Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
(၁၁)လမှ (၁၂)လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု – BurmeseHearts

(၁၁)လမှ (၁၂)လအရွယ် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု

0

(၁၁)ကနေ (၁၂)လအရွယ်အတွင်း ရောက်လာတဲ့ ကလေးငယ်တွေဟာ ပိုသွက်လက်လာပါတယ်။ လူကြီးတွေအပြောများတဲ့ စပ်စုတယ်ဆိုတာမျိုး သူ့မှာ တွေ့လာပြီပေါ့။ တကယ်ဆို သူက အခုမှစ လူ့လောကကအရာတွေ တွေ့ရှိခံစားရသူမို့ သင်ယူနိုင်သမျှ သင်ယူနိုင်ဖို့ အားထုတ်နေရင်း အရာရာကို စူးစမ်းလေ့လာနေတာပါ။ဆူဆူညံညံသံကြားရင် ဘာရယ်မဟုတ် သူပါချင်ပြီလေ။ သူများရယ်ရင် သူပါလိုက်ရယ် ၊ သူများအော်ရင် သူကလန့်ငိုနဲ့ သူနဲ့ရှိနေချိန်တွေမှာ အတော်ပျော်ဖို့ကောင်းလာပါတယ်။

ကလေးတစ်ဦးနဲ့ တစ်ဦး ဖွံ့ဖြိုးမှုချင်း မတူညီတတ်တာမို့ လူခပ်များများနဲ့ စုစုရုံးရုံး ကြီးပြင်းရတဲ့ကလေးတွေဟာ တသီးတသန့် ကြီးပြင်းလာရတဲ့ ကလေးတွေထက် ဘာသာစကားမှာ ၊ အတုမြင်အတတ်သင်ဆိုတာတွေမှာ ပိုပြီး တတ်လွယ်နေပါတယ်။ ပတ်ဝန်းကျင်မှာ လူအများကြီးနဲ့ ကြီးပြင်းလာရတဲ့ကလေးတွေ ကောင်းတဲ့အချက်က လူတွေရဲ့ ဓလေ့ ၊ သဘာဝ ၊ စရိုက်အထွေထွေ ၊ အပြုအမူအမျိုးမျိုး ၊ အပြောအဆို အမျိုးမျိုးဆိုတာတွေကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တာမို့ သူကိုယ်တိုင်လည်း ခပ်စောစောစကားပြောတာမျိုး ၊ လူကြီးလုပ်တာ လိုက်လုပ်တာမျိုးတွေရှိပါတယ်။

မကောင်းတဲ့အချက်ကတော့ ဘယ်သူ့ဆီက ဘယ်လိုမကောင်းတဲ့စရိုက်မျိုး ၊ ဘယ်အချိန်မှာ အတုခိုးသင်ယူခဲ့မှန်းမသိတာမျိုး ၊ မကောင်းတဲ့အကျင့်တွေ အပြောတွေ ကိုယ်မသိချိန် သူများသင်ပေးတာတွေနဲ့ သင်ယူခဲ့တာမျိုးတွေ ရှိတာမို့ စာရိတ္တပိုင်းဆိုင်ရာမှာ ထိန်းကွပ်ဖို့ ပိုခက်သွားပါတယ်။ ပိုမြင်အောင်ပြောရမယ်ဆို ပစ္စည်းတခုကို တလက်တည်းကိုင်ရင် ပိုသန့်ပြီး ပိုရေရှည်ခံနိုင်ပေမယ့် လက်များရင် ဘယ်သူ့ကြောင့်မှန်းမသိ ပစ္စည်းကျိုးပဲ့ပျက်စီးတာမျိုးတွေ ဖြစ်နိုင်တယ်။ ပစ္စည်းဟာ ပြန်ဝယ်နိုင်ရင် အသစ်ပြန်ဝယ်လို့ရပေမယ့် မကောင်းတဲ့စာရိတ္တ စွန်းထင်းကျင့်သားရသွားတဲ့ကလေးဟာ အချိန်မီကောင်းမွန်စွာ မပြင်ဆင်ပေးနိုင်ရင် ခက်ရချည်ရဲ့။

