Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သုံးလမှ လေးလအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု – BurmeseHearts

သုံးလမှ လေးလအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

0

သုံးလကနေ လေးလအရွယ်အတွင်းရောက်လာပြီဆိုရင် ကလေးဟာ သူ့ပတ်ဝန်းကျင်ကို ပိုစူးစမ်းလေ့လာတတ်လာပါပြီ။ ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကို စိတ်ဝင်တစား လိုက်ကြည့်တတ်ပြီး ဘယ်သူ ဘာလုပ်တယ် ၊ ဘာကိုင်တယ်ဆိုတာကိုလည်း စိတ်ဝင်စားနေပါပြီ။

ကလေး လေးလသားအရွယ်မှာ ခေါင်းပိုခိုင်လာပြီး ကလေးကို မှောက်ခိုင်းထားရင် လက်ထောက်လို့ မှောက်လျက်သား တောင့်ထားနိုင်လာပြီဖြစ်တဲ့အတွက် ဒီလိုအချိန်မှာ မှောက်လျက်လက်ထောက်ထားတဲ့ ချစ်စဖွယ်ကလေးပုံလေးတွေကို အမှတ်တရ ဓါတ်ပုံရိုက်ယူထားနိုင်ပြီပေါ့။ ကိုယ့်ဘာသာကိုယ် လှိမ့်တတ်လာပြီဖြစ်တဲ့ကလေးဟာ လူကြီးကသူ့ကို ဂျိုင်းအောက်က ကိုင်ပေးထားရင် ခြေကလေး ခုန်ဆွ ၊ ခုန်ဆွ လုပ်လာနိုင်တဲ့ ကလေးတွေကိုလည်း တွေ့ရပါတယ်။

ဒီအရွယ်မှာ ပစ္စည်းတွေကို လက်တဘက်ကနေ တဘက် ပြောင်းကိုင်လာနိုင်ပြီဖြစ်တဲ့အတွက် သူစိတ်ဝင်စားမယ့် ကလေးကစားစရာလေးတွေကို လူကြီးမျက်စိအောက်မှာ ပေးကစားနိုင်ပြီပေါ့။ လူကြီးမျက်စိအောက်မှာ ပေးကစားရမယ်ဆိုတာက သူဟာ ပါးစပ်ထဲကို တွေ့ရာမြင်ရာ ၊ အနီးရှိရာ ပစ္စည်းတွေကို ကောက်ထည့်နိုင်ပြီဖြစ်လို့ပါ။

လူကြီးအနားမှာမရှိဘဲ သူလှိမ့်ယူ ၊ လှမ်းဆွဲနိုင်တဲ့ အကွာအဝေးက ပစ္စည်းတွေကို ပါးစပ်ထဲထည့်မိလို့ လည်ပင်းမှာတစ်နေရင် အသက်ရှူမရ ဖြစ်လာတတ်ပါတယ်။ အချိန်မီ မထုတ်ပေးနိုင်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လေ။ ဒီလိုအရွယ်ကနေစပြီး သုံးနှစ်အရွယ်အထိ ကလေးတွေကို ပါးစပ်ထဲ ၊ နှာခေါင်းထဲ ၊ နားထဲ ၊ မျက်စိထဲ တွေ့ရာ ကောက်မထည့်နိုင်အောင် ဂရုစိုက်ရတော့မယ်။

ဒီလိုအရွယ်ကနေစလို့ သူ့ပါးစပ်ထဲဝင်နိုင်လောက်တဲ့ ပစ္စည်းတွေကို သူမလှမ်းနိုင်တဲ့ အမြင့်နေရာတွေမှာ ထားရပါတော့မယ်။ ပါးစပ်ထဲ ဝင်နိုင်တဲ့ပစ္စည်းဆိုတာကို ဘယ်လို လွယ်လွယ်ကူကူ သိနိုင်မလဲဆိုရင် ပုံမှန် ရေအိမ်သုံး စက္ကူလိပ်တစ်ခုကို အသုံးပြုလို့ကုန်သွားတဲ့အခါ ကျန်ခဲ့တဲ့ စက္ကူအခေါင်းပေါက်နဲ့ တိုင်းရမှာဖြစ်ပါတယ်။ အဲဒီအပေါက်ထဲကို သူ့ကိုပေးမယ့် ပစ္စည်းထည့်ကြည့်ပါ။ ဝင်သွားနိုင်တယ်ဆို မပေးရပါဘူး။ ကလေးအနီးမှာလဲ မထားဘဲ သူမမီနိုင်တဲ့ အမြင့်တနေရာမှာ ထားရမှာ ဖြစ်ပါတယ်။ မဝင်ဘူး ၊ တစ်နေတဲ့ အရွယ်အစားကိုမှ ကလေးကို ပေးကိုင် ၊ ပေးကစားရမှာ ဖြစ်ပါတယ်။

