Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အမှောင်ခေတ်မှ အလင်းဆီသို့ – BurmeseHearts

အမှောင်ခေတ်မှ အလင်းဆီသို့

0

ပြည်သူတွေ တတပ်တအား ပါဝင်ဆင်နွှဲခွင့်ရတဲ့ ၂၀၁၅ ရွေးကောက်ပွဲကတော့ ပြီးစီးသွားပါပြီ။ ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆိုရင် ၊ ဒီမိုကရေစီတိုင်းပြည်ကြီး ထူထောင်နေတယ်ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒကို လေးစားရမှာဖြစ်ပါတယ်။ ပြည်သူတွေ ရွေးချယ်တဲ့ ရလဒ်ကို နိုင်နိုင်ရှုံးရှုံး လက်ခံရမှာပဲ။

လက်နက်ကိုင်သူတွေ အရောင်ပြောင်းပြီး အုပ်စီးမင်းမူထားခဲ့တဲ့ ကျွန်မတို့မြန်မာနိုင်ငံရဲ့  အမှောင်ခေတ်ဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကတည်းက ပြည်သူတွေ တောင့်တနေတာ ဘာဆိုတာ ပြခဲ့ပြီးပြီ။ လက်မခံဘဲ ခေါင်းမာအုပ်ချုပ်ခဲ့လို့ ကမ္ဘာမှာ မြန်မာဟာ အနိမ့်ကျဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်။

နိုင်ငံနိမ့်ကျတော့ နိုင်ငံသားတွေ နိမ့်ကျတာပေါ့။ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး အစစအရာရာ နိမ့်ကျသထက် နိမ့်ကျခဲ့တယ်။ ကြွယ်ဝတဲ့ သယံဇာတတွေကို ထုတ်ရောင်းပြီး လူ့စွမ်းအားတွေ နိုင်ငံတကာကို ယိုဖိတ်ကျခဲ့တယ်။ ပြည်သူက အစိုးရကိုမယုံ ၊ အစိုးရကပြည်သူနဲ့ တသားတည်းမကျ ဖြစ်လာတဲ့နှစ်တွေ အိနြေ္ဒရှိရှိ ပြောင်းလဲအဆုံးသတ်နိုင်ဖို့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို လက်ခံကြရအောင်။

လက်ရှိအစိုးရအဖွဲ့ဟာ ကိုယ်မဲမနိုင်ပေမယ့်လည်း ဝမ်းသာပီတိဖြစ်နေတဲ့ ပြည်သူတွေမျက်နှာ ထောက်ထားပြီး မျက်နှာပေါ်မှာ အပြုံးတွေ (ဟန်ဆောင်လို့ပဲဖြစ်ဖြစ်) တပ်ဆင်လိုက်ပါ။ အနိုင်ရသူကို လက်ဆွဲနှုတ်ဆက်လို့ ချီးမွမ်းစကားမပြောနိုင်ရင်တောင် ထွက်လာတဲ့ရလဒ်ကို လက်ခံရမှာပါ။ လက်မခံရင် မဲရော သိက္ခာပါ နှစ်ခါပြန်ရှုံးမယ်လေ။ ပြည်တွင်းမှာ ပြည်သူတွေကလည်း ရှုံ့ချမယ်။ နိုင်ငံတကာကလည်း ရှုံ့ချမယ်။ ဇွတ်တိုးလာခဲ့တာ ဆယ်စုနှစ်တွေ မနည်းတော့ဘူးပဲ။ ပြည်သူတွေ ရွေးချယ်တဲ့သူ အုပ်ချုပ်ပါစေ။ ကောင်းကောင်း ၊ ဆိုးဆိုး ပြည်သူတွေက အဲဒီရလဒ်ကို ရင်ဖွင့်ကြိုဆိုလို့ လက်ခံနေကြတယ်။ သူတို့လိုချင်တဲ့အရာ သူတို့ရွေးချယ်ပြီးပြီမို့ သူတို့ကို ရပိုင်ခွင့်ပေးလိုက်ပါ။

