Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အိမ်ထောင်လည်းထိန်းသိမ်းရင်း မိမိကိုယ်လည်းထိန်းသိမ်းစို့ – BurmeseHearts

အိမ်ထောင်လည်းထိန်းသိမ်းရင်း မိမိကိုယ်လည်းထိန်းသိမ်းစို့

0

အချိန်တွေ အတူပျော်ရွှင်စွာ ကုန်ဆုံးသွားတဲ့အခါ အချိန်ကုန်တာ မြန်လွန်းသလိုပဲ။
အချိန်တွေ အတူပျော်ရွှင်စွာ ကုန်ဆုံးသွားတဲ့အခါ အချိန်ကုန်တာ မြန်လွန်းသလိုပဲ။

သမီးရည်းစားသဘာဝတုန်းက ချစ်သူ ချွဲနွဲ့ဂျီကျ နွဲ့ဆိုးဆိုးတာကို သာယာကြည်နူးနိုင်ပေမယ့် အိမ်ထောင်ကျလာတဲ့ အိမ်ထောင်သက်ကြာလာလေ ဒီလိုကလေးဆန်ဆန် အပြုအမူတွေကို ခင်ပွန်းဖြစ်သူက သိပ်မသာယာနိုင်တော့ပါဘူး။ အချစ်တွေ ပြောင်းလဲလာတာလားလို့ထင်ရင် မှားမှာပေါ့။ အချိန်တွေ ပြောင်းလဲလာတော့ တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးဟာလည်း အထိုက်အလျောက်တော့ ပြောင်းလဲလာတာ ဓမ္မတာပဲလေ။ ဒါ့အပြင် ကိုယ်တွေနှစ်ဦးက သမီးရည်းစားတုန်းကလို သူစိမ်းတွေမဟုတ်တော့ဘူး။ မိသားစုဖြစ်သွားပြီ။ ဆက်ဆံရေးကလည်း အရင်းအချာဖြစ်သွားတာမှ အတွင်းသိ ၊ အဆင်းသိ ဒီ့ထက် သိစရာဘာမှမကျန်တော့အောင်ကို ကိုယ့်မိန်းမအကြောင်း ၊ ကိုယ့်ယောက်ျားအကြောင်း နောကျေနေပြီပေါ့။

အမျိုးသားနဲ့ အမျိုးသမီးဟာ လိင်မှာတင် ကျား ၊ မ ကွဲပြားရုံမဟုတ်ဘူး။ အကြောင်းအရာချင်းအတူတူ ၊ ဖြစ်ပျက်တာချင်းအတူတူကို ခံစားမှုချင်းကွဲပြားကြတယ်။ တခါတလေ ဆန့်ကျင်ဘက်ခံစားကြတယ်။ ဥပမာ အမျိုးသားတွေက အမျိုးသမီးကို ချစ်လွန်းတော့ လက်မထပ်ခင်မှာ လက်လွတ်ဆုံးရှုံးသွားရမှာ ပိုကြောက်တယ်။ အမျိုးသမီးတွေကတော့ လက်ထပ်ပြီးသွားတဲ့အခါ ကိုယ့်ခင်ပွန်းကို လက်လွတ်ဆုံးရှုံးရမှာ (သူများနောက်ပါသွားမှာ ၊ ဖောက်ပြန်ပြီး အသစ်တွေ့သွားမှာ) ပိုစိုးရိမ်ပူပန်တယ်။ မပူပါဘူးလို့ ပါးစပ်ကဘယ်လိုပြောပြော အိမ်ထောင်ရှင်မတိုင်းကတော့ တခုလပ်ဖြစ်ချင်တဲ့သူ နည်းပါတယ်။