လေးလအရွယ် ကလေးဟာ ကောင်းကောင်း မြင်တွေ့လာနိုင်ပြီး အရောင်ရင့်ရင့်တွေကို ခွဲခြားမြင်လာနိုင်ပြီဖြစ်ပါတယ်။ အစာအိမ်ကလည်း လေးလတာကာလအတွင်း တိုးတက် ဖွံ့ဖြိုးလာပြီမို့ တခါနို့စို့ရင် ယခင်ထက် ပမာဏများများ အစာအိမ်ထဲမှာ သိမ်းလို့ချက်လာနိုင်ပါပြီ။ ဒါကြောင့် နေ့ပိုင်းမှာ လေး ၊ ငါးကြိမ် နို့တိုက်ရုံနဲ့ ကလေးဟာ နို့ဝနေပြီး အလေးချိန်လည်း တက်လာမှာဖြစ်ပါတယ်။ ကလေးက အစားပုပ်လို့ ဒီ့ထက်ပိုစို့ရင်လည်း တိုက်ရမှာပဲပေါ့။ ညပိုင်းမှာ ယခင်ကထက်ပိုလို့ အချိန်ကြာကြာ အိပ်လာမှာဖြစ်ပြီး တရေးနိုး နို့တောင်းတဲ့ အကြိမ်နည်းလာမှာဖြစ်ပါတယ်။ တချို့ကလေးတွေကတော့ မနက်မိုးလင်းတဲ့အထိ တရေးပဲပေါ့။

BurmeseHearts Blog

ပုံမှန်အားဖြင့် ကလေးခြောက်လအထိ မိခင်နို့ကလွဲရင် ဘာမှ မကျွေးဖို့ နိုင်ငံတကာစံနှုန်းနဲ့ သတ်မှတ်ထားပါတယ်။ ဒါဟာ ကလေးရဲ့ အစာအိမ်ကို ကောင်းစွာဖွံ့ဖြိုးလာဖို့အတွက်ဖြစ်ပြီး အစာကောင်းကောင်း မချက်နိုင်သေးတဲ့ ကလေးရဲ့အစာအိမ်ကို တခြားအစားအစာတွေကြောင့် အစာချေဖျက်စနစ်မှာ အားမနည်းစေအောင်လို့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးခြောက်လအထိဟာ မိခင်နို့ကရရှိတဲ့ အာဟာရဓါတ်တွေနဲ့ ကောင်းကောင်း လုံလောက် ပြည့်စုံနေလို့လည်း ဖြစ်ပါတယ်။ မိခင်နို့လုံးဝတိုက်လို့ အဆင်မပြေဖြစ်တဲ့သူတွေကျတော့ ကလေးနို့မှုန့်သီးသန့် ဖျော်တိုက်ကြဖို့ကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါပေမယ့် လေးလတလျောက်လုံး ဝမ်းသွားခြင်း ၊ လေအောင့်ခြင်းမရှိဘဲ ကျန်းမာသန်စွမ်းတဲ့ကလေးတွေ ၊ မိခင်နို့ကို ပုံမှန်ထက် အကြိမ်များများစို့တဲ့ ကလေးတွေဟာ အစာချေဖျက်စနစ် ကောင်းမွန်ပြီး ကျန်းမာသန်စွမ်းနေတာမို့ ဒီလိုကလေးတွေကို လေးလအရွယ်ကနေစပြီး တခြား အစာအာဟာရကို စတင်မိတ်ဆက်ပေးနိုင်တယ်လို့လည်း ကျွမ်းကျင်တဲ့ပညာရှင်တွေက ပြောဆိုထားပါတယ်။

