Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဖြည့်စွက်သင့်သည့် မိဘဝတ် – BurmeseHearts

ဖြည့်စွက်သင့်သည့် မိဘဝတ်

0

ကိုယ်တိုင်မိဘနေရာရောက်လာတော့ မိဘတွေဖြည့်ပေးသင့်တဲ့ ကွက်လပ်တွေကို ပိုမြင်လာတယ်။ ကိုယ်ငယ်ငယ်က မခံစားခဲ့ရတာတွေ ၊ ခံစားခဲ့ရတာတွေ ပြန်ပြောင်းသတိရမိပြီး ငါ့ကလေးကိုတော့ ဒီလိုပြန်မခံစားစေရဘူး ၊ ငါ့ကလေးကိုတော့ ဒီလိုလေး ဖြည့်ဆည်းပေးရမယ်ဆိုတာမျိုးတွေ မြင်လာတဲ့နောက်မှာ အခြားကလေးငယ်တွေလည်း သူတို့မိဘတွေဆီက ဒါတွေရကောင်းရဲ့ဆိုတဲ့ စိတ်ကလေးဖြစ်လာတယ်။

စားဝတ်နေရေးဖြည့်ဆည်းပေးရုံနဲ့ လူဖြစ်ခွင့်ရခြင်းဟာ မလုံလောက်ပါဘူး ။ အထူးသဖြင့် ကလေးငယ်တွေပေါ့။ သူတို့ရဲ့ စကားပြောဖော်ဟာ သူတို့အနားရှိနေသူတွေပါ။ ဒီလူတွေကပဲ သူတို့ကို ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုဆိုတာတွေ ပေးနေတာ။

နို့စို့ကလေးငယ်တွေရဲ့ အပျော်ရွှင်ဆုံးအချိန်ဟာ မိခင်ရင်ခွင်ထဲ နို့ချိုသောက်စို့ခွင့်ပါ။ ဒါကြောင့်လည်း နို့ဗူးတိုက်ကျွေးသူတွေအနေနဲ့ ကလေးကို ရင်ခွင်ထဲထားပြီး နို့ဗူးတိုက်ကျွေးကြဖို့ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေက အကြံပေးထားတယ်။ မိခင်ရင်ခွင်ထဲ နို့ချိုသောက်ဆို့ခွင့်ရတဲ့ကလေးဟာ မိခင်မျက်နှာကို မော့ကြည့်ရင်း ၊ မိခင်ကို ကိုင်တွယ်ပွတ်သပ်ရင်းနဲ့ ငြိမ်းချမ်းလုံခြုံမှုဆိုတာကို ခံစားရတယ်။

မိခင်နို့ သောက်စို့ခွင့်ရတဲ့ကလေးတွေကတော့ ဘဝမှာရွေးချယ်မှုရှိတယ်ဆိုတဲ့ အသိရယ် ၊ မပူမပင်စိတ်အေးရတဲ့ အခြေအနေရယ် ပိုမိုရရှိစေပါတယ်။ ဘာကြောင့်လဲဆိုတော့ မိခင်နို့ သောက်စို့ခွင့်ရတဲ့ကလေးဟာ မိခင်ရဲ့ နို့တစ်ဘက်သောက်စို့နေချိန်မှာ နောက်တဖက်ကို ကိုင်ထားလေ့ရှိတယ်။ သူ့အသိစိတ်ထဲမှာ ဒါကုန်ရင် နောက်တစ်ခုရှိတယ် ၊ ဒါရိုးရင် နောက်တစ်ခုပြောင်းစို့လို့ရတယ်ဆိုတာ ဒီလိုကိုင်နေရင်းနဲ့ ခံစားနိုင်တယ်။

ဒီလိုယုံကြည်မှုမျိုး အခြေခံထားတဲ့ ကလေးဟာ ဘဝကို အကောင်းမြင်တတ်တဲ့ ကလေးဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ ဘဝတလျောက်လုံး သူ့ရဲ့ အကောင်းမြင်စိတ်ဟာ သူ့ကို လူကြီးမိဘတွေ ဘယ်လိုဆက်ဆံလဲ ၊ ဘယ်သူက ဘယ်လို သင်ကြားပေးသလဲဆိုတာနဲ့လဲ သက်ဆိုင်နေပါတယ်။

ကျောင်းနေကလေးအရွယ်ကနေ လူငယ် ၊ လူရွယ်တွေရဲ့ အပျော်ရွှင်ဆုံးအချိန်ဟာ လူကြီးမိဘက ချီးမြှောက်ပေးချိန်တွေပါ။ ချီးမြှောက်တယ်လို့ပြောတဲ့နေရာမှာ ကစားစရာဝယ်ပေးတာကနေအစ အဝတ်အစားအသစ် ၊ သူကြိုက်တတ်တဲ့ အစားအစာ ၊ အရွယ်နဲ့အတန်းအလိုက် လိုအပ်တာတွေ ပေးအပ်ခြင်းတွေလည်း ပါဝင်နေပါတယ်။

ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ချီးမြှောက်ရုံလည်း မပြီးသေးဘူး ။ နွေးထွေးတဲ့ မေတ္တာကိုလည်း ပေးအပ်ဖို့လိုပါတယ်။ ဘယ်လောက်ပဲ လိုလေသေးမရှိတဲ့ဘဝကို ရနေပါစေ နွေးထွေးတဲ့မေတ္တာမခံစားရရင် ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး။