ဒီစိုးရိမ်စိတ်က ခင်ပွန်းဖြစ်သူကို အရိပ်တကြည့်ကြည့်နဲ့ အချိုးပြောင်းနေပြီလား ဘယ်ပုံချိုးနေသလဲဆိုတာကို သံသယဖြစ်စေတယ်။ ချစ်သူတွေတုန်းကလို ဂရုတစိုက်မရှိတော့တဲ့ ဆက်ဆံရေးကို ပူပန်တယ်။ ခင်ပွန်းရဲ့ ဂရုစိုက်မှုကို အရင်လိုပဲ ခံစားချင်တယ်။ ပြန်လိုချင်တယ်။ ဒါကတော့ မိန်းကလေးသဘာဝပေါ့။ စိုးရိမ်ပူပန်တဲ့ကိုယ့်စိတ်ကိုယ် မထိန်းသိမ်းနိုင်သူတွေက ပိုလို့ပူလောင်ရတယ်။ သံသယတွေက လူကိုပိုပူလောင်စေတယ်လေ။

ခြံခုန်တဲ့နွားဟာ ခြံခုန်တတ်တဲ့သဘာဝရှိကိုရှိမှာပါ။ ဖောက်ပြန်ချင်တဲ့ခင်ပွန်းဟာ မိမိဘယ်လိုပဲကြိုးစား ကြိုးစား ၊ ဘာပဲလုပ်ပေးပေး ဖောက်ပြန်မှာပါပဲ။ ဘာကြောင့် ကိုယ့်စိတ်ကိုယ် အပူလောင်ခံမလဲနော်။ အောက်ကအချက်တွေကတော့ အိမ်ထောင်တစ်ခုထိန်းသိမ်းရာမှာ လိုအပ်တဲ့ အိမ်ထောင်ရှင်မတွေရဲ့ အရည်အချင်းအချို့ဖြစ်ပါတယ်။  အသုံးပြုရင်း အောင်မြင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
BurmeseHearts Blog

အိမ်ထောင်ကျပြီးလည်း တကိုယ်ရည်ထိန်းသိမ်းပြင်ဆင်ပါ

အိမ်ထောင်မကျခင်က ချိန်းတွေ့ချိန်တိုင်းမှာ လှလှပပလေး မြင်နေရပေမယ့် တကယ်အတူလက်ထပ် ပေါင်းသင်းတော့မှ မပြင်မဆင် ဖရိုဖရဲနေတတ်တဲ့ အမျိုးသမီးကို သူမခင်ပွန်း စိတ်ပြောင်းလဲလာရင် အဆိုးမဟုတ်ပါဘူး။ ရောင်းတုန်းက ရုပ်ပြလှလှလေး အိမ်ရောက်ပြီး မကြာခင်ပျက်စီးတတ်တဲ့ ရုပ်ပစ္စည်းတွေဆို ကိုယ်က ဘယ်လိုသဘောထားမလဲ။ အမျိုးသမီးဆိုတာ ရောင်းကုန်မဟုတ်ပေမယ့် သက်ရှိမို့ ပြင်ပြင်ဆင်ဆင် ပြုပြုပြင်ပြင်လေးတော့ ရှိသင့်ပါတယ်။ ဒါဟာ နေ့စဉ် မှန်တင်ခုံရှေ့အလှပြင်ကြဖို့ တိုက်တွန်းနှိုးဆော်နေတာ မဟုတ်ပါဘူး။