ကျွန်မကလေးတုန်းက တလျောက်လုံး ကျန်းကျန်းမာမာမို့ လေးလအရွယ်မှာ ထမင်းရေကျဲလေးကို ဘာမှမခပ်ဘဲ ဇွန်းကလေးနဲ့ အရင် စမိတ်ဆက်ပေးပါတယ်။ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးချက်တာကို မျက်စိရှေ့တင် အေးအောင်မှုတ်ပြီး ကလေးသောက်နိုင်တဲ့ အပူချိန်မှ တိုက်တာဖြစ်ပါတယ်။ ကလေးကို အခုမှ အစာသစ်မိတ်ဆက်တာမို့ ကလေးရဲ့အစာအိမ် အစာချေဖျက်မှု အခန့်မသင့်မဖြစ်ရအောင် ယင်မနားစေရသလို မနက်ချက်တာကိုလည်း ညနေမှာ မတိုက်မိအောင် သတိထားပါ။

တခါမိတ်ဆက်ရင် နှစ်ရက်လောက် ဒီအစာနဲ့ ကျင့်သားရလာအောင် မိတ်ဆက်ပေးရပါတယ်။ နောက်နေ့မှာ ပဲပြုတ်ရည်ကျဲကျဲကို နှစ်ရက်ဆက် တိုက်ပါတယ်။ နောက်နေ့ အသီးအရွက် ပြုတ်ရည် ကျဲကျဲကို နေ့ပိုင်းတွေမှာ အစာကူကျွေးပါတယ်။ ဝမ်းပျက်တဲ့ အရိပ်အယောင်ဖြစ်လာရင် ဆက်မကျွေးပါနဲ့ ကလေးဟာ အစာသစ်ချေဖျက်ဖို့ အဆင်သင့်မဖြစ်သေးတာဖြစ်နိုင်သလို ကလေးကိုကျွေးတဲ့ လုပ်ငန်းအဆင့်ဆင့်မှာ ဝမ်းပျက်စေတဲ့ပိုး ကလေးပါးစပ်ထဲ ဝင်သွားနိုင်လို့လည်း ဖြစ်ပါတယ်။

ကလေးဟာ အစာသစ်မို့ ပထမပိုင်းမှာ ငြင်းဆန်ပေမယ့် ကျွန်မက အတင်းမတိုက်ဘဲ ကိုယ်တိုင်သောက်ပြ ၊ ကပြ ၊ ခုန်ပြရင်း သူပျော်အောင်လုပ်ပြီး သူသောက်ချင်စိတ်ရှိလာအောင် ဖျော်ဖြေရေးတပိုင်းနဲ့ တိုက်ကျွေးပါတယ်။ အစာကျွေးနေတုန်း တီဗွီဖွင့်ထားတာ ၊ ကာတွန်းကားကြည့်စေတာတွေ မလုပ်မိအောင် သတိထားပါ။ အကျင့်ပါသွားနိုင်ပါတယ်။ ဒီလိုအကျင့်ပါသွားတဲ့အခါ ကလေးက အစာဘက်စိတ်မရောက်ဘဲ မစားချင်လို့ဂျီကျတာ ၊ အတိုင်းထက်အလွန် စားသောက်တာတွေ ဖြစ်လာနိုင်တယ်လေ။ အစာသစ် မိတ်ဆက်တဲ့အခါ ကလေးမှာ စိတ်ဖိစီးမှု မရှိနေဖို့လိုပါတယ်။ မစားလိုဘဲစားရ ၊ မသောက်လိုဘဲ သောက်ရတဲ့အခါမှာ ကလေးဟာ စားသောက်ချိန်တွေမှာ မစားချင် ၊ မသောက်ချင်နဲ့ ဂျီကျလာတတ်ကြတယ်လေ။ ဒီတော့ သူတို့ကို စားချင်စိတ်ဖြစ်အောင် တိုက်ကျွေးတဲ့သူက ဆွဲဆောင်တတ်ရပါမယ်။

