Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အချစ်၏ပန်းတိုင် – BurmeseHearts

အချစ်၏ပန်းတိုင်

0

ပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုလည်း ဇနီးနဲ့ခင်ပွန်းက ဦးဆောင်နေတာပါ။
ပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုလည်း ဇနီးနဲ့ခင်ပွန်းက ဦးဆောင်နေတာပါ။

ချစ်နေတဲ့သူနှစ်ဦး လက်ထပ်ပေါင်းသင်းခွင့်ရပြီဆို ပြီးပြီ။ အချစ်ရဲ့ပန်းတိုင်ဟာ ပေါင်းသင်းမှုပဲလို့ ထင်နေကြတယ်။ မမှန်ပါဘူး။ အချစ်ရဲ့ပန်းတိုင်ဟာ အိုအောင်မင်းအောင် ရိုးမြေကျ ပေါင်းသင်းခြင်းပါ။ ကိုယ်အိုတဲ့အထိ ၊ နာတဲ့အထိ ၊ သေတဲ့အထိ ကိုယ်ချစ်မြတ်နိုးတဲ့သူနဲ့ လောကဓံတွေကိုရင်ဆိုင်ရင်း ၊ တစ်ဦးဒဏ်တစ်ဦးခံရင်း ၊ ကိုယ်တွေရဲ့ သားသမီးတွေကို မြေတောင်မြှောက်လို့ထိန်းကျောင်းရင်း ၊ ဘဝရဲ့အချိန်တွေကို နောက်ဆုံးချိန်အထိ အတူဖြတ်သန်းသွားကြတာပါ။

အချစ်စမ်းတယ်ဆိုတာ ချစ်သူဘဝမှာတင် ရှိတတ်တာမဟုတ်ဘူး။ လက်ထပ်ပြီးရိုက်ခတ်လာတဲ့ ဘေးပယောဂတွေ ၊ ဆွေမျိုးရေးရာတွေ ၊ အပေါင်းအသင်းကဏ္ဍတွေ ၊ စီးပွားရေး ၊ လူမှုရေး ၊ အိမ်ထောင်ရေးကစလို့ သားသမီးရေးအဆုံး ကိုယ်တွေဘယ်လောက် တက်ညီလက်ညီ ပူးပေါင်းရင်ဆိုင် ညှိနှိုင်းပြီးဖြေရှင်းသွားကြသလဲ ၊ သွေးကွဲသွားသလဲ ၊ ဖောက်ပြန်သွားသလဲဆိုတာတွေကလည်း ကိုယ်တွေအချစ်ကို စမ်းနေတာပါ။

အချစ်ပုံရိပ်ယောင်တွေကို အချစ်စစ်လို့ထင်ပြီး သာယာမိခဲ့ရာက ပေါင်းသင်းဖြစ်ခဲ့ကြတဲ့သူတွေဟာ အချစ်ရဲ့ပန်းတိုင်အထိ နှစ်ဦးအတူမသွားနိုင်ကြဘဲ လမ်းတဝက်မှာ လမ်းခွဲလိုက်ကြပါတယ်။ အချစ်မစစ်ခဲ့ကြတော့ တစ်ဦးအပေါ်တစ်ဦး သည်းခံနိုင်မှု အားနည်းတယ် ၊ နားလည်ပေးနိုင်မှု နည်းတယ် ၊ ညှိနှိုင်းလိုစိတ်မထားဘဲ သူရွဲ့လို့ ကိုယ်ရွဲ့မယ်ဆိုတဲ့စိတ်တွေကြောင့် ခရီးဆုံးအထိ အတူမသွားနိုင်ကြတာပါ။

တကယ်ချစ်တဲ့သူတွေကျတော့ တစ်ဦးအပေါ်တစ်ဦး ငဲ့ညှာထောက်ထားတယ် ၊ စကားတွေနဲ့ အနိုင်ယူခဲ့မိရင်တောင် တကယ်မလုပ်ရက်ကြဘူး။ မနိုင်၍သည်းခံခြင်းဆိုတာလိုမဟုတ်ဘဲ နှစ်ဦးရှေ့ဆက်လိုစိတ်နဲ့ သည်းခံတာ ၊ ဒီအိမ်ထောင်မပြိုကွဲဖို့အတွက် သူမလျှော့ရင် ကိုယ်လျှော့ ၊ သူတဆင့်လျှော့ရင် ကိုယ့်ဘက်ကလည်းလိုက်လျော လျှော့ပေါ့ရင်း ဒီအိမ်ထောင် ပျော်ပျော်ရွှင်ရွှင်မြဲနေဖို့ ၊ ကြုံလာသမျှတွေ အတူလက်တွဲ ရင်ဆိုင်ဖြေရှင်းသွားကြဖို့ ဦးစားပေးတွေးတယ်။

