Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အိမ်ထောင်ရှင်မကောင်း – BurmeseHearts

အိမ်ထောင်ရှင်မကောင်း

0

မအားလပ်တဲ့ကြားက မိမိအချိန်တွေ သားသမီးတွေကို မျှဝေပေးသူပါ။
မအားလပ်တဲ့ကြားက မိမိအချိန်တွေ သားသမီးတွေကို မျှဝေပေးသူပါ။

အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဆိုတာ ခုခေတ်ကြီးထဲမှာဘာလဲလို့ တွေးစရာဖြစ်လာတယ်။ ဟိုးခေတ်တွေတုန်းက မယားဝတ္တရားငါးပါးကျေရင် အိမ်ထောင်ရှင်မကောင်းတစ်ယောက်လို့ အကြမ်းဖျဉ်းမှတ်ယူလို့ရပေမယ့် ခုခေတ်မှာ ဇနီးမယားတွေပါ စီးပွားထွက်ရှာ ၊ အလုပ်လုပ်နေရတော့ ကျေရုံအပြင် တဖက်ကမ်းတောင် ရောက်သွားပြီလို့ လွယ်လွယ်တွေးစရာပါ။

တကယ်တော့ အပြင်ထွက်စီးပွားရှာရတဲ့ အမျိုးသမီးတိုင်းဟာ အိမ်ထောင့်တာဝန်တွေကို လစ်ဟင်းတတ်ပါတယ်။ (အဲဒီလို လစ်ဟင်းတဲ့ အိမ်ထောင့်တာဝန်တွေကို နောက်ပိုင်းမှာ ဆက်ရှင်းပါ့မယ်။) အိမ်ထောင့်တာဝန် လစ်ဟင်းတော့ အိမ်ထောင်ရှင်မကောင်း ဘယ်ပီသနိုင်ပါတော့မလဲ။

အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဟာ အိမ်ထောင့်တာဝန်ကို အဓိက ကျေပွန်ရပါမယ်။ အဲဒီ့အိမ်ထောင့်တာဝန်တွေထဲမှာ အိမ်အတွက် စီမံခန့်ခွဲပေးရမယ့်တာဝန် ၊ ခင်ပွန်းတာဝန် ၊ သားသမီးတာဝန်တွေအပြင် အိမ်ထောင်တစ်ခုကို အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့ ပဲ့ကိုင်ပေးနိုင်တဲ့ စွမ်းရည်လည်းရှိရမှာဖြစ်ပါတယ်။

“လက်ဦးဆရာ မိ နှင့် ဘ” တဲ့ ။ မိဆိုတာ အရင်လာတာနော်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေဟာ အဖေထက် အမေ့ကို အကပ်များကြတယ်။ ကျောင်းက သင်ကြားပြသမှု ပေးနိုင်စွမ်းမရှိတဲ့ မိမိသားသမီးရဲ့ တကိုယ်ရည် စာရိတ္တပိုင်းဆိုင်ရာ ၊ မိဘဆွေမျိုးသားချင်း ပတ်ဝန်းကျင်အလယ်ထားရမယ့် ဂါရဝတရားဆိုင်ရာ ၊ ဘာသာတရားအဆုံးအမ စတာတွေကို မိခင်ကပဲ အရင်သင်ကြားပြသပေးရတာဖြစ်တယ်။ ဒါကြောင့်လည်း ရိုင်းပျတဲ့ ကလေးတွေဆို “မိမဆုံးမ ၊ ဘမဆုံးမ” လို့ ဆိုကြတာဖြစ်တယ်။

ဒီတော့ သားသမီးကို ပဲ့ပြင်ထိန်းကျောင်း ဆုံးမတဲ့နေရာ ၊ အိမ်ထောင်တစ်ခုကို ပဲ့ကိုင်တဲ့နေရာမှာ အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ မိခင်ဟာ အခရာဖြစ်ပါတယ်။ နည်းမှန်လမ်းမှန် သွန်သင်ဆုံးမတတ်တဲ့ မိခင်တစ်ဦးရဲ့ သားသမီးတွေဟာ အရည်အချင်းထွန်းပြောင် လိမ်မာသိတတ် ရိုကျိုးကြပြီး လောကကြီးကို အကောင်းမြင်တယ်။ သားသမီးကို ဆုံးမတာမတတ်တဲ့ မိဘတွေရဲ့ သားသမီးဟာ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းကြရပါတယ်။