အထူးသဖြင့် ရုံးပိတ်ရက် ခင်ပွန်းနဲ့ အတူရှိနေချိန်မှာ ယခင်က နှစ်ဦးအတူ ချိန်းတွေ့ လည်ပတ်တုန်းကလိုမျိုး မျက်နှာပုံစံလေးတော့ ပြင်ပြင်ဆင်ဆင်နေပါလို့ တိုက်တွန်းတာပါ။ အဝတ်သစ်ထုတ်ဝတ်စရာမလိုပါဘူး။ ဖိုသီဖတ်သီမနေဘဲ အတွင်းခံလေးနဲ့ ကျကျနနဝတ်စားနေထိုင်ပါလို့ အကြံပေးတာပါ။ ရေမွှေးဆွတ်ထားဖို့ မလိုပါဘူး။ အိပ်ရာနိုးလို့ ရေမိုးချိုးပြီးတာနဲ့ သနပ်ခါးနံ့သင်းသင်းလေးဖြစ်နေတဲ့ ကိုယ်လေးရှိနေရင်ပြီးတာပါပဲ။ ခင်ပွန်းနားနေတဲ့ရက်တွေ ၊ သူနဲ့အိမ်မှာအတူရှိတဲ့ ရက်တွေမှာ ဒါကိုတော့ မွန်းမလွဲခင် ခင်ပွန်းနဲ့အတူ လက်ဆုံမစားခင် ပြင်ဆင်လုပ်ဆောင်နိုင်ရင် အကောင်းဆုံးပေါ့။ ပြီးတော့ ကိုယ်အလေးချိန် အလွန်အကျွံတက်မလာအောင်လည်း  ထိန်းထိန်းသိမ်းသိမ်းပြုပြင်ရမှာပါ။ ယောက်ျားရပြီးပြီ နောက်တစ်ယောက်ထပ်ရစရာလဲ မရှိတော့ဘူး ၊ ကလေးအမေဖြစ်နေပြီ ပြင်ဆင်နေစရာမလိုတော့ဘူးဆိုတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်ကတော့ ခင်ပွန်းပြောင်းလဲမှာ အဆိုးမဆိုနဲ့လေ။ ကိုယ်တိုင်က ပြောင်းလဲသွားခဲ့ပြီမဟုတ်လား။

 

ခင်ပွန်းအားတဲ့အချိန် ခင်ပွန်းကို အချိန်ပေးပါ

လက်ထပ်ပြီးစအချိန်မှာ နှစ်ဦးတပူးတွဲတွဲ နေချင်ကြတဲ့ ချစ်သူတွေ ဘာကြောင့် အိမ်ထောင်သက်ကြာလာတဲ့အခါ တပူးတွဲတွဲမရှိကြတော့တာလဲ။ တစ်ဦးနဲ့တစ်ဦး အဖော်လုပ်ပေးဖို့ မေ့လျော့နေကြလို့ပါ။ ဒီတော့ လက်ထပ်ပြီးကတည်းက တစ်ဦးကိုတစ်ဦး အဖော်လုပ်ပေးကျင့် ရှိရမှာပါ။ ဈေးသွားလဲအတူတူသွားမယ် ၊ တနေရာသွားလဲအတူတူ ၊ နှစ်ယောက်ရှိတဲ့အချိန်တွေကို နှစ်ယောက်အတူတူ အဖော်ပြုသွားနိုင်ဖို့ ကျင့်ယူထားရမှာပါ။ ကျွန်မတို့ အိမ်ထောင်သက် ရှစ်နှစ်ကျော်လာခဲ့ပြီး ရုံးပတ်ရက်တွေမှာ အဲဒီလို အတူတူသွားကျင့် ၊ လာကျင့် ၊ စားကျင့်တွေကို  တစ်ဦးတစ်ယောက်ကမှ ဖောက်ဖျက်တာမရှိပါဘူး။ (ခရီးသွားလာနေရတဲ့အချိန်ကလွဲရင်ပေါ့။) ဒီတော့ တစ်ဦးရဲ့တန်ဖိုးကို တစ်ဦးပိုသိလာတယ်။ အချိန်အတူတူ ကုန်ဆုံးချိန်ကြာလာတာနဲ့အမျှ တစ်ဦးကိုတစ်ဦး ပိုသံယောဇဉ်ရှိပြီး ပိုလိုအပ်လာတယ်။

 

