Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အချစ်ကို ကစားတတ်သူများ၏ နိဂုံး – BurmeseHearts

အချစ်ကို ကစားတတ်သူများ၏ နိဂုံး

0

အချစ်ကို ကစားတယ်ဆိုတာ ခံစားချက်တွေကို ကစားတာပါ။ ကိုယ်တကယ်မချစ်ဘဲ ချစ်ဟန်ဆောင်တာ ၊ ကိုယ်တကယ်ခံစားလို့မရဘဲ သူတပါးအချစ်နဲ့ ပျော်မွေ့ဖို့ကြိုးစားတာတွေဟာ အချစ်နဲ့ကစားနေတာပါ။ အချစ်နဲ့ကစားနေသူတွေဟာ မာန်တက်နေသူတွေများပါတယ်။ အလှမာန်တက်သူတွေ ၊ ပစ္စည်းမာန်တက်သူတွေစသဖြင့်ပေါ့။ သူတို့တွေဟာ မမြဲတဲ့အရာတွေကို အဟုတ်လုပ် မြဲတယ်ဆိုပြီး တလွဲဂုဏ်မောက်နေသူတွေပါ။

အချစ်နဲ့ကစားတတ်သူတွေဟာ စွံတယ်ဆိုတဲ့စကားနဲ့ မြာပွေတယ်စကား အဓိပ္ပါယ်နှစ်ခုကို ကွဲကွဲပြားပြား မသိသူတွေဖြစ်ပါတယ်။ စွံတယ်ဆိုတာ ကိုယ်မကြိုက်လည်း ကိုယ့်ကိုကြိုက်သူတွေများနေတာဖြစ်ပြီး မြာပွေတယ်ဆိုတာကတော့ လူတွေအမြင်မှာ ကိုယ်နဲ့ရည်းစားလိုလို ဘာလိုလို (တကယ်လည်းရည်းစားတွေဖြစ်ကောင်းဖြစ်မယ်) တွဲတဲ့သူအရေအတွက်များနေတာပါ။ သူတို့နှစ်ဦးရဲ့ တန်ဖိုးချင်းက လုံးဝမတူပါဘူး။ ပိုမြင်အောင် ပြောရမယ်ဆို တကယ်စားကောင်းတဲ့ဆိုင်မို့ စားခွင့်ရအောင် စိတ်ရှည်လက်ရှည် တန်းစီစောင့်နေသူတွေရှိတဲ့ဆိုင်နဲ့ အလကားကျွေးတဲ့နေရာမို့ လူတွေ လူးလားခတ်နေတဲ့နေရာ တန်ဖိုးချင်း တူနိုင်ပါဦးမလား။ လာတဲ့သူတွေရဲ့ ရည်ရွယ်ချက်ချင်းလည်း မတူနိုင်ပါဘူး။

အလကားစားရသူတွေက အလကားစားရတာမို့ အရှုံးမရှိဘူး မြည်းကြည့်မယ်ဆိုတဲ့ စမ်းသပ်လိုစိတ်နဲ့ လာစားကြတာဖြစ်ပြီး စိတ်ရှည်လက်ရှည် တန်းစီစောင့်နေတဲ့သူတွေကတော့ သူများတွေရဲ့ အပြောကြောင့်ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်အရသာခံစားသိလို့ပဲဖြစ်ဖြစ် လာစားခွင့်ရဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ဘဝဟာ စားသောက်ဆိုင်တစ်ခုမဟုတ်ပါဘူး။ အရှက်တရား ၊ အကြောက်တရားဆိုတဲ့ လူ့ကျင့်ဝတ်တွေဝန်းရံထားတဲ့ လူ့သိက္ခာရပ်ဝန်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ထည်လဲတွဲနေသူတွေဟာ ကိုယ့်ကို မြည်းစမ်းချင်တဲ့စိတ် ၊ အလကားရလို့ လာမြည်းတာဆိုတဲ့စိတ်ကလေးနဲ့ ခံစားကြည့်လိုက်စမ်းပါ။ ဘယ်လောက် အောက်ကျနောက်ကျနိုင်ပြီး သိက္ခာမဲ့လိုက်သလဲလို့ …. ကိုယ့်ရဲ့မိန်းမသိက္ခာဟာ ကိုယ်ထည်လဲတွဲသူတွေနဲ့ လဲလိုက်ရတယ်ဆိုတာ အစကကြိုသိခဲ့မယ်ဆိုရင် ကိုယ့်ဘဝကို သူတို့တွေလက် ပေးမြည်းချင်ပါရဲ့လား။