အခုအရွယ်မှာ သူဟာ အသံထွက်တဲ့ပစ္စည်းကိရိယာတွေနဲ့ အသံထွက်အောင် ဆော့ကစားရတဲ့ ကစားနည်းတွေမှာ ပိုစိတ်ဝင်စားလို့ နေပါပြီ။ အဲဒါကိုပိုသေချာချင်ရင် ကြိုးတစ်ချောင်းနဲ့ ရေသန့်ဗူးသေးလွတ်ကလေးတွေကို လေး ၊ငါး ၊ ခြောက်လုံး အတွဲလိုက် ချည်ပြီး ကြိုးစကလေး အနေတော် ချထားကြည့်ပါ။ သူဟာ အဲဒါကို အပေါ်လှန် ၊ အောက်လှန် ၊ ဆွဲဖို့ကြိုးစားလိုက် ၊ ဗူးတွေ ကြမ်းမှာ ထုရိုက်လိုက်နဲ့ တော်တော်ကြာ အလုပ်ရှုပ်နေနိုင်ပါတယ်။ ငွေကုန်လဲသက်သာ ၊ အန္တရာယ်လည်းနည်းပြီး ၊ သူအတော်ကြာကြာ စိတ်ဝင်တစား ကစားတဲ့ သူ့အကြိုက်ဆုံး ကစားစရာတခုဖြစ်သွားနိုင်ပါတယ်။

သူဟာ ပစ္စည်းတွေကို တွန်းရွှေ့တာ ၊ ပစ်တာ ၊ ထုရိုက်တာတွေကို ပိုစိတ်ဝင်စားလို့ ပျော်ရွှင်စရာ ကစားနည်းတစ်ခုလို့ ထင်လာပါတယ်။ အကြီးထဲကို အသေးထည့်တာ ၊ ထုတ်တာ မမှီ့တမီတွေကို တို့ထိယူဖို့ ကြိုးစားတာစတဲ့ ကစားနည်းတွေကို သူဟာ စိတ်လှုပ်ရှားလို့လာပါတယ်။ စိတ်မထင်ရင်တော့ လက်ထဲရောက်လာတဲ့ အရာနှစ်ခုကို တဘန်းဘန်း ရိုက်နေနိုင်တယ်လေ။ ဒါကြောင့် ကွဲရှနိုင်တဲ့ပစ္စည်းတွေ သူ့လက်ထဲ မရောက်ဖို့ အထူးဂရုပြုရမှာပါ။

ကလေးဟာ တစ်နှစ်ခွဲ ၊ နှစ်နှစ်လောက်အထိ အမေကို ကပ်နေနိုင်ပါတယ်။ မိခင်နဲ့အနေများလေ မိခင်ကို ကပ်လေပါ။ အနေမနီးရင်တော့ အနေနီးသူနဲ့ နေရတာ နေသားကျသွားနိုင်ပါတယ်။ နောင်မှ ကိုယ့်ထက် ကလေးထိန်းကို ပိုချစ်နေတယ်ဆို မနာလိုမဖြစ်ကြေးနော်။

BurmeseHearts Blog

ကလေးကို အရောင်တွေ ၊ ဝေါဟာရတွေ ၊ ပုံစံတွေ ခွဲခြားသိနိုင်ဖို့ ကိုယ်တိုင်က သူ့အနီး ဘာလုပ်လုပ် ဘာကိုင်ကိုင် သူ့ပြောပြပြီး အနီရောင်ကဘယ်မှာလဲ ၊ အပြာရောင်ကဘယ်မှာလဲ စသဖြင့် သူကိုယ်တိုင် ထောက်ပြပြောဆိုနိုင်အောင် အခွင့်အရေးပေးပါ။ ပြောပါများလေ မှတ်မိလေ ၊ မှတ်မိလေ ပြန်ပြနိုင်လေ ၊ ပြန်ပြောနိုင်လေ ဖြစ်မှာပါ။ သူကိုယ်တိုင် ရွေးချယ်ခွင့်ကိုလည်း ပေးရမှာပါ။ ဒီဖိနပ်ဝတ်မလား ဟိုဖိနပ်ဝတ်မလား ၊ ဒီအရုပ်ယူမလား ဟိုအရုပ်ယူမလား စသဖြင့် သူ့ကို ရွေးချယ်လုပ်ကိုင်ခွင့်ပေးပါ။ ကိုယ်တိုင် အစစ ရွေးချယ်ပေးတာမျိုးဆိုရင် သူဟာ သူ့ရွေးချယ်မှု သူကိုယ်တိုင်မသိ ၊ မရွေးချယ် ၊ မလုပ်ကိုင်တတ်တော့ဘဲ အရာရာ လူကြီးမိဘကို မှီခိုနေနိုင်တယ်လေ။