နှစ်ဦးနားလည်မှုခိုင်မြဲခဲ့ရင် တတိယလူ မတိုးနိုင်ပါ

နှစ်တွေကြာလာလေ ကိုယ်တွေဇနီးမောင်နှံနှစ်ဦး နားလည်မှုတည်ဆောက်နိုင်လေ ၊ သံယောဇဉ်မြဲမြံလေ ၊ ယုံကြည်မှုတွေတိုးလာလေဆိုတဲ့အခါ ကြားလူ ၊ ကြားစကား ၊ သွေးထိုးမှု ၊ ဂုံးတိုက်မှု ၊ မလိုလားမှု ၊ အဖျက်အမှောင့်တွေဆိုတာကိုလည်း အလိုလို နှစ်ဦးရင်ဆိုင်ဖြေရှင်းသွားနိုင်မှာပါ။ ဒီနေရာမှာ သူများလင်မှ ကြောင်တောင်နှိုက်ချင် ၊ သူများမယားမှ ကြာခိုချင်တဲ့သူတွေရှိတယ်ဆိုတာ ဝန်ခံပါရစေ။

သူတို့ဟာ ကိုယ်တွေဇနီးမောင်နှံနှစ်ဦး သယာကြည်နူး ချစ်ခင်နေတာကို မကြည့်ရှုနိုင်တာ ၊ အားကျနေတာတွေ ဖြစ်လာတာနဲ့အမျှ ဖျက်လိုဖျက်စီး လုပ်ချင်လာတာ ၊ သူကိုယ်တိုင်ဝင်ပါပြီး ခံစားချင်တာတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့တာပဲ။ ဒီတော့ ကိုယ်တွေဇနီးမောင်နှံကြားကို ဝင်ရောက်လာနိုင်ဖို့ ကြိုးစားလာပါတော့တယ်။

ကျွန်မနောက်ကွယ်မှာ ရေလာမြောင်းပေးလုပ်လို့ မလှုပ်တဲ့ ကျွန်မခင်ပွန်းကို ကျွန်မရှေ့မှာတင် စကပ်တိုဝတ် ၊ ပေါင်ကားထိုင်ပြတဲ့ မြန်မာအမျိုးသမီးကိုလည်း နိုင်ငံရပ်ခြားမှာ ကြုံဖူးပါတယ်။ အိမ်ထောင်ရှိနေမှန်းသိရက် ၊ ခင်ပွန်းဘေးမှာရှိရက်က ဖုန်းနံပါတ်လာတောင်း ဆက်သွယ်ဖုန်းပြောလိုတဲ့ ကြာကူလီ ခင်ပွန်းမိတ်ဆွေတွေကိုလည်း ကြုံဖူးပါတယ်။ သူတို့ကိုယ်သူတို့ ဘယ်လိုခံစားရမယ်မသိပေမယ့် ကျွန်မတို့ဇနီးမောင်နှံအတွက်ကတော့ သူတို့ဟာ ဟာသတစ်ခုအဖြစ် အမြဲရှိနေပါတယ်။ ပျင်းလို့ နောက်ကြောင်းတွေ ဟာသလုပ် ပြောဖြစ်ကြတဲ့အခါတိုင်း သူတို့လည်း အပါအဝင်ဖြစ်သွားတာပေါ့။

ဒီတော့ တတိယလူဝင်လာတိုင်း အောင်မြင်မှုရသွားတာချည်းမဟုတ်ပါဘူး။ အဓိက က ကိုယ်တွေ ဇနီးမောင်နှံနှစ်ဦးရဲ့ ဆက်ဆံရေး ၊ အိမ်ထောင်ရေး အခြေအနေပါ။ အိမ်ထောင်ရေးအဆင်မပြေတဲ့ ဇနီးမောင်နှံတွေအတွက်ကတော့ တတိယလူ ကြားဝင်ဖို့လွယ်ကူတယ်လေ။

 

