့ ကလေးတွေကိုလည်း အချိန်ပေးဖို့လိုပါတယ်။ သူတို့ဟာ သိတတ်လာတာနဲ့အမျှ ဖြစ်ချင်တဲ့ဆန္ဒနဲ့ လိုချင်တဲ့ဆန္ဒတွေ များလာပါပြီ။

ဆန္ဒသာရှိပြီး ဖြစ်အောင် ၊ ရအောင် မလုပ်နိုင်သေးတဲ့ ဒီအရွယ်လေးတွေဟာ အလိုမကျစိတ်တွေ ဖြစ်လာပါတယ်။ အလိုမကျတာများလေလေ အလိုမကျစိတ်တွေ ကိန်းအောင်းလေလေမို့ သူတို့မှာ ဖြစ်ချင်တာ ၊ ရလိုတာလေးတွေ ရှိနေတာကို သူတို့မပြောခင် သတိထားမိဖို့ ၊ သင့်တော်ရာကို လိုက်လျောပေးဖို့တွေလည်း လိုပါတယ်။

တကယ်တော့ ကလေးတွေရဲ့ ဆန္ဒတွေဟာ ရိုးစင်းတာများပါတယ်။ သူတို့ဟာ ရိုးရိုးတွေးတာမို့ သူတို့ဖြစ်ချင်တာ ၊ ရလိုတာတွေဟာလည်း ရိုးစင်းနေတာပါ။ ဒါကြောင့် သူတို့ရဲ့ ပျော်ရွှင်မှုဟာလည်း ရိုးစင်းလှပါတယ်။ သူတို့ကို တကယ်ပဲ ပျော်စေချင်တဲ့ဆန္ဒတွေ လူကြီးမိဘမှာ ရှိနေတယ်ဆို သူတို့ကို အချိန်ပေးရုံပါ။ သူတို့ကို အချိန်ပေးပြီး စကားပြောဆွေးနွေးမယ်။ ကစားမယ်။ သူတို့ကို အဖော်လုပ်ပေးမယ်ဆိုရင် ကိုယ်ကအချိန်ပေး ၊ ဂရုစိုက်ပေးတာမို့ သူတို့ဟာ နွေးထွေးတဲ့ မေတ္တာကို ခံစားရပြီး သူတို့ဘဝကို ကျေနပ်ပျော်ရွှင်လာပါတယ်။

လူကြီးတွေးနဲ့ ကလေးတွေးဟာ ခြားနားလှပါတယ်။ လိုချင်တာတွေနဲ့ ပကာသနတွေ ရောထွေးလာတဲ့ လူကြီးမိဘဟာ ကလေးကို လိုလေသေးမရှိ ပံ့ပိုးပေးလိုက်တာ ၊ ဖြည့်ဆည်းပေးလိုက်တာတွေဟာ ကလေးကို ပျော်ရွှင်စေလိမ့်မယ်လို့ ထင်နေတယ်။ မတောင့်မတ ၊ မကြောင့်မကြ မတောင်းပဲလိုလေသေးမရှိ ရနေတဲ့ ကလေးဟာ ဘာအပူအပင်မှမရှိ ပျော်စရာအတိလို့ ထင်နေမယ်ဆို မှားပါတယ်။

ကစားစရာတွေပုံပြီး ကစားဖော်မရှိတဲ့ ကလေးရဲ့ အဖော်မဲ့မှု ၊ သူချစ်တဲ့သူတွေ သူ့ကိုအချိန်မပေးနိုင်တာကို နားမလည်နိုင်ဘဲ လက်ခံပေးနေရတဲ့ အခြေအနေမှာ သူ့အထီးကျန်မှုကို သူကလွဲလို့ ဘယ်သူမှ မသိနိုင်ဘူးလေ။ ကလေးကို တကယ်အချိန်ပေးတဲ့ မိဘတွေကျတော့ ဘာမှ ဝယ်မပေးနိုင်တဲ့ အခြေအနေတွေမှာတောင် ပါးစပ်ထဲရှိရာပုံပြင်တွေ ပြောပြ ၊ ပူစီဖောင်းတွေ ပူဖောင်းတွေ ၊ စက္ကူ လေယာဉ်ပျံနဲ့ စက္ကူလှေလေးတွေဟာလည်း ကလေးပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။

ပျော်ရွှင်မှုထက်ပိုတဲ့အခါ ကလေးဟာ သူ့ဘဝသူ ကျေနပ်နေတာပါ။ ဒီလို သူ့ကို အချိန်ပေးတဲ့သူ ၊ သူ့ဆန္ဒကို နားလည်ပေးတဲ့သူ ၊ သူ့ကို စိတ်ကျေနပ်ပျော်ရွှင်မှုတွေ ရရှိဖို့အလေးထားတဲ့ ဒီလိုမိသားစုထဲမှာ လူဖြစ်လာရတာ စတဲ့ အခြေအနေတွေအပေါ် ကျေနပ်ပြီးသူ့ဘဝကိုသူ ကျေနပ်နေတာပါ။

တခါတလေ ကိုယ်က လိုလေသေးမရှိထားပေမယ့် ကိုယ့်သားသမီးဟာ ဘာကို ကန့်လန့်တိုက်နေမှန်းမသိ မကျေမနပ်နဲ့ ဂျစ်တစ်တစ်ကလေး ဖြစ်နေတယ်ဆိုရင်တော့ သေချာတယ် ကိုယ်နဲ့ ကလေးရဲ့ ဆက်ဆံတွေဟာ နွေးထွေးမှုတွေ ဖြည့်တင်းပေးဖို့ လိုနေခဲ့တာ ဖြစ်နိုင်ပါတယ်။

မကျေမနပ်စိတ်တွေနဲ့ ကြီးပြင်းရမယ်ဆို ဘယ်လိုအခြေအနေမှာမဆို မကြိုက်တဲ့အရာတွေကို ဦးစားပေးတွေးတော့မှာပေါ့။ ဒီလိုဆို စိတ်မကျေနပ်မှုတွေကြောင့် ရခဲလှတဲ့လူ့ဘဝမှာ ပျော်ရွှင်မှုတွေနဲ့ စိမ်းသက်နေနိုင်ပါတယ်။ စိတ်ပျော်မှ လူပျော်တာပါ။

ရတု (Burmesehearts.com)

You might also like