ဒါကြောင့် အမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ်တိုင်ဟာ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီလား ၊ အမျိုးသားတွေအနေနဲ့ လက်တွဲဖော်ဟာ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလားဆိုတာ ပြန်စဉ်းစား သုံးသပ်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်မျိုးဆက်အတွက် အရေးကြီးနေလို့ပါ။

အိမ်တွင်းမှုလုပ်ဆိုတာ စကားလုံးလေးက လေးလုံးတည်း ဒါပေမယ့် အိမ်ထောင်ရှင်မ ပီသတဲ့ အမျိုးသမီးတွေအဖို့ မနက်ကတည်းက ချက် ပြုတ် ၊ လျှော်ဖွပ် ၊ ဆေးကြော ၊ ရှင်းလင်း ၊ မီးပူတိုက် ၊ ဈေးဝယ် ဆိုတာတွေနဲ့ လုံးလည်ချာလည် လိုက်နေတာ ဘယ်လိုနေဝင်သွားမှန်းတောင် မသိကြဘူး။

ကလေးရှိနေရင် ကလေးတာဝန် ၊ ယောက်ျားတာဝန် ၊ အိမ်မှုတာဝန်နဲ့ အတော့်ကို ရှုပ်ထွေးပင်ပန်းကြတာ။ တတ်နိုင်တဲ့သူတွေကျတော့လဲ အိမ်ဖော်ခေါ်ပြီး အိမ်ထောင့်တာဝန် အတော်များများကို အိမ်ဖော်ကို ထမ်းခိုင်းလိုက်တယ်။ အတော်သက်သာသွားတာပေါ့။ ဒါပေမယ့် သားသမီးကို လိုသလို နည်းမှန်လမ်းမှန် ဆိုဆုံးမဖို့ဆိုတာ မိဘ (အထူးသဖြင့်) မိခင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ ရှောင်လွဲခဲ့ရင် သားသမီးတွေရဲ့ ဘဝဟာ ဖြစ်သင့်တာထက် တိမ်းလွဲသွားနိုင်တယ်။ (ဒါကို ကလေးကဏ္ဍမှာ ဖော်ပြပေးမှာဖြစ်ပါတယ်။)

မိန်းမတိုင်း အိမ်ထောင်ရှင်မကောင်း မဖြစ်နိုင်တာကိုလည်း သတိထားသင့်တယ်။ ဒီထဲကမှ မိန်းမပေါ့တွေ ၊ မိန်းမပျင်းတွေ ၊ မိန်းမပျက်တွေလည်း ကြုံတွေ့ရနိုင်တယ်။ ယောက်ျားတွေလည်း ထို့အတူပဲ ယောက်ျားကောင်းချည်းပဲတော့မဟုတ်ပါ။ ဒီတော့ မိမိ၏အနာဂါတ်နှင့် မိမိမျိုးဆက်၏ အနာဂါတ်ကို မည်သူ၏ဦးဆောင်စီမံမှုအောက် ၊ ပဲ့ပြင်ထိန်းသိမ်းမှုအောက်မှာ ရှိစေမလဲဆိုတာလည်း အလေးအနက် တွေးရမှာဖြစ်ပါတယ်။

မိသားစုအတွက် ပေးရမယ့်အချိန်တွေ ၊ အနာဂါတ်အတွက် ကြိုးစားရမယ့်အချိန်တွေကို အကျိုးရှိရှိ အသုံးချရမယ့်အစား တချို့အမျိုးသမီးတွေက အိမ်လည်တယ်။ အတင်းပြောတယ်။ ဇတ်လမ်းတွဲတွေကြည့်ရင်း အချိန်ဖြုန်းတယ်။ တချို့ကျတော့ ဖဲဝိုင်းသွားတယ် ။ နှလုံးထီ ၊ သုံးလုံးထီ ၊ ချဲစသဖြင့်လောင်းကြတယ်။

တချို့အမျိုးသားတွေကျတော့ လ္ဘက်ရည်ဆိုင်မှာ သောင်းပြောင်းထွေလာ ပြောရင်းအချိန်ကုန်တယ် ။ ငယ်ရွယ်တဲ့သူတွေက အင်တာနက်ဂိမ်းကစားရင်း အချိန်ကုန်တယ်။ လောင်းကစားဝိုင်းတွေသွားပြီး ကံစမ်းကြတယ်။ ဘောပွဲတွေလောင်းကြတယ်။ အပျော်သောက်ရင်းကနေ နေ့စဉ်သောက် ၊ နောက်ပိုင်း မသောက်ရမနေနိုင်တဲ့ ယစ်ထုပ်ကြီးဖြစ်လာတဲ့ အထိ အရက် ၊ ဘီယာတွေက ဒုက္ခပေးနိုင်တယ်။