ယောက်ျားများစွာနဲ့ ဆက်ဆံနေတယ်ဆိုတဲ့ အမျိုးသမီးဟာ ငွေပေးရင်အအိပ်ခံတဲ့ အမျိုးသမီးတွေပါ။ သူတို့ဟာ ဒီလိုလုပ်ရင်း သူတို့ဝမ်းစာကိုဖြေရှင်းကြတာပါ။ သူတို့ပညာဟာ ယောကျာ်းများများနဲ့ ဆက်ဆံရဖို့နဲ့ နေ့တွက်ဝင်ငွေ ပိုကိုက်ဖို့အရေးဖြစ်ပါတယ်။ နောင်ခါမှ ကျန်းမာရေးထိချင်ထိ ဒီနေ့အတွက်တော့ ယောကျာ်းများများဝင်မှဖြစ်မယ်ဆိုတာ သူတို့ရဲ့ခံယူချက်လေ။ ကိုယ်ဟာလည်း ငွေလိုချင်လို့ ခန္ဓာပေးတယ်ဆိုတဲ့ အမျိုးအစားထဲဝင်သွားပြီဆိုရင် မိန်းမကောင်းတစ်ယောက်လို့ ခေါ်နိုင်ပါသေးရဲ့လား။ ကိုယ်နဲ့တွဲနေသူတိုင်းနဲ့ အိပ်တယ်ဆိုရင်လည်း ငွေမရဘဲအအိပ်ခံတဲ့ဘဝမို့ မိန်းမပျက်တွေထက်တောင် ဈေးပေါနေပါသေးတယ်။

ခန္ဓာပေးမှအချစ်စစ်လို့ အချစ်စမ်းနေတဲ့ ဒီလိုယောကျာ်းတွေနဲ့ပဲ ပတ်သက်နေရတယ်ဆို ကိုယ့်တန်ဖိုး ကိုယ်ပြန်မြှင့်ဖို့ ဒီလိုယောက်ျားတွေနဲ့ မပတ်သက်မိအောင် နေလိုက်ပါ။ ကိုယ့်အရည်အချင်းကို အချစ်ဝတ္ထုတွေမဟုတ်တဲ့ ကိုယ်စိတ်ပါဝင်စားရာ ပညာရေးရသ စာအုပ်တွေကို ဖတ်ရှုလေ့လာပြီး ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်လိုက်ပါ။ ငယ်ရွယ်လေ ပညာရှာသင့်လေ ၊ လေ့လာမှုအားကောင်းလေ ဘဝအဆင့်မြင့်နိုင်လေဖြစ်ပါတယ်။

ယောက်ျားတွေနဲ့အိပ်မှ ခေတ်မီတယ်လို့ ဖြစ်နေတဲ့ မိန်းမဈေးကျကျခေတ်ကြီးထဲမှာ ယောကျာ်းတွေနဲ့ လုံးဝမအိပ်ဖူးတဲ့ အပျိုစင်စစ်စစ် ကိုယ့်တန်ဖိုးဟာ ဘယ်လောက်များ တန်ဖိုးကြီးလိုက်သလဲနော်။ ဒီလို ကိုယ့်တန်ဖိုးကိုယ်ထိန်းထားနိုင်တဲ့ အပျိုစင်မိန်းကလေးကို ရတဲ့သူ ကံကောင်းလိုက်လေခြင်း။ ဒါ့အပြင် ဒီမိန်းကလေးဟာ အချစ်စမ်းတဲ့ယောကျာ်းတွေနဲ့ ပတ်သက်မယ့်အစား ပညာရပ်ဆိုင်ရာတွေ လေ့လာလိုက်စားနေသူမို့ ဥာဏ်ပညာမြင့်တဲ့ မိန်းကလေးအဖြစ်နဲ့လည်း ရပ်တည်နေဦးမှာလေ။ ဒီခေတ်ကြီးထဲမှာ ဒီလိုမိန်းကလေးတွေကမှ တန်ဖိုးအမြင့်ဆုံး မိန်းမကောင်းလေးတွေဖြစ်ပါတယ်။