သားသမီးတွေရှိလာရင် ကိုယ်တွေကြောင့် သားသမီးတွေ မျက်နှာမငယ်ရအောင် ၊ မနစ်နာရအောင် ၊ စိတ်ဒဏ်ရာရမသွားအောင် ဦးစားပေးတွေးလာကြတယ်။ ဒီလိုငဲ့ညှာမှုတွေကြောင့်ဘဲ မလုပ်သင့်တဲ့အရာတွေ ရှောင်ကြဉ်ပြီး ဖြည့်ပေးသင့်တာတွေကို တာဝန်သိသိ ၊ စေတနာပါပါ ဖြည့်ဆည်းပေးတယ်။

သူတို့လုပ်နေတာဟာ ပတ်ဝန်းကျင်မှာမျက်နှာရဖို့လုပ်နေတာမဟုတ်ဘဲ ဒီမိသားစုလေး ပျော်ရွှင်ဖို့ ဦးစားပေးတာ ၊ သူများအားကျအောင်လုပ်ပြတာမဟုတ်ဘဲ ဒီမိသားစုလေးသာယာအောင် လုပ်နေတာ ၊ သူများမိသားစုတွေနဲ့ ပြိုင်ဆိုင်ရင်းလုပ်နေတာမဟုတ်ဘဲ ဒီမိသားစုလေးအတွက် ဘဝကို အလှပဆုံး ဆောက်တည်သွားတာပါ။

သစ်တပင်ဟာ သက်တမ်းရင့်လေ တန်ဖိုးတက်လေဆိုသလိုပဲ အိမ်ထောင်တခုဟာ သက်တမ်းရင့်လေ တန်ဖိုးကြီးလေပါ။ ဒီအိမ်ထောင်သက်ထဲမှာ နေ့စဉ်နဲ့အမျှ ဆင့်ကဲတည်ဆောက်ထားခဲ့တဲ့ နားလည်မှုဆိုတာတွေ ၊ ဖေးမမှုဆိုတာတွေ ၊ စာနာမှုဆိုတာတွေ ၊ သစ္စာတရားတွေ ၊ ညှိနှိုင်းမှုဆိုတာတွေ ကိန်းအောင်းနေတာပါ။ ဒီအရာတွေကို နေ့ချင်းညချင်း တည်ဆောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မျိုးစေ့မမှန် ၊ မသန်တဲ့အပင်က သေတာပဲလေ။ အပေါ်ယံအိမ်ထောင်ရေးကို တည်ထောင်ခဲ့သူတွေက လက်တွဲမမြဲဘဲ ကွဲကြရတာ။

သာယာတဲ့ အိမ်ထောင်တခုဖြစ်တည်ဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်း ၊ တဘက်တည်းက ကောင်းနေရုံနဲ့ ဖြစ်မလာပါဘူး။ နှစ်ဦးနှစ်ဘက်လုံးက တက်ညီလက်ညီရှိနေပါမှ ဒီအိမ်ထောင်ရေးဟာ အောင်မြင်ပျော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်မှာပါ။ ကိုယ့်အချစ်ရေး ၊ အိမ်ထောင်ရေး အဆင်မပြေလို့ သူတို့အချစ်ရေး ၊ အိမ်ထောင်ရေးကို အားကျပြီး သူ့လူကိုယ်ယူလိုက်ရင် သူတို့လို အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေး တည်ထောင်နိုင်ပြီလို့ ထင်ရင်မှားပါတယ်။