အဲဒီလိုလုပ်ရင်း ကုန်ဆုံးသွားတဲ့ အချိန်တွေ ၊ ငွေတွေကို မိသားစုအတွက် သုံးလိုက်မယ် ၊ မိသားစုပျော်ရွှင်မှုအတွက် လုပ်ပေးလိုက်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။

အကျိုးမရှိတဲ့ အလုပ်ကို လုပ်ကိုင်တဲ့ အိမ်ရှင်မတွေဟာ ယောက်ျားရှာတဲ့ငွေကို စီးတဲ့ရေ ၊ ဆည်တဲ့ကန်သင်းလို စုဆောင်းရမယ့်အစား အိတ်ပေါက်နဲ့ဖားကောက်သလို အဖတ်မတင်တော့ဘူး။ ဒီတော့ အရှေ့မှာ ကုန်းရုန်းပြီး စီးပွားရှာရတဲ့ယောက်ျားရဲ့ စိတ်ပျက်ငြိုငြင်မှုကို ခံကြရတာ မဆန်းပါဘူး။

တချို့ အိမ်ထောင်ရှင်မတွေကျတော့ အိမ်မှုကိစ္စလုပ်ရမှာပျင်းတယ်။ လင့်ဝေယျာဝစ္စ ၊ သားသမီးဝေယျာဝစ္စ လုပ်ပေးရမှာပျင်းတယ်။ တတ်နိုင်ရင် အိမ်ဖော်ကို တာဝန်ပုံပေးလိုက်တယ်။ ဒီမှာ သတိချပ်ရမှာက အိမ်ဖော်လုပ်ပေးသည့်တိုင် သူဟာ သူ့အလုပ် သူလုပ်ခြင်းသာဖြစ်တယ်။

အိမ်ဖော်ဟာ ဒီအိမ်ထောင်ရဲ့ အိမ်ထောင်ရှင်မ မဟုတ်ဘူးဆိုတာတော့ ကိုယ်တိုင်သတိထားသင့်တယ်။ ကိုယ်စီစဉ်ရမယ့်ကိစ္စတွေကို ကိုယ်မစီစဉ်ဘဲ တခြားသူကို ဝကွက်အပ်လိုက်ခြင်းဟာ မကောင်းတဲ့အလားအလာပဲဖြစ်တယ်။ ဥပမာ-အိမ်ဖော်နဲ့ခင်ပွန်း ဖောက်ပြန်သွားနိုင်သလို ၊ သားသမီးက ကိုယ့်ကို မတွယ်ကပ်ဘဲ သူ့ကို အချိန်ပြည့် ထိန်းကျောင်းနေတဲ့ အိမ်ဖော်ကို သွားတွယ်ကပ်နေတာလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်လာရင် ဘယ်သူမပြု မိမိမှုပါပဲ။

တချို့အမျိုးသမီးတွေကပြောတယ်။ ငါလည်းစီးပွားရှာနေရတာပဲ ငါဒါလုပ်ရင် သူဟိုဟာလုပ်ဆိုပြီး ကိုယ့်တာဝန်ဖြစ်တဲ့ အိမ်မှုကိစ္စမှာ ခင်ပွန်းနဲ့ သွားတွက်ကပ်ကြသေးတယ်။ ခင်ပွန်းက မငြိုမငြင်နဲ့ လိုလိုချင်ချင် အမြဲတမ်းလုပ်ပေးရင် ကောင်းပါတယ်။ မယူခင်ကတည်းက ဒီလိုမျိုး လုပ်မယ်လို့ ကြိုပြီး နားလည်မှု ယူထားရင်လည်း ကောင်းတယ်။ ဒီလိုမှမဟုတ်ဘဲ ခင်ပွန်းဖြစ်သူက မလုပ်ချင်ဘဲနဲ့ လုပ်ပေးရတယ်ဆို သူဒီလို လုပ်ကိုင်ပေးနေတာ လအနည်းငယ်ကနေ အများဆုံး နှစ်အနည်းငယ်ပဲ ဖြစ်မှာပါ။