ရုပ်ဝတ္ထုမပေးနိုင်တဲ့မိဘတွေဟာ သားသမီးကို စိတ်အင်အားနဲ့ နားလည်မှုတွေ ပေးနိုင်တယ်။ သားသမီးနဲ့မိဘ အပြန်အလှန်နားလည်ပြီး နွေးနွေးထွေးထွေးရှိနေရင် မပြည့်စုံတဲ့ဘဝဟာ ပြီးပြည့်စုံနေသလိုပဲ ရောင့်ရဲနိုင်တယ်။ ပျော်ရွှင်တဲ့ဘဝကို ခံစားစေတယ်။

ကိုယ်တိုင်ကျရှုံးနေဦးတော့ သားသမီးရဲ့ မအောင်မြင်မှုကို နားလည်စွာဖေးမဖို့ ၊ အားပေးဖို့ ၊ စိတ်ဓါတ်မကျအောင် မြှင့်တင်ပေးဖို့ဟာ မိဘတွေမှာရှိသင့်တဲ့ အထူးတာဝန်ကြီးတစ်ရပ်ပါ။

အတန်းထဲအဆင့်ကျသွားလို့ ပြိုက်ဘက်ကိုလည်းရှုံးရ ၊ အတန်းထဲမှာလည်း အရှက်ရ ၊ အိမ်ရောက်တော့လည်း အဆူခံ ၊ အရိုက်ခံ ၊ အနှိမ်ခံရတဲ့ကလေးငယ်ဟာ ဘယ်လောက်စိတ်ဓါတ်ကျလိုက်မလဲ ။ မခံချင်စိတ်နဲ့ ကြိုးစားအောင် ပြောတယ်ဆိုပေမယ့် ပြောတတ်ဖို့လည်း လိုသေးတယ်။

အရွယ်ရောက်လာသူတစ်ဦးရဲ့ အပျော်ဆုံးအချိန်ဟာ ကိုယ်ချစ်သူနဲ့ တအိုးတအိမ်ထူထောင်နိုင်ခွင့်ရတဲ့အချိန်ပါ။ တအိုးတအိမ်ထူထောင်တယ်ဆိုတာ အပြောလွယ်ပေမယ့် အလုပ်ခက်လှတယ်။ ပြည့်စုံတဲ့ မိသားစုတွေကလွဲရင် လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေအတွက်ကတော့ တအိုးတအိမ်ထူထောင်ခြင်းဆိုတာ တသက်တာရုန်းကန်ခြင်းပါပဲ ။ သားသမီးများများ မွေးထားတဲ့ ချို့တဲ့မိဘတွေအဖို့ရာ ကိုယ်တိုင်က ရုန်းကန်နေကြရတော့ ကိုယ့်သားသမီးတွေကို တအိုးတအိမ်ထူထောင်ပေးနိုင်ဖို့ ဖြစ်နိုင်ပါ့မလား။

ဒါကြောင့် ချို့တဲ့ရတဲ့အထဲ သားသမီးများတဲ့ မိဘတွေဟာ မိဘဝတ်တွေကျေနိုင်ဖို့ ပိုခဲယဉ်းပါတယ်။ ပြည့်စုံလွန်းတဲ့သူတွေကျပြန်တော့လည်း များမြောင်လှတဲ့ လုပ်ငန်းဆောင်တာတွေအကြားမှာ သားသမီးကို ပေးနိုင်ဖို့အချိန် ရှားပါးလွန်းတာကြောင့် သားသမီးတွေနဲ့ဆက်ဆံရေးမှာ နွေးထွေးမှု ရှားပါးနေတတ်ကြတယ်။ တချို့မိဘတွေကျပြန်တော့ဘဲ ကိုယ်တိုင်ကြီးလာခဲ့တဲ့ ပုံသေဘဝဇတ်ခုံမှာ ကိုယ်ကြီးလာသလို ကိုယ့်သားသမီး ကြီးလာစေရင်း ဖြည့်စွက်ရမယ့်မိဘဝတ်တွေမှာ မကျေပွန်နိုင်တော့ဘူး။

ဖြည့်စွက်ရမယ့် မိဘဝတ်တွေထဲမှာ သားသမီးတွေကို နွေးထွေးမှုပေးဖို့ ၊ နားလည်ပေးဖို့ ၊ ပျော်ရွှင်မှုတွေ ဖန်တီးပေးဖို့ ၊ ချီးမြှောက်ပေးဖို့ ၊ အားပေးတတ်ဖို့နဲ့ သားသမီးအပေါ် ချစ်နည်းမှန်ကြဖို့လည်း လိုပါသေးတယ်။

တစ်ဦးတည်းမွေးထားတဲ့ သား သို့မဟုတ် သမီးအပေါ်မှာ သာမာန်မိဘဝတ်(၅)ရပ်အပြင် အဆိုပါ ဖြည့်စွက် မိဘဝတ်များ ကျေပွန်နိုင်ပါ့မလား သံသယရှိနေသူဟာ နောက်ထပ် သားသမီးတွေယူလိုက်ရင် ဝန်ပေါ်ဝန်ဆင့်ရင်း ကလေးတွေမှာ ဝန်ပိရော့မယ်လေ။

ရတု(burmesehearts.com)

You might also like