ရုပ်အလှဟာ အလွန်ဆုံးခံလှ နောင်နှစ်သုံးဆယ်ပေါ့။ ဒီခေတ်ကြီးထဲမှာ ထက်မြက်တော်မော်တဲ့ အမျိုးသမီးတွေဟာ ကြိုးစားရင်ကြိုးစားသလောက် နေရာကောင်းရနိုင်တဲ့ခေတ် ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ ကိုယ့်ကို တကယ်တန်ဖိုးထားချစ်တဲ့သူနဲ့ ကိုယ့်ခန္ဓာကို မြည်းစမ်းချင်သူတွေဆိုတာကို လူကဲခတ်အတွေ့အကြုံ ၊ စာအုပ်ထဲက ဗဟုသုတတွေအရ ကွဲကွဲပြားပြား သိနိုင်ပြီလေ။ အစွန်းအထင်းမရှိတဲ့ ထက်မြက်တဲ့မိန်းကလေးဟာ တွေးခေါ်မှုအဆင့်အတန်း ၊ သိက္ခာအဆင့်အတန်း မြင့်မားတဲ့မိန်းကလေးဖြစ်တာမို့ သူနဲ့ထိုက်တန်တဲ့ တွေးခေါ်မှုအဆင့်အတန်းမြင့်မြင့် ယောကျာ်းကောင်း ၊ ယောကျာ်းမြတ်တွေကိုပဲ အိမ်ထောင်ဖက်အချစ် ရည်ရွယ်ချစ်ကြိုက်တော့တယ်။ ကျွန်မအကြိုက်ဆုံး စကားစုတစ်ခုရှိတယ်။ ကျွန်မအသက်(၁၉)နှစ်လောက်က ဆရာတော် ဦးဇောတိကရေးသားထားခဲ့တဲ့ ဘဝဆိုတဲ့ကျောင်း စာအုပ်ထဲကနေ ဖတ်မှတ်သားထားခဲ့တာ။  “On the long run, you will get what you deserve.” တဲ့။ ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်ရာကိုပဲ ကိုယ်ရမှာလို့ ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒီစကားဟာ တကယ်မှန်ကန်တယ်။ လူဆိုတာ ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်တာကိုပဲ ကိုယ်ရရှိကြမှာဖြစ်ပါတယ်။ မိမိရဲ့အတွေးအခေါ် ၊ ခံယူချက် ၊ ယုံကြည်မှု ၊ ကြိုးစားအားထုတ်မှု ၊ ရည်မှန်းချက် စတာတွေနဲ့ ထိုက်တန်တဲ့အရာကိုပဲ ရေရှည်ကာလမှာ ရရှိတာဖြစ်ပါတယ်။ ရေတိုကာလကို ကျွန်မ မဆိုလိုဘူးနော်။ အခုလုပ် ၊ အခုဖြစ် ၊ အခုရလဒ်ထွက်နေတာကို မကြည့်ဘဲ နောင် ဆယ်နှစ်ကျော် ၊ နှစ်နှစ်ဆယ် ၊ နှစ်သုံး ၊ လေးဆယ်ကျော်ဆိုတဲ့ ရေရှည်ကာလမှာ ထွက်လာမယ့် ရလဒ်ကို ကျွန်မဆိုလိုတာဖြစ်ပါတယ်။ ရေရှည်မကြည့်ဘဲဆုံးဖြတ်လုပ်ကိုင်ခဲ့ရင် အခုပျော်ကောင်းပျော်မယ်။ ရေရှည်ကာလ ရောက်လာခဲ့ချိန်မှာ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲဆိုတဲ့ အပူအထွေထွေကို ပိုက်နေရတာကို ဆိုလိုတာ။ အခုမျက်မှောက် ခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် မလျှော့သောဇွဲနဲ့ ကိုယ့်ရည်မှန်းချက်အတိုင်း ကြိုးစားအားထုတ်လို့ ရေရှည်မှာ ခံစားရမယ့် အသီးအပွင့်ရလဒ်ကို ဆိုလိုတာဖြစ်ပါတယ်။

