Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မြန်မာ့ ခေတ်ဇနီးသည် – BurmeseHearts

မြန်မာ့ ခေတ်ဇနီးသည်

0

အတိုက်အခံရယ် ၊ တပ်ရယ် ၊ အစိုးရရယ် တစ်ဦးကိုတစ်ဦး လက်ညှိုးထိုးရင်း ခေတ်ပျက်လာတဲ့ စနစ်ကြီး
အတိုက်အခံရယ် ၊ တပ်ရယ် ၊ အစိုးရရယ် တစ်ဦးကိုတစ်ဦး လက်ညှိုးထိုးရင်း ခေတ်ပျက်လာတဲ့ စနစ်ကြီး

လက်ထပ်ထိမ်းမြားခြင်းဆိုတာ ဘဝတလျောက်လုံး နှစ်ယောက်အတူ လက်တွဲသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လူနှစ်ယောက်အတူ ပေါင်းသင်းလိုက်တာပါ။ တနည်းအားဖြင့် လက်ထပ်ထိမ်းမြားခြင်းဆိုတာ ဘဝတလျောက်လုံးမှာ အတူမျှဝေနေထိုင်သွားကြဖို့ ပေါင်းသင်းလိုက်တာလည်း ဖြစ်ပါတယ်။

ချစ်တဲ့သူနှစ်ယောက် လက်ထပ်ပေါင်းသင်းတဲ့အခါ တစ်ယောက်ရဲ့အချစ်တွေ လက်တွဲဖော်ကို ဝေမျှမယ်။ အချစ်ဆိုတာ ခံစားချက်လေ။ ဒီတော့ ခံစားချက်တွေဖြစ်တဲ့ ပျော်ရင်လည်း ဝေမျှပျော်မယ် ၊ ဝမ်းနည်းရင်လည်း ဝေမျှဝမ်းနည်းမယ်၊ အောင်မြင်ရင်အတူတူ ရှုံးနိမ့်လည်းအတူတူ ၊ အမြင့်တက်လည်းအတူတူ ၊ နိမ့်ပါးသွားလည်းအတူတူ ၊ သေအတူရှင်မကွာရှိမယ်လို့ ဆုံးဖြတ်ပြီး လက်ထပ်ပေါင်းသင်းလိုက်ကြတာပါ။

ဒီလိုအတူတူဝေမျှမယ်ဆိုတဲ့စိတ်နဲ့ လက်ထပ်ပေါင်းသင်းလိုက်ပြီမို့ သူနဲ့ကိုယ်တင်မဟုတ်ဘူး။ သူ့မိဘ ၊ ကိုယ့်မိဘ ၊ သူ့မောင်နှမ ၊ ကိုယ့်မောင်နှမ ၊ သူ့ဆွေမျိုး ၊ ကိုယ့်ဆွေမျိုး ၊ သူ့အသိုင်းအဝန်း ၊ ကိုယ့်အသိုင်းအဝန်း ဆက်ဟပ်လို့ ဝေမျှခံစားကြရတာပါပဲ။ တခါတရံ စိတ်သွားတိုင်းကိုယ်မပါဆိုတဲ့ အခြေအနေမျိုးဖြစ်ရတဲ့ ကိုယ်တစ်ယောက်တည်းတောင်မှ ဆန္ဒရှိတိုင်း ဖြစ်မလာတာတွေကို လက်ခံလာရတဲ့အခါတွေမှာ ကိုယ့်ဆန္ဒအတိုင်း တသွေမတိမ်း လိုက်မလုပ်နိုင်တဲ့သူ့ကိုလည်း နားလည်မှုပေးသင့် ပေးရတော့မယ်။ ကိုယ်နားလည်ပေးသလောက် သူက နားလည်မှုပြန်မပေးရင် ဝမ်းနည်းခံစားရလိမ့်ဦးမယ်။

