Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အချစ်အိမ်လေးတွင် ဇနီးမောင်နှံနှစ်ဦး လွတ်လပ်စွာနေထိုင်ခွင့် – BurmeseHearts

အချစ်အိမ်လေးတွင် ဇနီးမောင်နှံနှစ်ဦး လွတ်လပ်စွာနေထိုင်ခွင့်

0

အချစ်အိမ်လေးမှာ လွတ်လပ်စွာနေထိုင်ခွင့်
အချစ်အိမ်လေးမှာ လွတ်လပ်စွာနေထိုင်ခွင့်

အိမ်ထောင်ရေး ပျော်ရွှင်သာယာမှုမရှိတဲ့ ဇနီးမောင်နှံ (လင်မယား)တွေမှာ မချစ်လို့ အကြောင်းကြောင်းကြောင့် ယူခဲ့ရတဲ့စုံတွဲတွေအပြင် ချစ်လို့ယူခဲ့ကြတဲ့စုံတွဲတွေလည်း ပါဝင်လို့နေပါတယ်။ အိမ်ထောင်ရေးပျော်ရွှင်သာယာမှုကို အိမ်ထောင်သည်တိုင်း လိုလားကြပေမယ့် အိမ်ထောင့်အစမှာကတည်းက လွတ်လပ်စွာနေထိုင်ခွင့်မရှိတဲ့ စုံတွဲတွေဟာ အိမ်ထောင့်သုခကို အပြည့်အဝမခံစားနိုင်တော့ပါ။

လက်ထပ်ပေါင်းသင်းလိုက်တဲ့စုံတွဲတွေ လွတ်လပ်စွာနေထိုင်ခွင့်ရရှိဖို့ အရေးကြီးပါတယ်။ မိသားစုအတွင်း လွတ်လပ်စွာနေထိုင်ခွင့် ၊ မိမိနေအိမ်အတွင်း လွတ်လပ်စွာနေထိုင်ခွင့် နောက်ဆုံး အိပ်ယာပေါ်မှာ လွတ်လပ်စွာနေထိုင်ခွင့်ရှိဖို့ဟာ အိမ်ထောင်တစ်ခု ပျော်ရွှင်သာယာဖို့အတွက် ပထမခြေလှမ်းပါ။

အိမ်ထောင်ပြုလိုက်ပြီးတိုင်အောင် မိဘ ၊ မောင်နှမတွေနဲ့ အတူနေထိုင်တဲ့အခါ အိမ်ထောင်ပြုစ ကိုယ်တွေနှစ်ဦး လွတ်လွတ်လပ်လပ်နေထိုင် ချစ်ခင်ကြင်နာပြချင်ပေမယ့် မိဘမောင်နှမတွေရဲ့ မျက်လုံးတွေ ၊ အကြည့်တွေ ၊ နောက်ပြောင်တဲ့စကားလုံးတွေ ၊ အရှက်တရားဆိုတာတွေနဲ့ ဖုံးအုပ်လိုက်တဲ့အတွက် အိမ်ထောင်အစမှာ လွတ်လပ်သင့်သလောက် မလွတ်လပ်တော့ဘဲ ပွင့်လင်းသင့်သလောက် မပွင့်လင်းရတဲ့ အသိုင်းအဝန်း နေထိုင်မှုစနစ်ကြောင့် အိမ်ထောင့်သုခအရသာကို အိမ်ထောင်ပြုစမှာ ခံစားသင့်သလောက် မခံစားရတော့တာပဲ။

နှစ်ယောက်သီးသန့် အိပ်လို့ရတဲ့ ကိုယ်ပိုင်အိပ်ခန်းလေးတောင် မရှိတဲ့အိမ်ထောင်စုတွေမှာ “အိမ်ထောင့်သုခဆိုတာ ခြင်ထောင်ထဲကကိစ္စလား” လို့တောင် မေးစရာဖြစ်လို့နေပါတယ်။

သမီးရည်းစားအဆင့်တုန်းကထက် တိုးချစ်ချင်လို့ ၊ တိုးဂရုစိုက်ချင်လို့ ၊ တိုးကြင်နာချင်လို့ နောက်ဆုံး (၂၄)နာရီ အတူပျော်ရွှင်ကြင်နာရအောင် အိမ်ထောင်ပြုလိုက်ပါတယ်။ သမီးရည်းစားချိန်းတွေ့တုန်းကလောက်တောင် မလွတ်လပ်ရင်ဖြင့် ဘယ်လိုလုပ်မလဲနော်။