သူ့လူကိုယ့်လက်ထဲပါလာလို့ ကိုယ့်အိမ်ထောင်ရေး အလှပဆုံး လက်ရာမြောက်လာလိမ့်မယ်မထင်ပါနဲ့။ အတည်တကျ ပျော်ရွှင်နေတဲ့ သူများအိမ်ထောင်က တပါးသူရဲ့အိမ်ထောင်ဖက်ကို ကိုယ့်အိမ်ထောင်ဖက်လုပ်လိုက်လို့ ပျော်ရလည်းခဏပေါ့။ ဒီပတ်ဝန်းကျင်ရယ် ၊ ဒီအိမ်ထောင်ဖက်ရယ် ၊ ဒီမိသားစုတွေရယ် ၊ ဒီအသိုင်းအဝန်းမှာ စိတ်လုံလုံပျော်ရွှင်နိုင်လှ အချိန်အတိုင်းအတာခဏပေါ့။ ကိုယ့်လက်ထဲကပျိုးပင်ကို ကောင်းမွန်စွာမထိန်းသိမ်းမစောင့်ရှောက်တတ်သရွေ့ မြေကြီးထဲထည့်လိုက်ရုံနဲ့ အပင်တိုင်းသန်လာတာမျိုး မဟုတ်ပါဘူး။

ကြိုတွေးကြည့်လိုက်ပါ။ မိသားစုအတည်တကျ ပျော်ရွှင်နေတဲ့အိမ်ထောင်ရေးကိုပစ်ပြီး ကိုယ့်နောက်ပါလာတဲ့သူဟာ ကိုယ်နဲ့သူတည်ထောင်ထားတဲ့ အိမ်ထောင်တခုကို တသက်တာ အတည်တကျတန်ဖိုးထားပါ့မလား။ ကိုယ့်အိမ်ထောင်ရေး အတည်တကျဖြစ်လာချိန်မှာ သူစွန့်သွားနိုးနိုး တွေးပူရတော့မယ်လေ။ သူများမိသားစုလက်က လုယူခဲ့တဲ့ကိုယ်ဟာ ကိုယ့်မိသားစုလေးကို တပါးသူလုယူမှာကို နှစ်ဆပူပန်နေရပြီ။ ကိုယ်တိုင်က ဒီလိုလုပ်ခဲ့တော့ ပိုပူပန်ရတာပေါ့။

တကယ်လို့များ သားသမီးတွေ အရွယ်ရောက်လို့ တအိုးတအိမ်နဲ့ တရပ်တမြေ ရောက်သွားရင် ၊ ကိုယ်တိုင်က ငွေအားနည်း ၊ လူအားနည်းပြီး မီးစာကုန်ချိန်ရောက်နေရင် ၊ မေတ္တာလိုလို့မှ မေတ္တာပေးမယ့်သူအနားမှာမရှိရင် ဘယ်သူ့ကို အတောင့်တဆုံးဖြစ်မလဲ။ ကိုယ့်နားလည်မှုအပေးနိုင်ဆုံးသော ကိုယ့်မိခင်လည်း ကိုယ့်အနားမရှိတော့ဘူး ။ တအိုးတအိမ်နဲ့ အလုပ်များနေတဲ့ ကိုယ့်သားသမီးလည်း ကိုယ့်အနားအမြဲတစေမရှိနိုင်ဘူး ။ ဒီအချိန်မှာ ကိုယ်နဲ့ရွယ်တူ ၊ ခံစားချက်တူ ၊ နားလည်ဖေးမှုချင်းတူမယ့်သူဆိုတာ ကိုယ့်အိမ်ထောင်ဖက်တစ်ယောက်တည်းရှိတယ်။

ဒီလိုအိုမင်းလာတဲ့ အိမ်ထောင်သည်တိုင်း ပေါင်းဖက်လာတဲ့အိမ်ထောင်ဖက်နဲ့ အတူအိုမင်းသေဆုံးခွင့်ရကြတာမဟုတ်ပါဘူး။ စောစောစီးစီး အိမ်ထောင်ဖက်ဆုံးပါးသွားတဲ့သူတွေလည်းရှိမယ် ၊ အိမ်ထောင်ကွဲသွားသူတွေလည်းရှိမယ်။ သူ့အကြောင်းနဲ့သူပေါ့။ ဒါပေမယ့် သေအတူ ရှင်မကွာဆိုတဲ့စိတ်နဲ့ ပေါင်းဖက်သွားတဲ့ အိမ်ထောင်ရှင်တိုင်းကို အချစ်ရဲ့ပန်းတိုင် အရောက်လှမ်းနိုင်သူတွေအဖြစ် အရမ်းချီးကျူးမိတယ်။ အိမ်ထောင်တည်စမှာ ဒီလင် ၊ ဒီမယား အိုအောင်မင်းအောင် ပေါင်းဖက်ရပါစေသားဆိုတဲ့ဆု သူတို့ကိုယ်တိုင်ဖြည့်ခဲ့ပြီလေ။

ရတု (Burmesehearts.com)

You might also like