ခုခေတ်ထဲမှာ အမျိုသမီးတွေက အိမ်စီးပွားရေးအတွက် အလုပ်ထွက်လုပ်ရသလို မယားဝတ္တရားငါးပါးဆိုတဲ့ ချက်ပြုတ်ဆေးကြော ၊ သိမ်းဆည်းရှင်းလင်း စသဖြင့်သော များမြောင်တဲ့ အိမ်ထောင့်အလုပ်တွေကိုလည်း လုပ်ကြရတယ်။ မယားတာဝန်လဲကျေပွန်ရ ၊ အိမ်စီးပွားရေးလည်း ဝန်ထမ်းရတဲ့အခါ မနိုင့်ဝန်ထမ်းရတဲ့ကိုယ်က စိတ်ပင်ပန်းငြစ်ငြူးလာပြီး စိတ်တိုင်းမကျတာတွေ များလာတယ်။ ကိုယ်တိုင်ပင်ပန်းလာတော့ သူ့အပေါ်ကိုယ်က ဦးဦးဖျားဖျားဆိုတာတွေကို အလိုက်တသိနဲ့ ဖြည့်ဆည်းပေးသလို ကိုယ့်ဆီပြန်လာမယ့် ကြင်နာမှုတွေကို ပြန်တောင့်တတယ်။ ပြန်မျှော်လင့်တယ်။ ပြန်ရချင်တယ်။

ဒီမှာမေ့လျော့ထားတာက ရလာတဲ့အိမ်ထောင်သက်နဲ့ ရိုးလာတဲ့ နှစ်ကိုယ်တူဘဝဟာ နားလည်မှုလေး ၊ ကြင်နာမှုလေးတွေမှ မဖြည့်စွက်ထားဘူးဆိုရင် အိမ်ထောင်သည်ဘဝက ပျော်စရာမကောင်းတော့ဘူး။ မယားကပွစိပွစိ ၊ လင်ကအချိုးပြောင်း ၊ သံသယတွေနဲ့ အစာမကြေထားတာတွေ ထပ်လောင်းပေါင်းထည့်လိုက်ရင် ချစ်လို့ယူထားပါတယ်ဆိုတဲ့စုံတွဲ မချစ်နိုင်ကြတော့ဘဲ အပြစ်တွေ မြင်လာကြပြီလေ။

အဲဒီအခါမှာ တို့ရှေ့ရေးအတွက် သံသယတွေရှင်းဖို့ ၊ အစာမကြေတာတွေ ချေလိုက်ဖို့ ၊ နားလည်မှုတည်ဆောက်ထားဖို့ လိုပြီဆိုတာကို မတွေးဘဲ စိတ်တွေတမျိုးပြောင်းလာအောင် ကလေးယူလိုက်ပါမှ ဝန်ပေါ်ဝန်ပိလာတဲ့ အိမ်စီးပွားရေး ၊ အိမ်ထောင့်ဆက်ဆံရေးကနေ ကလေးတာဝန်တွေအထိ မျက်နှာမလွှဲနိုင်တဲ့သူက ပိုထမ်းရတော့တယ်။ အများအားဖြင့် မိခင်တွေက မိမိတာဝန် ၊ ခင်ပွန်းတာဝန် ၊ ကလေးတာဝန် ၊ မိဘဆွေမျိုးတွေရဲ့ သာရေးနာရေးမှသည် အိမ်ထောင့်စီးပွားကိုလည်း တဖက်တလမ်းက ဖြည့်ရတဲ့ဆိုတဲ့အခါ ဘယ်မှာလဲ အိမ်ထောင့်သုခရယ်ဆိုပြီး ဆလံသသွားရတော့တယ်။