ဒါ့အပြင် မိဘမောင်ဖွားတွေရဲ့ မျက်လုံးတွေ ၊ စကားတွေ ၊ အပြုအမူတွေအပေါ် သတိထားဆက်ဆံရတာကလည်း မလွတ်မလပ်ခံစားမှုကို ဖြစ်စေပါတယ်။ ဒီထက်ဆိုးလာတဲ့အခြေအနေမှာတော့ မိမိတို့နှစ်ဦးထူထောင်ထားတဲ့ အိမ်ထောင်ရေးမှာ တတိယလူတွေ (ကြားစကားတွေ) ဝင်လာတော့တာပါပဲ။ ဒါဟာ နှစ်ဦးလွတ်လပ်စွာ နေထိုင်ခွင့်မရတာကနေ စလာတာပါပဲ။

အိမ်ထောင်ပြုပြီး မိမိတို့ရဲ့ အသိုင်းအဝန်းကို ဖြတ်တောက်လိုက်ဖို့ ပြောတာမဟုတ်ပါဘူး။ အသိုင်းအဝန်းနဲ့ ဆက်ဆံရေးမပြတ်တောက်အောင် သွားလည်နိုင်တယ်။ မိမိနေအိမ်မှာ တခုခုလုပ်စားရင်း နေ့ဘက်ပိုင်းမှာ ဖိတ်ခေါ်နိုင်တယ်။ ဖုန်းခေါ်နိုင်တယ်။ အရေးကြီးတာက မိမိတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာ တတိယလူတွေရဲ့ အကြည့် ၊ စကား ၊ သွေးထိုးမှု ၊ မြှောက်ပင့်မှုတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်နိုင်ဖို့ပါ။ ဒီလွှမ်းမိုးမှုတွေမရှိလေ လင်မယားစိတ်ဝမ်းကွဲ စကားများရန်ဖြစ်တာတွေ နည်းလေ။ အိမ်ထောင်သည်တွေရဲ့ လွတ်လပ်စွာနေထိုင်ခွင့်ကို ပီပီပြင်ပြင်ခံစားရင်း အိမ်ထောင့်သုခကို အိမ်ထောင့်အစပိုင်းမှာတင် ခံစားရမှာဖြစ်ပါတယ်။

အိမ်ထောင်ပြုစက အိမ်ထောင့်သုခဟာ ထိုစုံတွဲရဲ့ တသက်တာမှာ အမှတ်တရအဖြစ် စွဲကျန်ရစ်စေမှာမို့ တတ်နိုင်တဲ့သူတွေက လက်ထပ်ပြီး ဟန်းနီးမွန်းခရီးဆိုပြီးတော့တောင် တကူးတက သွားကြတာပါ။ ဒါဟာ အိမ်ထောင်ပြုစ ဇနီးမောင်နှံတို့ လွတ်လပ်စွာနေထိုင်နိုင်ဖို့ ၊ အတူလက်တွဲသွားမယ့် အိမ်ထောင့်ခရီးအစမှာ အမှတ်တရတွေကို လုပ်ယူသွားနိုင်ဖို့ ၊ ပျော်ရွှင်မှုအတိဆိုတဲ့ အချိန်တွေကို ခံစားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် ဇနီးမောင်နှံနှစ်ဦး လွတ်လပ်စွာနေထိုင်ပြီး အိမ်ထောင့်သုခကို ခံစားချင်ရင် ၊ နောက်ပြီး တတိယလူတွေရဲ့ လွှမ်းမိုးမှုကို အိမ်ထောင့်အစခရီမှာကတည်းက ဟန့်တားထားချင်ရင် အိမ်ထောင်မပြုခင်ကတည်းက မိမိတို့နှစ်ဦးသီးသန့် အိမ်ခွဲနေထိုင်ဖို့ ငွေစုကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ (ကြည့်ရှုစောင့်ရှောက်သူမရှိတဲ့ သက်ကြီးရွယ်အိုမိဘတွေကို နေ့စဉ် ပြုစုစောင့်ရှောက်ထောက်ပံ့ပေးနေရသူတွေ ၊ ရောဂါသည်မိဘကို ပြုစုလုပ်ကျွေးစောင့်ရှောက်ပေးနေရသူတွေ စတဲ့ မဖြစ်မနေအိမ်ထောင်ရှင်တွေအတွက် တအိုးတအိမ် ထူထောင်နေထိုင်ခွင့်ဟာ အခက်အခဲရှိနေမှာပါ။)

ပျော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်ဖို့ဟာ လွတ်လပ်စွာနေထိုင်ခွင့် တစ်ခုတည်းနဲ့တော့ မပြီးပြည့်စုံနိုင်ပါဘူး။ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိတော့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

ရတု (Burmesehearts.com)

 

BurmeseApp on Google Play

You might also like

Leave A Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.