မြန်မာနိုင်ငံအတွင်းမှာ ၊ ဒီဥပဒေအောက်မှာ ၊ ဒီပြည်သူတွေက ဒီခေါင်းဆောင်စကားကို နာခံလိုကြပြီး ဒီခေါင်းဆောင် ဦးဆောင်မှုနောက် လိုက်လိုကြတယ်။ ထောက်ခံပါဆို တခဲနက်ထောက်ခံတယ်။ ဝန်းရံပါဆို တခဲနက်ဝန်းရံတယ်။ မဲပေးပါဆိုလည်း ပါတီအမှတ်အသားကိုပဲကြည့်တယ် ဘယ်သူအမတ်ဆိုတာ မသိဘဲ မဲပေးသူတွေအထိ ရှိတယ်။ ဘာဖြစ်လို့လဲဆို ဒီလူရဲ့ဦးဆောင်မှုကို ယုံကြည်လို့ ၊ ဒီလူရဲ့ ဦးဆောင်မှုကို နာခံချင်လို့ ၊ ဒီလူရဲ့စကားကို နားထောင်ပြီး ဒီလူက ဒါလုပ်ပါဆိုရင် ရင်ထဲ ၊ အသည်းထဲက လှိုက်လှိုက်လှဲလှဲ လိုက်လုပ်ကြတယ်။

တနိုင်ငံလုံးအတိုင်းအတာနီးပါး တခဲနက်ထောက်ခံပြီး သူတို့အလိုရှိတဲ့သူဟာ ကမ္ဘာက လေးစားအတုယူရတဲ့သူ ၊ မြန်မာကို ကမ္ဘာက သိစေတဲ့သူ ၊ တိုင်းတပါးနိုင်ငံအချို့ရဲ့ ဖတ်စာအုပ်တွေထဲမှာ ပြဌာန်းရတဲ့အထိ အရေးပါတဲ့သူ စသဖြင့် သူမရဲ့ဂုဏ်သတ္တိတွေဟာ မျိုးရိုးနဲ့ မော်ကွန်းဝင်နေတဲ့သူပါ။ ဒီလူ့ကို အရည်အချင်းယှဉ်လို့ မနိုင်တဲ့လူတစုက ဖိနှိပ်ခဲ့ဖူးတယ် ၊ သိက္ခာချခဲ့ဖူးတယ် ၊ အကျဉ်းချခဲ့ဖူးတယ် ၊ လုပ်ကြံခဲ့ဖူးတယ် ၊ အကြမ်းနည်းကော အနုနည်းကော သုံးခဲ့ဖူးတယ်။ ဒါပေမယ့် သူမဟာ တရားသောနည်းနဲ့ ယှဉ်ပြိုင်ပြီး နှစ်သုံးဆယ်နီးပါး မြန်မာပြည်သူတွေရဲ့ ရင်ထဲ ၊ အသည်းထဲ ကိန်းအောင်းနေတုန်းပဲ။ ဒါကို ထွင်းထုတ်ယူလို့ မရဘူး။ အကောင်းဆုံးနည်းက လူကြီးလူကောင်းပီသစွာ နေရာလွှဲပြောင်းပေးလိုက်ဖို့ပါ။

သူမဟာ မိသားစုနဲ့ အခြေတကျ သိုက်သိုက်ဝန်းဝန်း ဘဝကို စွန့်လွှတ်ပြီး ပါတီတစ်ခုရဲ့ အလံကိုဖက်တွယ်ခဲ့သူပါ။ မြန်မာပြည်သူတွေအရေးကို တစိုက်မတ်မတ် လုပ်ခဲ့တဲ့အတွက် မိသားစုနဲ့သူမ သေကွဲ ၊ ရှင်ကွဲ ခွဲခဲ့ရတယ်။ ခွဲနေရတယ်။ ဒါပေမယ့် အခုအချိန်အထိ မြန်မာနိုင်ငံမှာ သူမ သမ္မတဖြစ်နိုင်ခွင့်မရအောင် ဥပဒေတွေ ပြဌာန်းထားပြီးဖြစ်တယ်။ သူမကိုရှုံ့ချဖို့ ဘာသာရေးဆိုင်ရာ ဥပဒေကိုလည်း ပြဌာန်းပြီးဖြစ်တယ်။ ဒါပေမယ့် သူမဟာ အစွမ်းကုန် သည်းခံပြီး ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီဆိုတာကို သူမရဲ့ပါတီက ရအောင် ပြည်သူတွေတခဲနက် ထောက်ခံမှုနဲ့ နှစ်ကြိမ် (ကြားဖြတ်ရွေးကောက်ပွဲအပါအဝင်ဆို သုံကြိမ်)တိတိ ယူပြနိုင်ခဲ့တယ်။ ကိုယ်တွေအနာဂါတ်အတွက် မိသားစုကို စွန့်လွှတ်ရွေးချယ်ခဲ့တဲ့ သူမအနာဂါတ် ဘေးမသီရန်မခဘဲ လိုရာပန်းတိုင်ရောက်အောင် ကိုယ်တွေ မိသားစုလိုက် ၊ ရပ်ကွက်အလိုက် ၊ မြို့နယ်အလိုက် ၊ ပြည်နယ်နဲ့ တိုင်းအလိုက် ကာကွယ်ပေးသွားဖို့ဟာ မြန်မာပြည်သူ ၊ မြန်မာပြည်သားတွေရဲ့ သမိုင်းပေးတာဝန်ပါ။