အရင်ပို့စ်မှာ ပြောထားသလို သူ့ကို လမ်းလျှောက်ခွင့်ပေးပါမှ သူဟာ လမ်းမြန်မြန်လျှောက်တတ်မှာဖြစ်ပါတယ်။ လမ်းလျှောက်ခွင့်မပေးရင် လမ်းလျှောက်နှေးနိုင်ပါတယ်။ လူကြီးက မကိုင်ထားဘဲ လမ်းလျှောက်ခွင့်ပေးလေ သူ့ဘာသူ လမ်းလျှောက်တတ်ဖို့ မြန်ဆန်လေပါပဲ။ ကလေးတစ်ဦးနဲ့တစ်ဦး ဖွံ့ဖြိုးမှုချင်း မတူပေမယ့် လုပ်ကိုင်ခွင့်ပေးထားတဲ့ကလေးဟာ ပိုပြီး မြန်မြန်ဆန်ဆန် လုပ်ကိုင်တတ်ပါတယ်။  တချို့ကလေးတွေဟာ တစ်နှစ်ခွဲမှာ လမ်းလျှောက်တတ်လာတာလည်းရှိတာမို့ အရမ်းကြီး တွန်းတွန်းတိုက်တိုက် လုပ်ဖို့တော့ မလိုပါဘူး။ သူလျှောက်လိုလျှင် လျှောက်ခွင့်ပေးလိုက်ရုံပါ။

သူရဲ့ အအိပ်အစားပုံစံဟာ တမျိုးပြောင်းလာတာကို သတိထားမိနိုင်ပါတယ်။ သူဟာ တနေ့ သုံးနပ်ကောင်းကောင်းစားပြီး သွားရည်စာနဲ့ အသီးအနှံတွေကိုလည်း ရံဖန်ရံခါဆိုသလို စားတာမို့ သူ့ကို မကြာခဏဆိုသလို ကျွေးပေးဖို့ သတိထားရမှာပါ။ တအားဆော့လာတဲ့အရွယ်မို့  နေ့လည်နေ့ခင်းမှာလည်း ကောင်းကောင်းအနားယူအိပ်စက်တော့မယ်လေ။ ညဘက်မှာလည်း အိပ်စက်ချိန် ကြာမြင့်လာပြီး ခဏ ၊ ခဏ နိုးထပြီး နို့တောင်းတာမျိုး နည်းလာပါတယ်။

ဒီအရွယ်မှာ အခြေခံ လုပ်ငန်းဆောင်တာတွေကို ပြောရင်းဆိုရင်း သင်ပေးနိုင်ပြီလေ။ အပြင်ကပြန်လာရင် ဖိနပ်ချွတ်တာ ၊ ဘယ်နေရာမှာ ဘယ်လိုချွတ်ရမယ်ဆိုတာမျိုး ၊ အစာမစားခင်နဲ့ စားပြီးချိန်မှာ လက်ဆေးဖို့ ၊ အပြင်ကပြန်လာရင် လက်ဆေးဖို့ ၊ အိပ်ယာမဝင်ခင် ခြေဆေးဖို့စတာတွေကို စပြီး အကျင့်လုပ် သင်ပေးနိုင်ပါပြီ။ မကြာခင် သူ့ရဲ့ ပထမဆုံး မွေးနေ့အခမ်းအနားကို ကျင်းပနိုင်ပြီလေ။

ဒီအရွယ်ဟာ သူစိမ်းတွေကို စိမ်းပြီးကြောက်ရွံ့နေတတ်သေးတာမို့ Happy Birthday သီချင်းအော်ဆိုပြီး သူ့ကိုပျော်အောင်လုပ်လေ သူက ကြောက်လန့်ငိုလေဆိုတာမျိုး ကြုံရနိုင်ပါသေးတယ်။ ဒါပေမယ့် အတွေ့အကြုံသစ်ရယ် ၊ သူ့ရှေ့မှာရှိနေတဲ့ ကိတ်မုန့်ကြီးရယ် ၊ သူ့ကိုရယ်ပြုံးနှုတ်ဆက်ကြတဲ့လူတွေရယ်ကိုတော့ သူစိတ်ဝင်စားမှာပါ။ သူ့မွေးနေ့ ကျင်းပပေးတာကို နားမလည်နိုင်သေးတာမို့ ဘာလုပ်တာပါလိမ့်လို့လည်း တွေးကောင်း တွေးနေနိုင်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like