ဒီလို အသီးအရွက်ပြုတ်ရည်တွေ တမျိုးပြီးတမျိုးတိုက်လို့ အစာသစ်ကိုမိတ်ဆက်နိုင်ပေမယ့် တခြား အစာမာမာတွေကို ကလေးကို ချက်ချင်း မိတ်မဆက်ရပါဘူး။ ပြုတ်ရည်လေးကျဲကျဲကနေ ကလေးအလွယ်တကူ မျိုချနိုင်တဲ့ အနေအထားအထိ နည်းနည်းချင်းစီ ပျစ်လာတာကို ကလေး လေးလခွဲကျော်ကျော် ငါးလမှာ လုပ်ကျွေးနိုင်ပါတယ်။ အစာကျွေးသူ သိထားရမှာက ကလေးရဲ့အစာအိမ်ဟာ လူကြီးတွေလို အစာချေဖျက်ဖို့ အားမကောင်းသေးဘူးဆိုတာပါပဲ။ ဒါကြောင့်မို့ ကိုယ်ကျွေးချင်ရာမကျွေးဘဲ သူ့အစာအိမ်နဲ့ သင့်တော်မယ့် ပြုတ်ရည်ကျဲကျဲကနေ မပျစ်တပျစ် ၊ နောက် အနည်းငယ်ပျစ်လို့ သူမြိုချနိုင်တဲ့အတိုင်းအတာကို တဖြည်းဖြည်းချင်း လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။

ကလေးရဲ့ကြွက်သားတွေ ပိုသန်စွမ်းစေလာနိုင်ဖို့ သူ့လက်ကလေးကို သူ့ဗိုက်ပေါ်တင်ပေးထားပြီး ကလေးခေါင်းမတ်လျက်နဲ့ အိပ်ထမတင်ပုံစံမျိုး ထနိုင်ဖို့ကူစေတဲ့အခါ သူ့ရဲ့ကြွက်သားတွေကို ပိုမိုတိုးတက် သန်စွမ်းလာစေပါတယ်။ ကလေးကိုင်တဲ့ ကစားစရာတွေကို တနေ့တခါ သန့်စင်အောင် ဆေးကြောပြီး ယင်လုံလုံ ခြောက်ခြောက်သွေ့သွေ့ ထားရမှာဖြစ်ပါတယ်။ ဒါမှ နောက်တနေ့ ကလေးကိုပေးတဲ့အခါ ပိုးကင်စင်လို့ သန့်ရှင်းနေမှာဖြစ်ပါတယ်။ ကလေးဟာ ကစားစရာကို ပါးစပ်ထဲထည့်နေပြီဖြစ်လို့ ကစားစရာမသန့်ရှင်းရင်လည်း ကလေးဝမ်းသွားနိုင်ပါတယ်။

ကလေးခြောက်လအရွယ်အထိ ကလေးကို လေထဲမြှောက်ချီတာမျိုး မလုပ်ရပါဘူး။ ဒါ့အပြင် ခပ်ပြင်းပြင်း လွဲတာမျိုးကိုလည်း မလုပ်ရပါဘူး။ ကလေးဦးနှောက်ဟာ ဒီအရှိန်ကို မခံစားနိုင်သေးဘဲ ဦးနှောက်နုနယ်နေသေးတာမို့ ဒီဒဏ်တွေ မခံနိုင်သေးပါဘူး။ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ ကလေး သူ့ဘာသာသူ ဘယ်သူ့အကူအညီမှမလိုဘဲ ထိုင်နိုင်ပြီဆိုတော့မှ ဒီလိုလုပ်ချင် လုပ်လာနိုင်ပါတယ်။

ကလေးဟာ လူကြီးလုပ်တဲ့ မျက်နှာအမူအရာ ၊ အသံအနိမ့်အမြင့်ကို လိုက်လုပ်ဖို့ကြိုးစားနေသလို သူလုပ်တဲ့အခါမှာလည်း လူကြီးက လိုက်လုပ်ပြီး ပြုံးရယ်ရင်ဖြင့် သူဟာ အကျေနပ်ကြီး ကျေနပ်နေတတ်ပါတယ်။ သူဘူးမှုတ်ရင်လိုက်မှုတ် ၊ သူထွက်တဲ့အသံထွက်အတိုင်း လိုက်ထွက်ရင်း စကားပြောပေးတဲ့အခါမှာ သူ့ရဲ့ ဘာသာစကားတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး ကလေးလဲပျော် ၊ လူကြီးလဲပျော်မှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

 

You might also like