အသိုင်းအဝန်းကျဉ်းပြီး အမြင့်မဝင်ဆန့်နိုင်ဘူးလို့ သိမ်ငယ်နေတဲ့ မိန်းကလေးတွေအတွက် ဥပမာတစ်ခုအနေနဲ့ ကျွန်မငယ်ဘဝကို ကျွန်မချပြပါ့မယ်။ ကျွန်မအသက်(၁၈)နှစ်မပြည့်ခင် ဆယ်တန်းအောင်စအရွယ်မှာ အလုပ်စလုပ်နေပြီ။ ကျောင်းတုန်းကလည်း ကျောင်းစာနဲ့ အချစ်ရေးမစဉ်းစားဖြစ်ခဲ့သလို ဆယ်တန်းပြီးပေမယ့် စိတ်မလေအောင်လို့ အလုပ်စဝင်ခဲ့တာဖြစ်ပါတယ်။ ဒီ့နောက်ပိုင်းက ကျွန်မအချစ်ရေးကိုတော့ ဒီမှာဆွေးနွေးမှာမဟုတ်ဘူးနော်။ အလုပ်လုပ်နေချိန်မှာပဲ အလုပ်ချိန်ပြင်ပ သင်တန်းတွေတက်ပါတယ်။ အလုပ်ပိတ်ရက်တွေနဲ့ မိမိအားချိန်တွေမှာ စာကြည့်တိုက်တွေသွားပြီး စာဖတ်တယ်။ အဲဒီကနေ စာအုပ်တွေငှါးပြီး မိမိသင်တန်းက စာလုပ်ပြီးချိန် နဲ့ မိမိမအိပ်ခင်အချိန်တွေမှာ ဖတ်ရှုပါတယ်။ ဒါဟာ ကျွန်မဘဝကို ပညာရေးအရောင်တင်ခဲ့တာပါ။ ဒါတွေဟာ မိမိစိတ်တွေ လေနေချိန်မရအောင် ၊ မဟုတ်တဲ့အရာတွေအပေါ် အာရုံထားပြီး အချိန်တွေမပုပ်ရအောင် မိမိစိတ်ကို ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

လူတိုင်း (၁၀၀)ရာခိုင်နှုန်း အကောင်းချည်း မရှိနိုင်ဘူးပေါ့။ ဒါပေမယ့် အဆိုးနည်းနိုင်သမျှ နည်းအောင်နေထိုင်ရမှာပဲလေ။ ဒီအသိုင်းအဝန်းမှာပဲကျင်လည်ပြီး ဒါလူတွေနဲ့ပဲ ပျော်နေရင် ဒီအသိုင်းအဝန်းမှာပဲ ရှေ့ဆက်ဘဝရပ်တည်ရဖို့များနေပါတယ်။ ဒါကြောင့် မိမိပညာအစွမ်းနဲ့ တဆင့်ထက်တဆင့် မြင့်အောင်ကြိုးစားသွားသင့်တယ်။ သူများကိုနင်းပြီးတက်ဖို့ထက် ကိုယ့်ကိုယ်ကို သိက္ခာရှိရှိ တဆင့်ပြီးတဆင့် မြင့်သထက်မြင့်အောင် တက်သွားနိုင်ဖို့ ကြိုးစားပါ။

ကျွန်မကိုနင်းပြီး တက်သွားခဲ့သူတွေနဲ့လည်း ကျွန်မကြုံဖူးတာပဲ။ အဲဒီအချိန်မှာ ကျွန်မဘယ်လိုစိတ်ထားသလဲဆိုရင် သြော် … သူတို့မှာ ဒီနေရာကလွဲပြီး ဒီ့ထက်ကောင်းတဲ့နေရာမရှိဘူးထင်လို့ ဒီနေရာလေး ကပ်လုနေကြပါလားလို့မြင်တယ်။ ဘဝဟာ ပြေးလမ်းဆိုရင် ကိုယ့်ကိုတွန်းတိုက်သွားသူတွေကို ပြန်တွန်းတိုက်ဖို့ မကြိုးစားပါနဲ့။ သူတွန်းတိုက်လာနိုင်ချိန်ကို သတိထားပြီး သူတိုက်လာချိန်မှာ သူ့အရှိန်နဲ့သူလဲသွားအောင် အချက်ကျကျ ရှောင်နိုင်ဖို့ကြိုးစားလို့ ကိုယ့်ခရီးကိုယ် ဆက်လှမ်းပါ။ သူတွန်းလို့ ကိုယ်တိုက်နေရင် ခြေလှမ်းတွေ ခရီးရောက်နိုင်ပါတော့မလား။