နဂိုကတည်းက မိန်းမရဲ့ အိမ်မှုကိစ္စတွေ ၊ အိမ်ထောင့်တာဝန်တွေကို မလုပ်ချင်ဘဲ ဝိုင်းကူလုပ်ပေးနေရတဲ့ခင်ပွန်းဟာ သူ့ကိုယ်သူမကျေနပ်မှု စတင်လာတော့မှာ ဖြစ်ပါတယ်။ ဒီကနေ တဆင့်တက်ပြီး မလုပ်ချင်တဲ့ ဒီတာဝန်တွေ လာလုပ်ခိုင်းနေတဲ့ ဇနီးဖြစ်သူကို မကျေနပ်မှုတွေ ရောက်လာမှာဖြစ်ပါတယ်။ (တချို့အမျိုးသားတွေကျတော့ ချက်ပြုတ် ၊ ဆေးကြော လျှော်ဖွပ်ရတာကို ဝါသနာထုံပြီး မိန်းကလေးတွေထက် ပိုသေသပ်လုပ်ကိုင်တတ်တယ်။ သူတို့တွေကတော့ ချွင်းချက်ပေါ့။)

အိမ်ထောင်တစ်ခုမှာ တစ်ဦးအပေါ်တစ်ဦး မကျေနပ်ချက်တွေဝင်လာရင် အိမ်ထောင်ရေး ပြဿနာဖြစ်ဖို့ အစပျိုးလိုက်တာပါပဲ။ ဒီမကျေနပ်ချက်တွေကို အကျေအလည် ရှင်းနိုင်ရင်တော်သေးတယ်။ ရန်ဖြစ်လိုက် ၊ မကျေမလည် ပြီးသွားလိုက် ၊ နောက်ပြန်ဖြစ်လိုက်နဲ့ တကျက်ကျက်ဖြစ်နေတဲ့ လင်မယားတွေဟာ အိမ်ထောင်ပြိုကွဲနိုင်တဲ့ လမ်းစတစ်ခုလည်း ဖြစ်တယ်။

အိမ်မှာနေရတာမပျော်တဲ့ ခင်ပွန်းသည်ဟာ အပြင်ကို အကြောင်းရှာ ထွက်တော့မယ်။ ဒီအခြေအနေမှာ လန်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ငြိသွားမယ်။ အဲဒီအခါ အသစ်နောက်ပါသွားမယ်။ ဒါတွေဖြစ်နိုင်တယ်လို့ သတိပေးတာပါ။ ခင်ပွန်းဖြစ်သူ ဖောက်ပြန်သွားနိုင်တဲ့အရာတွေကို အစကတည်းက သတိမထားရင် ဖောက်ပြန်တဲ့ ခင်ပွန်းကို အပြစ်မဆိုသာဘူး။ မိန်းမရဲ့ အလေးထား ဂရုစိုက်မှုကို မရထားတဲ့ယောက်ျားဟာ သူ့ကိုအလေးထား ၊ ဂရုစိုက်တဲ့ မိန်းမကို ရှာဖွေတာမဆန်းဘူးလေ။

စကားပုံကိုက “သားကိုသခင် လင်ကိုဘုရား” လို့ ဆိုထားတော့ မြန်မာ့လူ့ဘောင်မှာ ယောက်ျားတွေက သူတို့ကိုယ်သူတို့ အိမ်ထောင်ဦးစီးဟာ ဘုရားတစ်ဆူလို အိမ်ထောင်စုဝင်တွေရဲ့ ဦးစားပေးမှု ၊ အလေးထားမှု ၊ ဂရုစိုက်ပြုစုစောင့်ရှောက်မှုကို ခံယူရမယ်လို့ ယုံကြည့်ယူဆထားကြတာကိုး။ သစ္စာမရှိတဲ့အမျိုးသားတွေကျတော့ ဇနီးသည်က လိုလေသေးမရှိအောင် ဘယ်လောက် ဂရုစိုက်စိုက် ခြံခုန်ချင်တဲ့နွားက ခြံခုန်တာပါပဲ။ အထူးသတိထားရမှာက အိမ်မှာမပျော်ရင် အပြင်မှာ အပျော်ရှာတော့မယ် ဆိုတာဖြစ်တယ်။

ကျွန်မအတွက်ကတော့ ရိုးစင်ပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဟာ ခင်ပွန်းသည်ကို အိမ်မှာပျော်အောင် ထားနိုင်တဲ့ အရည်အချင်းရှိရပါမယ်။ (အလုပ်သဘောအရ ခရီးအမြဲထွက်နေရတဲ့ အမျိုးသားတွေကတော့ ချွင်းချက်ပေါ့။) ခင်ပွန်းအိမ်မှာရှိနေတဲ့အချိန် အိမ်မှာမြဲနေအောင် ၊ အိမ်မှာနေရတာပျော်အောင် လိုလေသေးမရှိ စီမံတတ်တဲ့ ဇနီးသည်ဟာ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပါပဲ။

ရတု (Burmesehearts.com)

You might also like