တစ်ဦးကိုတစ်ဦး အပြန်အလှန် ပြုစုယုယပါ

ဟင်းအစုံကို ဖွယ်ဖွယ်ရာရာ မချက်တတ်ရင်နေ ခင်ပွန်းကြိုက်တတ်တဲ့ ဟင်းလျာတွေကိုတော့ ချက်တတ်နိုင်ဖို့ ကြိုးစားသင်ယူပါ။ နောက် သားသမီးရှိလာရင် သူတို့ကြိုက်တတ်တာကိုလည်း ကြိုးစားသင်ယူရမှာဖြစ်ပါတယ်။ ဘယ်သူမှ မွေးကတည်းက မတတ်လာဖူးလေ။ ဘယ်သူမဆို မင်းဇနီးက အချက်အပြုတ်သိပ်တော် ၊ သိပ်ကောင်းတာပဲလို့ အပေါင်းအသင်းတွေရဲ့ ချီးမွမ်းစကားမှာ မသာယာတဲ့သူ မရှိပါဘူး။ ကိုယ်က ကိုယ့်ခင်ပွန်းကို ဂရုစိုက်နိုင်တာနဲ့အမျှ ပတ်ဝန်းကျင်က အားကျရတဲ့ ဇနီးမယားတစ်ယောက်ဖြစ်လာမှာပါ။ ဒီအခါ ခင်ပွန်းကလည်း ကိုယ့်ကို ဘယ်လက်လွတ်ခံချင်တော့မလဲနော်။ အပြင်မှာဝယ်စားတဲ့အစာက စားကောင်းပေမယ့် လက်ထပ်ပြီးစ ဇနီးမယားကချက်ကျွေးတဲ့ မိမိအကြိုက် အရသာကောင်းကောင်း ဟင်းလျာလောက် မက်စရာမရှိပါဘူး။ အဲဒီဟင်းလျာထဲမှာ မေတ္တာတွေ ၊ စေတနာတွေပါ ထည့်ချက်ထားတာမဟုတ်လား။

အိမ်ထောင်ပြုစကတည်းက ရုံးပိတ်ရက် သန့်ရှင်းရေးဆိုတာကို တစ်ရက်လောက်တော့ အတူ အကျင့်ယူလုပ်ထားနိုင်ရင် အကောင်းဆုံးပါ။ ကျန်တဲ့ရက်တွေမှာ မိန်းမက ရှင်းလင်းပြီး အဲဒီရက်မှာတော့ သူကူမှ ဖြစ်မယ့်အရာတွေကို ချိုချိုသာသာလေး ပြောဆိုလုပ်ခိုင်းတဲ့အခါမှာ အိမ်ထဲက သူ့ရဲ့အရေးပါမှုကို သူကိုယ်တိုင် သတိထားမိလာမှာပါ။ ကိုယ်ချည်းပဲ အရာရာလုပ်သွားတဲ့အခါမှာ ခင်ပွန်းက ငါ့အလုပ်မရှိဘူး ၊ ငါ့အလုပ်မဟုတ်ဘူး ၊ ငါလုပ်စရာမလိုဘူးဆိုတဲ့အကျင့်ကြီး စွဲသွားနိုင်တယ်လေ။

နောက်ပိုင်း အများကြီးကျန်ရှိနေသေးပေမယ့် လက်ထပ်ပြီးစ ဇနီးမောင်နှံတွေအနေနဲ့ ဒါကိုအရင် ကျင့်ယူကြည့်ပါဦး ။ အိမ်ထောင်သက်ရှိလာတဲ့ ဇနီးမောင်နှံတွေလည်း ပြန်ကြိုးစားကြည့်နိုင်ပါတယ်။ ပြောင်းလဲလာမယ်လို့တော့ အာမ မခံနိုင်ပါဘူး။ ခေါက်ရိုးကျိုး ၊ အကျင့်ဖြစ်သွားတဲ့သူတွေက ပြင်ရခက်တယ်မဟုတ်လား။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like