တချို့တွေက ဘဝတဆင့်မြင့်အောင် ကြိုးစားပါဆိုတဲ့စကားကို ကိုယ့်ထက်မြင့်တဲ့သူကိုမှ ယူရမယ်လို့ တလွဲတွေးကြတယ်။ ဒါဟာ ဖြတ်လမ်းလိုက်တာပေါ့။ ကျွန်မ အသက်(၂၆)နှစ်လောက်တုန်းက အရမ်းချောတဲ့ ကျွန်မသူငယ်ချင်းတစ်ယောက် သူ့ထက် အသက်နှစ်ဆယ်ကျော်ကြီးတဲ့ လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်သွားတယ်။ အဲဒီလူကလည်း မယားကြီးကိုကွာပြီး ကျွန်မသူငယ်ချင်းကို အတည်တကျ ခမ်းခမ်းနားနား လက်ထပ်ယူခဲ့တာပါ။ ဒါပေမယ့် မယားကြီးကမွေးတဲ့သမီးနဲ့ သူနဲ့က သက်တူရွယ်တူလိုဖြစ်နေတယ်။ တကယ်တင့်တောင့်တင့်တယ်ယူထားတဲ့ အိမ်ထောင်ရေးဆိုပေမယ့် လူကြားထဲသွားတဲ့အခါ ကျွန်မသူငယ်ချင်းဟာ သူ့ဘဝအခြေအနေကို ပိုမြင်သထက်မြင်လာတယ်။

ဘယ်လောက်ပဲပြည့်စုံတဲ့ဘဝမှာပဲနေရနေရ ၊ ဘယ်လောက်ပဲ ကိုယ့်ခင်ပွန်းက ဖူးဖူးမှုတ်ချစ်တယ်ဆိုဆို အရွယ်ကွာဟမှုကတော့ အတိုင်းသားကြီးပဲလေ။ မိတ်ဆုံစားပွဲ ၊ ဧည့်ခံပွဲတွေသွားရင် ခင်ပွန်းအသိုင်းအဝန်းက သူမခင်ပွန်းနဲ့ သက်တူရွယ်တူတွေကြားမှာ သူမတစ်ယောက်ပဲ ဂုဏ်သရေရှိလူကြီးတစ်ယောက်ရဲ့ မယားအဖြစ်ရှိနေတော့ မျက်ဝန်းပေါင်းစုံတွေဒဏ်မခံနိုင်လို့ ခင်ပွန်းအသိုင်းအဝန်းနဲ့ ဝေးရာရှောင်လာတယ်။

သူမအသိုင်းအဝန်းက ဧည့်ခံပွဲတွေမှာလည်း သူမနဲ့သက်တူရွယ်တူတွေအကြား အဖေအရွယ်လောက်ရှိတဲ့ သူမခင်ပွန်းက သူမအနားမှာရှိနေတာ ၊ ရွယ်တူတွေရဲ့ ခြားနားတဲ့အကြည့်တွေမှာ သူမဒဏ်မခံနိုင်ပြန်တော့ တဖြည်းဖြည်းနဲ့ လင်စုံမယားစုံ ပွဲတက်ရမယ့်ဧည့်ခံပွဲဆိုတာကို ရှောင်လာပြီး အရွယ်ကွာဟမှုကြောင့် စိတ်မချတဲ့ခင်ပွန်းအလိုကျ နေထိုင်ရင်းက စိတ်ကျရောဂါရလာပါတယ်။ သူမမှာ သမီးကလေးတစ်ယောက် ထွန်းကားလာခဲ့တယ်။ ကလေးဟာ မိဘက ဖူးဖူးမှုတ်ချစ် ၊ လိုတရဘဝမှာနေထိုင်ရပေမယ့် ရွယ်တူကလေးမိဘတွေလို အရွယ်မမျှတဲ့ မိဘနှစ်ဦးကြောင့် ရွယ်တူတွေကြား မကြားတကြား ဟားစရာဖြစ်တာကို မကျေနပ်စိတ်တွေ ၊ အလိုမကျစိတ်တွေနဲ့ ကြွတ်ဆတ်ဆတ်လေး မနာမခံဖြစ်လာတယ်။