သူမဟာ မြန်မာပြည်သူ ၊ မြန်မာပြည်သားတွေအတွက် သူမရဲ့ ပညာ ၊ မာန ၊ မခံချင်စိတ် ၊ အတ္တနဲ့ ဆန္ဒတွေဆိုတာကို ချိုးနှိမ်ထားနိုင်ခဲ့သူပါ။ သူမကို ဖိနှိပ်ခဲ့တဲ့ အဖွဲ့အစည်းက ရေးဆွဲခဲ့တဲ့ ဥပဒေ (သူမကိုလည်း သမ္မတဖြစ်ခွင့်မှ နှိပ်ကွပ်ထားဆဲဖြစ်တဲ့ ဥပဒေ)ကို သူမဟာ ပြည်သူတွေရဲ့ မျက်နှာတခုတည်းအတွက် လက်ခံပါတယ်လို့ ကျမ်းကျိန်ခဲ့ရတယ်။ ဆန့်ကျင်ဆန္ဒပြ တိုက်ပွဲဝင်ခဲ့တဲ့အတွက် ပေးဆပ်လိုက်ရတဲ့ဘဝတွေ ၊ ရင်းလိုက်ရတဲ့ အချိန်တွေ ၊ နုံချာသွားတဲ့ဘဝတွေအတွက် အကောင်းဆုံးဖြစ်နိုင်ဖို့ သူမဟာ သူမကိုမလိုလားသူတွေနဲ့ အပြုံးမပျက် လက်တွဲပြခဲ့တယ်။ ဒီလိုလက်တွဲမှလည်း သူမဟာ နေအိမ်အကျယ်ချုပ်အဖန်ဖန်ကျရတဲ့ဘဝကလွတ်ပြီး ပြည်သူတွေနဲ့ တသားတည်းရှိနိုင်မယ်လေ။ ဘယ်နိုင်ငံက ဘယ်လိုအထူးအမြတ်ထားပါစေ ၊ ဘယ်သူတွေက ဘယ်လိုချီးမြှင့်ပါစေ။ သူမဟာ ပြည်သူတွေနဲ့ အမြဲတသားတည်းရှိလို့ ပြည်သူ့ဘက်က ရပ်တည်ခဲ့တယ်။ ပြည်သူ့အသံတွေ နားထောင်ခဲ့တယ်။ ပြည်သူ့ဆန္ဒ သိရှိခဲ့တယ်။

သူမဟာ ပြည်သူတွေအတွက်ဆိုပြီး သူမဘဝကို လုံးဝရင်းနှီးမြှုပ်နှံထားသူဖြစ်တယ်။ သူမရဲ့ ကြံစည်တွေးတောမှုတွေဟာ ပြည်သူ့အကျိုးအတွက်ဖြစ်ပြီး သူမကိုချီးမြှင့်ထားတဲ့ ဆုအထွေထွေ ၊ ငွေသားအဖြာဖြာကိုလည်း ပြည်သူအတွက် သူမဘဝနဲ့အတူ ရင်းနှီးထားသူဖြစ်တယ်။ ပြည်သူကို တစိုက်မတ်မတ် ယုံကြည်စိတ်ချထားပြီး ပြည်သူ့ဆန္ဒကိုသာ သူမက အားကိုးလိုသူဖြစ်တယ်။ စေတနာ ၊ မေတ္တာဟာ အရွယ်သုံးပါးမရွေး ရောင်ပြန်ဟပ်သလို သူမမေတ္တာ နားလည်သဘောပေါက်သူတိုင်းကလည်း ဘယ်သူတွေ ဘယ်လောက်သွေးထိုးထိုး ၊ ဘယ်လောက်တားတား ၊ ဘယ်လိုတားတား သူမဘက်က ရပ်တည်မြဲဖြစ်တယ်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို နမူနာ ယူကြပါစို့။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဆန္ဒဆိုတာကို တခဲနက် ဖော်ပြခဲ့ပြီးပြီ။ နိုင်ငံတကာကလည်း ၁၉၉၀ရလဒ်လိုမဖြစ်ဖို့ စောင့်ကြည့်နေပြီ။ ကျွန်မတို့မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ ရောင်ခြည်သမ်းနေပါပြီ။ နှစ်သုံးဆယ်နီးပါး သူမဘဝနဲ့ရင်း သည်းခံထားခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ မြန်မာပြည်သူတွေဟာ ရွေးကောက်ပွဲ နည်းဥပဒေတွေအတိုင်း သည်းခံမယ်။ မသမာမှုတွေကို စောင့်ကြည့်ပြီး နိုင်ငံတကာက သိရှိအောင် သတင်းအချက်အလက် ၊ အကိုးအကားတွေနဲ့ သက်သေပြမယ်။ ဘယ်သူတွေ ဘယ်အကွက်ဆင်ဆင် ခရီးကြမ်းကြီးဖြတ်သန်းလာခဲ့ပြီးမှ အနားသတ်မလှမပ မရှိပါစေနဲ့လေ။