မြန်မာနိုင်ငံက အိမ်ထောင်ရှင်မအများစုဟာ ဒီလိုခံစားနေကြရတယ်။ သူတို့ဟာ ချစ်တဲ့သူကို လက်ထပ်ပေါင်းသင်းထားခဲ့သည်တိုင်အောင် အိမ်ထောင်သက်ကြာလေ စိတ်မချမ်းသာလေဖြစ်လာရော။ ကိုယ့်အပေါ် အကြင်နာပါးလာတဲ့ အမျိုးသားကို မဖောက်ပြန်တာပဲတော်လှချည့်လို့ မျက်နှာချို သွေးရတဲ့အဆင့်ဖြစ်လာတယ်။ အပြင်မှာသွားသောက်ပြီး ဖြစ်ချင်တိုင်းဖြစ်မလာစေချင်ရင် အိမ်မှာ သောက်ဖို့ခွင့်ပြုရတော့တာပဲ။ အမြည်းလေး ၊ အကြော်လေး ၊ အကင်လေးကနေ အဖော်အပေါင်းတွေ ခေါ်လာရင်လည်း အိမ်မြဲရင်ပြီးရော ခွင့်ပြုရတဲ့အခြေအနေ ဖြစ်လာတယ်။

ခွင့်မပြုရင် အပြင်ထွက်သောက်မယ်လေ။ စားသောက်တဲ့ကုန်ကျစရိတ်တွေအပြင် နောင်မှာ အငယ်အနှောင်းနဲ့ တတ်နိုင်သူတွေဆို Sponsor ကိစ္စတွေလည်း ပူရတော့မယ်။ ကိုယ်က မိသားစုတည်တံ့ဖို့ အငယ်အနှောင်းတွေကို ငွေပေးရှင်းထုတ်ရင်ထုတ် ၊ ဒီလိုမှမဟုတ်ရင် ကိုယ့်ကိုရှင်းထုတ်တာကို ခံရနိုင်သေးတယ်။ ပတ်ဝန်းကျင်မှာ သားသမီးလည်းမျက်နှာမွဲ ၊ ဇနီးလည်း မျက်နှာမွဲပေမယ့် တခဏတာ သာယာမှုကို တဘဝတာ သာယာမှုလို့ ထင်သူတွေကတော့ မယားမကောင်းကြောင်းပြောပြီး ဖောက်ပြန်ကြတယ်။

ဇနီးတွေကလည်း အားကျမခံ လင်မကောင်းကြောင်း နိုင်ရာ နိုင်ရာ သတင်းလွှင့်လို့ ကိုယ်မမှားဘူးလို့ မာန်တင်းခံကြတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲဖြစ်လာတဲ့ အခြေအနေတွေဟာ စိတ်နုနယ်တဲ့ အမျိုးသမီးတွေကို စိတ်ထောင်းကိုယ်ကြေစေနိုင်တယ်။ ဝမ်းနည်းစေနိုင်တယ်။ ယောကျာ်းတိုင်း ဒီပုပ်ထဲကဒီပဲလို့ အဆိုးမြင်သွားနိုင်တယ်။ အဆိုးစွန်မှာ မိသားစုထဲက ကလေးငယ်တွေဟာ စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာရတော့တယ်။

လက်ထပ်ပေါင်းသင်းတုန်းကတော့ ဘယ်အမျိုးသမီးကမှ ဒီလိုဖြစ်လာလိမ့်မယ်လို့ မတွေးမိခဲ့ပါ။ သာယာတဲ့အိမ်ထောင်ရေးဖြစ်ဖို့ပဲ မျှော်လင့်ခဲ့ကြတာပါ။ ခေတ်ကြီးက ဖောက်ပြန်တဲ့ကိုရီးယားကားတွေကို အတုခိုးခိုင်းတယ် ၊ စာရိတ္တမကောင်းတဲ့ အမျိုးသားတွေက အဟုတ်လုပ်ပြီး ခေတ်စတိုင်တခုအနေနဲ့ ဖောက်ပြန်လာကြတယ် ၊ လက်ရှိမိသားစုကိုတောင် တာဝန်မယူနိုင်ဘဲ မယားတွေယူတယ် ၊ အငယ်အနှောင်းတွေထားတယ် ၊ အကြီးရှိမှန်းသိရက်နဲ့လည်း အငယ်တွေက လက်ခံကြတယ် ၊ ရည်းစားရှိမှန်းသိရက်နဲ့လည်း ကိုယ့်လက်ပါလာတာကို ဂုဏ်ယူစရာလို့ သတ်မှတ်ကြတယ်။ နောင်ကိုယ့်လက်ထဲက ခြံခုန်တဲ့နွား ထွက်သွားနိုင်တယ်လို့ မတွေးတတ်ကြတော့ဘူး။