တကယ်ချစ်ပါတယ်ဆိုတဲ့လူ ၊ အတည်တကျ လက်ထပ်ပါတယ်ဆိုတဲ့လူ ၊ ကိုယ်ကလည်း ချစ်ပါတယ် ၊ နောင်မပူမပင်နဲ့ ပျော်ရမယ့်ဘဝလို့ တွေးထင်ထားသည့်တိုင် ဘာတွေ ဖြစ်လာသလဲနော်။ ကိုယ့်ကို မရိုးသွားခင်ကာလကလေးတခုမှာ ကိုယ်လိုချင်တာတွေ ဖြည့်ဆည်းပေးရင်း ကိုယ့်ခန္ဓာကိုယ်အလှ အငမ်းမရဖြစ်နေတဲ့ဒီလူကြီး ကိုယ့်မလိုတော့လို့ ပစ်သွားခဲ့တဲ့အချိန်မှာ ကိုယ်ဟာ ကိုယ့်အသိုင်းအဝန်းအလယ် ၊ ကိုယ့်ပတ်ဝန်းကျင်အလယ် ၊ နောက်ဆုံး ကိုယ့်ကိုယ်ကို စိတ်လုံစွာ ပျော်ရွှင်နေထိုင်နိုင်ပါ့မလား။

သူ့သားကြီး ၊ မယားကြီးတွေကိုတောင် ပစ်ပယ်ပြီး ကိုယ့်ကိုပတ်သက်နေတဲ့သူဟာ နောင်တချိန်မှာ ကိုယ့်ကိုပစ်ပယ်ပြီး ကိုယ့်ထက်ချောလှသူတွေနဲ့ မပတ်သက်နိုင်တော့ဘူးလား။ အပေါ်ကအမျိုးသမီးလို တချိန်မှာ ကိုယ်လည်း သူ့လို မခံစားရပေဘူးလား။ မှန်တာပြောသစ္စာပါ။ ကျွန်မသူငယ်ချင်းဟာ ခုချိန်အထိ စိတ်ကျရောဂါနဲ့ ဆေးကုနေရတုန်းပါ။ အရင်တုန်းကလို တက်ကြွမှုတွေသူ့မှာမရှိတော့သလို ၊ သူ့အလှပေါ်မှာ ယုံကြည်မှုတွေလည်း မရှိတော့ပါဘူး။ စိတ်ကျရောဂါနဲ့ အိမ်တွင်းအောင်းပြီး ပတ်ဝန်းကျင်နဲ့ အဆက်ဖြတ်ထားတဲ့သူမဟာ သူမမျှော်လင့်ထားခဲ့သလို ပျော်ရွှင်နေနိုင်ပါရဲ့လား။