လူထုခေါင်းဆောင်ဖြစ်တဲ့ သူမ ဘေးမသီရန်မခရလေအောင် ကျွန်မတို့ပြည်သူ ၊ ပြည်သားတွေက သတိရှိရှိနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို စောင့်ရှောက်ကြည့်ရှုကြပါစို့ ။ သူမရဲ့ပါတီ နိုင်ငံရေးစင်မြင့်ပေါ် ဦးမော့နိုင်တဲ့အထိ ကျွန်မတို့ပြည်သူတွေက မိမိမာန ၊ အတ္တနဲ့ မခံချင်စိတ်တွေကို လာဆွနေသူတွေ စိတ်တိုင်းကျ မဖြစ်ရအောင် ၊ သူတို့ဆင်တဲ့အကွက်ထဲ မဝင်ရအောင် သတိရှိရှိနဲ့ ရှောင်ရ ၊ တိမ်းရပါဦးမယ်။

ရာစုနှစ်တဝက်လောက် အမှောင်ခေတ်ထဲ ပျက်စီးသွားခဲ့တဲ မြန်မာပြည်ကြီးဟာ သူမပါတီအနိုင်ရလို့ ချက်ချင်းရွှေရောင်ထထောက်မှာတော့ မဟုတ်ပါဘူး။ ဒါကို နားလည်သဘောပေါက်လို့ လိုတဲ့ထောင့်ကနေ နိုင်ငံသားပီသစွာ ဝိုင်းဝန်းကူညီကြရပါဦးမယ်။ ပညာရှင်ကလည်း ပညာရှင်အလျောက် ကူနေချိန်မှာ နိုင်ငံသူ ၊ နိုင်ငံသားတွေဟာ စည်းကမ်းတကျ ဥပဒေတွေ စိုးမိုးအသက်ဝင်ဖို့ တစ်ဦးချင်းစီကစပြီး စည်းကမ်းရှိပြမယ်။ မိမိတို့လိုချင်တဲ့ အစိုးရတက်လာဖို့ ၊ မိမိတို့လိုချင်တဲ့ တိုးတက်တဲ့နိုင်ငံဖြစ်လာဖို့ ဒီနိုင်ငံတွေကျင့်သုံးတဲ့ စည်းမျဉ်းစည်းကမ်းဆိုတာတွေကို လေးစားလိုက်နာပြရဦးမယ်။

မြင်ယောင်ကြည့်စမ်းပါ။ ခေတ်မီ လေအေးပေးစက်တပ်ထားတဲ့ အများသုံး ရထားတွေ ၊ ဘတ်စ်ကားတွေပေါ်မှာ မတိုးမဝှေ့ရဘဲ မြန်မာလုံချည် ၊ ထမိန်လေးတွေနဲ့ အိနြေ္ဒရရ အလုပ်သွား ၊ အလုပ်ပြန် လုပ်ရတယ်လို့ ၊ ဘက်မလိုက်တဲ့ စနစ်နဲ့ ဥပဒေအောက်မှာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်ပြီး လူရာဝင်နိုင်တယ်လို့ ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပညာရေး ၊ ကျန်းမာရေးတွေ အစိုးရက လုံလောက်ပြည့်စုံစွာ အထောက်အပံ့ပေးထားတယ်လို့ ၊ လာဘ်မထိုးရတဲ့ အစိုးရယန္တရားကြီး မြန်ဆန်စွာ အသက်ဝင်နေတယ်လို့ စတာ စတာတွေ မြင်ယောင်ကြည့်လိုက်စမ်းပါ။ ဒါတွေ တကယ်ဖြစ်လာတော့မှာလေ။ ကျွန်မတို့ပြည်သူတွေက ပညာရှိပီသစွာ စိတ်ရှည် ၊ သည်းခံ ၊ လမ်းကြောင်းမှန်ဖို့ပဲလိုတယ်။

ရတု (Burmesehearts.com)

BurmeseApp on Google Play

You might also like

Leave A Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.