ဒီလိုခေတ်ကြီးထဲမှာ ငါးပါးသီလသာ မလုံရင်နေမယ်။ ဘီယာနဲ့အရက်ဆိုင်တွေကတော့ လက်ညှိုးထိုးမလွဲ ဖွင့်ထားတယ်။ အရည်အသွေးညံ့ဖျင်းတဲ့ အရက်ပုန်းတွေလည်း လွယ်လွယ်လေးဝယ်လို့ရတယ်။ ကျန်းမာရေးအထောက်အပံ့သာ မရရင်နေမယ် ကျန်းမာရေးဆုတ်ယုတ်ဖို့ကတော့ ဆေးလိပ် ၊ အရက်တွေဟာ အလယ်တန်းကျောင်းသားတွေအတွက် ရိုးလို့နေပြီ။ ဆေးပြားလေး ၊ ဆေးထိုးအပ်ကလေး ဝင်ကူလိုက်တဲ့အခါ ကိုယ့်ဘဝကိုယ်သာ မထောင်မတ်နိုင်တာ သူများသားသမီး ဖျက်စီးပစ်ဖို့ စိတ်ရိုင်းတွေက လွယ်လာပြီ။

လင်ကောင်းရှားလာတဲ့ခေတ်မှာ မကောင်းတဲ့သူတွေကို လင်တော်ထားတဲ့ဇနီးတွေ ဒူးနဲ့မျက်ရည်သုတ်နေရတဲ့ခေတ်ဖြစ်လာတယ်။ ခေတ်နဲ့ စနစ်ကြောင့် မကောင်းသူများလာတဲ့ အမျိုးသားတွေကို ဇကာစစ်ပြီး ဂိမ်းစွဲတာလောက်တော့ ခွင့်လွှတ်ရမှာပေါ့ ၊ ဘောစွဲတာလောက် ခွင့်လွှတ်ရမှာပေါ့ ၊ အိမ်မကူတာလောက် ခွင့်လွှတ်ရမှာပေါ့ ၊ ကလေးတာဝန်မျှမယူတာလောက် ခွင့်လွှတ်ရမှာပေါ့ ၊ ညနက်ပြန်တာလောက် ခွင့်လွှတ်ရမှာပေါ့ ၊ သောက်တတ်တာလောက် ခွင့်လွှတ်ရမှာပေါ့ ၊ တခါမှားတာလောက် ခွင့်လွှတ်ရမှာပေါ့ ၊ နှစ်ခါမှားတာလောက် ခွင့်လွှတ်ရမှာပေါ့ ၊ အခါခါ မှားတာလောက် ခွင့်လွှတ်ရမှာပေါ့တွေ ဖြစ်လာတယ်။ အမျိုးသမီးတွေ ဒီလိုမှ ဖော့တွေးပြီး အိမ်ထောင်မပြုရင် ဒါတွေလွတ်တဲ့သူက ရှာမှရှားနေပြီမို့ အပျိုဦးရေ တိုးသထက်တိုးလာပြီး မွေးဖွားနှုန်းတွေ ကျဆင်းလာမှာပေါ့။

ခေတ်နဲ့စနစ်တွေက မဟုတ်တာတွေကို လွတ်လပ်ခွင့်တွေ ပေးထားပြီး စာရိတ္တပိုင်းဆိုင်ရာတွေ ချွတ်ယွင်းလာနိုင်တဲ့ အရက်သေစာနဲ့ မူးယစ်ဆေးဝါးကိစ္စတွေကို နိုင်ငံရေးလုပ်တာလောက် အပြစ်မကြီးစေတဲ့အခါ ဒါတွေသုံးလို့ လူတွေ စာရိတ္တပျက်စီးပြီး အိမ်ထောင်ရေး ၊ စီးပွားရေး ၊ လူမှုရေးတွေ ထိခိုက်လာတာကို နိုင်ငံတော်ကြီးက သူနဲ့မဆိုင်ဘူးလို့ မျက်ကွယ်ပြုထားတယ်။