BurmeseHearts Blog

နိုင်ငံကူးလက်မှတ် လုပ်ရခက်ခဲလွန်းတဲ့ ဟိုးတချိန်တုန်းက သံရုံးဝင်ဖို့ နိုင်ငံကူးလက်မှတ် အသည်းအသန်လိုနေလို့ နိုင်ငံကူးလက်မှတ် ခပ်မြန်မြန်ထွက်လာအောင် သိန်းပေါင်းများစွာသောငွေပေးပြီး ရဲမှူးတစ်ယောက် လက်မှတ်နဲ့ အကပ်ကလေးရဖို့လိုက်ရတဲ့အချိန် အဲဒီရဲမှူးအိမ်ကို ကျွန်မဝင်ထွက်ဖူးတယ်။ ကျွန်မနဲ့ရွယ်တူ သားနဲ့ သမီးငယ်လေးလည်းရှိတဲ့ ဒီရဲမှူးဟာ ခပ်ပြောင်ပြောင်ပဲ သူနဲ့ငြိနေတဲ့ မယားပျော်တစ်ယောက်နဲ့ ကျွန်မကို မိတ်ဆက်ပေးခဲ့တယ်။ ကျွန်မကိစ္စလိုက်လုပ်ပေးမယ်လို့ သူ့မိန်းမကိုပြောပြီး ကျွန်မက သူ့ကိုလာခေါ်ထုတ်စေခဲ့တယ်။ တကယ်က သူ့အပျော်မယားနဲ့ ပလူးလို့ ညစာအတူစားတာကို ငွေရှင်းပေးဖို့ ကျွန်မက သူတို့နဲ့တဝိုင်းတည်း ငွေထုပ်ပိုက် ထိုင်စောင့်ခဲ့ရဖူးတယ်။

ငွေလည်းသူ့လက်ထဲကျွံနေပြီး ကျွန်မလိုချင်တဲ့ နိုင်ငံကူးလက်မှတ် သူ့အရှိန်အဝါနဲ့ မြန်မြန်ရအောင် မသတီစရာကောင်းလှတဲ့ သူ့မျက်နှာကို ဟန်လုပ်ပြုံးရယ်ကြည့်နေခဲ့ရပေမယ့် သူ့မိသားစုအစား အတော်ခံပြင်းမိတယ်။ အတော်မျက်နှာပြောင်တိုက်နိုင်တဲ့လူနော်။ နောင်မှာ ဆက်ဆံပေါင်းသင်းမှု ကျယ်ပြန့်လာတာနဲ့အမျှ သူလိုလူမျိုးတွေကို ခပ်များများတွေ့ဖူးလာတော့တာပဲ။ တချို့သော ငွေရှိသူတွေဟာ ငွေကြောင့်ပျက်စီးကြပြီး ဂုဏ်ရှိသူတွေဟာ ဂုဏ်ကြောင့်ပျက်စီးကြပါလား။ သြော် … သူတို့မှာ ဆင်ခြင်တုံတရားဆိုတဲ့ အသိဥာဏ် မရှိလို့လေပဲလို့ ကျွန်မကောက်ချက်ချပြီး ဒီလိုအပေါ်ယံ ဆက်ဆံပေါင်းသင်းမှုတွေကို ကျွန်မ ရှောင်နိုင်သမျှ ရှောင်လာတော့တယ်။

သူတို့တွေကတော့ သူတို့ကိုယ်သူတို့ အလန်းလေးတွေနဲ့ အပျော်ရှာတာပေါ့။ တကယ်တော့ သူတို့ဟာ အပျက်ဘက်ရောက်နေတာ သူတို့ကိုယ်သူတို့ သတိမထားမိကြတာပါ။ ဘာတွေပျက်သလဲဆို သူတို့ရဲ့ ကိုယ်ကျင့်တရား ပျက်နေတာ ၊ သူတို့ရဲ့ စာရိတ္တပျက်နေတာ ၊ သူတို့ရဲ့ ဆင်ခြင်တုံတရား ပျက်နေတာ ၊ သူတို့ရဲ့ စဉ်းစားဥာဏ်တွေ ပျက်နေတာ ၊ အဆိုးဆုံးကတော့ သူတို့ကိုယ်သူတို့ ဖျက်နေကြတာပါ။

လူယုတ်မာအချင်းချင်းကတော့ အားပေးကြမှာပေါ့။ သူတို့တွဲနေတဲ့ အချစ်လေး ၊ အသည်းလေး ၊ ဘာလေး ညာလေးဆိုတဲ့ အမျိုးသမီးတွေက ဗိုက်ပူ အဆီရွှဲ သူတို့ကိုကြိုက်တယ် ၊ ချစ်တယ်ထင်ရင်မှားမှာပေါ့။ ဒီလိုအမျိုးသမီးတွေကြိုက်တာက ဒီလူကြီးဆီကကျလာမယ့် ရွှေတွေ ၊ ငွေတွေ ၊ ဇိမ်ခံပစ္စည်းနဲ့ စည်းစိမ်တွေဖြစ်နေတာ မသိ ၊ မမြင်နိုင်လောက်အောင် ဦးနှောက်ထဲသုတ်မွှန်နေတာလေ။