စာရိတ္တချွတ်ယွင်း ပျက်စီးလာတဲ့သူတွေက ခိုးဖို့ ၊ လုဖို့ ဝန်မလေးတော့ဘူး ။ သူများသားမယားနဲ့ အမျိုးကောင်းသားသမီးတွေကို ဖျက်စီးပစ်ဖို့ ဝန်မလေးတော့ဘူး ။ မိသားစုတွင်းတာဝန်ဆိုတာ မကျေတော့ ဒီလိုလူတွေရဲ့ မျိုးဆက်တွေဟာ ထွန်းပြောင်လာနိုင်တဲ့သူ နည်းလာတယ်။ ဒီအပင်က ဒီအသီးတွေပဲ သီးလာတော့ စာရိတ္တမကောင်းသူတွေ များတဲ့ခေတ်ထဲမှာ စာရိတ္တယိုယွင်းတဲ့ မျိုးဆက်သစ်တွေ ပေါ်ပေါက်လာရတယ်။ တာဝန်မယူတတ်တဲ့ ဖခင်က မွေးဖွားလာခဲ့တဲ့ မျိုးဆက်တွေ သူတို့မိသားစုကို တာဝန်ယူရမယ်လို့ သိတတ်မှုနည်းလာပြီလေ။

ကိုယ့်မိသားစုအပေါ်ကိုတောင် တာဝန်မကျေနိုင်တဲ့ ဒီလိုမျိုးဆက်တွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ်ခေါင်းဆောင်တွေဟာ တာဝန်ယူတတ်သူတွေ ဖြစ်နိုင်ပါ့မလား။ ဒီလိုနဲ့ ဂျာအေးကို သူ့အမေရိုက် ၊ မုန့်လုံးကို စက္ကူကပ်နေတာမို့ ဒီခေတ်နဲ့ စနစ်ကြီးကိုမှ မပြောင်းလဲနိုင်ရင် မြန်မာ့ ခေတ်ဇနီးသည်တွေဟာ အိမ်ထောင်သက်ကြာလာလေ စိတ်မချမ်းမြေ့လေဆိုတာကို ကြုံရဦးမှာပဲ။ တာဝန်မယူတတ်တဲ့ အမျိုးသားတွေကို ခင်ပွန်းအဖြစ် ပေါင်းသင်းနေရဦးမှာပဲ။

နိုင်ငံတော်ကြီးဆိုတာက အရက် ၊ ဆေးလိပ် ၊ မူးယစ်ဆေးဝါးတွေကို ဟန်ပြဖမ်းပြီး ပိုင်သူ ၊ နိုင်သူတွေကို တရားဝင်နီးပါး (မဖမ်းရဲ ၊ မဆီးရဲ ၊ အမှုမဖော်ရဲ) လုပ်ကိုင်ခွင့်ပေးထားသရွေ့ ဒါတွေသုံးလို့ စာရိတ္တပျက်စီးတဲ့ လူငယ်တွေဟာ တာဝန်မယူတတ်တဲ့သူတွေအောက်မှာ တာဝန်မယူတတ်သူတွေ ဆက်ဖြစ်နေဦးမှာပဲ။ ကျွန်မနားလည်ခံစားမိရသလောက် ခေတ်နဲ့စနစ်ကြီး လုံးဝမြေလှန်ပြောင်းလဲနိုင်ဖို့ သူတို့နေရာယူထားတဲ့ထိုင်ခုံတွေ ရိုက်ချိုးပစ်ဖို့လိုပြီ။

ရတု (Burmesehearts.com)
BurmeseApp

 

BurmeseApp on Google Play

You might also like