ကိုယ်များခေါက်ကနဲ မမာကြည့်ပါလား သူတို့ကိုလာမပေးနိုင်တဲ့ကိုယ့်ကိုပစ်ပြီး ပေးနိုင်တဲ့သူကိုတွဲမှာ ၊ ကိုယ်ကများ အပြည့်ပေးထားပြီး အနားနေခိုင်းမိတယ်ဆိုရင်တော့ မမာတဲ့ကိုယ့်ကို တခြားသူတွေနဲ့ပစ်ထားပြီး သူ့ကိုသာယာမှုပေးနိုင်တဲ့ အမျိုးသားတွေဆီ ကိုယ့်ငွေတွေ ၊ စည်းစိမ်တွေသုံး ပျော်ပါးနေမှာပါ။ ငနာကြီးကိုယ့်ကို အနစ်နာခံပြီး  ပြုစုပေးမယ့် မယားအလိမ္မာလေးလို့တွေးရင် မှားမှာပေါ့။

ဒီအမျိုးသမီးကို ကိုယ်က ဘယ်နေရာက တွေ့ခဲ့တာလဲ ၊ ကိုယ်ဟာ ကာမပိုင်ရှိမှန်းသိရက် ရှေ့တိုးရဲတဲ့စိတ်ထားဟာ အချစ်လား ၊ ကိုယ့်ပိုင်ဆိုင်မှုလားဆိုတာ ခုတင်ပေါ်လဲမှသိပြီး မျက်ရည်စက်လက်နဲ့ နောင်တတွေပိုက်ပြီး နောက်ဆုံးအချိန်ဆိုတာကို ရင်ဆိုင်လိုက်ဦးပေါ့။  နောင်တတွေ ၊ သောကတွေ ၊ မကျေနပ်ချက်တွေပိုက်ပြီး ဇောအတန်တန် ဖြတ်ရမယ်ဆို ဒီပုံနဲ့သေသွားရင် လူပြန်ဖြစ်ရင်တောင် ကံကောင်းရဲ့နော်

အချစ်ကို မကစားကောင်းဘူးဆိုတာထက် ခံစားချက်တွေကို မကစားကောင်းပါဘူး။ ဒီခံစားချက်တွေဟာ ရေချိန်မြင့်လာတဲ့အခါမှာ မထိန်းသိမ်းနိုင်သူတွေ ခြေလှမ်းလွန်ကျွံပြီး အသည်းနာသူတွေ နာကြတဲ့ရလဒ်ပဲထွက်လာတတ်တာပါ။ အချစ်ကို ကစားတတ်သူတွေရဲ့ နိဂုံးဟာ သူတို့မျှော်လင့်ထားသလို တသွေမတိမ်း မဖြစ်လာနိုင်ပါဘူး။ ပျော်မယ်ထင်ထားတဲ့နေ့ရက်တွေမှာ စိတ်အားငယ်မှုတွေ ၊ အထီးကျန်မှုတွေ စတဲ့ အဆိုးဘက်က ခံစားချက်တွေကိုပိုက်ပြီး နောင်တတွေကို ပိုက်နေရမှာပါ။ ဒိုးတူဘောင်ဘက် လက်တွဲညီညီ နားလည်မှုတွေနဲ့ ရုန်းကန်လာခဲ့တဲ့ သက်တူရွယ်တူစုံတွဲတွေ ပျော်ပါးနေချိန်မှာ ကိုယ်ဘာကြောင့် သူတို့လို ဂုဏ်သရေရှိရှိ မပျော်ပါးနိုင်တာလဲ။ ကိုယ်ဟာ အချစ်နဲ့ကစားခဲ့လို့ပါ။ ခံစားချက်တွေနဲ့ ကစားခဲ့လို့ ရေရှည်မှာ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ကို ပြန်ဒဏ်ခတ်နိုင်တယ်လေ။ အချစ်တွေ ၊ ခံစားမှုတွေနဲ့ ကစားခြင်း ကင်းပါစေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like