Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သူ့အလုပ် ကိုယ့်အလုပ် – BurmeseHearts

သူ့အလုပ် ကိုယ့်အလုပ်

0

သူ့အလုပ် ၊ ကိုယ့်အလုပ်ရယ်လို့ ခွဲခြားလုပ်ကိုင်ကျင့်တွေဟာ ကောင်းသလား ။ မကောင်းဘူးလားနော်။ တချို့နေရာတွေမှာ ကောင်းပါတယ်။ တချို့နေရာတွေမှာတော့ မကောင်းဘူးရယ်။ ခွဲခြားလုပ်ကိုင်လိုစိတ်ရှိသူတွေက ခွဲခြားလုပ်ကိုင်တာ ဘယ်လိုကောင်းကြောင်းတွေပဲ ရွေးကြည့် ၊ ရွေးပြောမယ်။ ခွဲခြားလုပ်ကိုင်လိုစိတ်မရှိသူတွေက ခွဲခြားလုပ်ကိုင်တာ မကောင်းတဲ့အကြောင်းတွေကိုပဲ ရွေးကြည့် ၊ ရွေးပြောမယ်။ သင့်တင့်မျှတစွာ တွေးခေါ်မျှော်မြင်တတ်သူတွေကတော့ ကောင်း၏ ၊ မကောင်း၏ဆိုတာကို မျှတအောင် ကြည့်မြင်လုပ်ကိုင်တယ်။

စက်ရုံကြီးတစ်ရုံမှာ သူ့လုပ်ငန်းစဉ် ၊ ကိုယ့်လုပ်ငန်းစဉ်တွေကို ကျွမ်းကျင်သူအဆင့်ဆင့်က လုပ်ကိုင်ဆောင်ရွက်သွားပါမှ လုပ်ငန်းအဆင့်ဆင့်ဟာ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ပြီးမြောက်တာပါ။ ဒါကတော့ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းရဲ့ ကောင်းမွန်သောအကျိုးပေါ့။ ဒီလိုပဲ မိမိကျွမ်းကျင်ရာကို တစိုက်မတ်မတ် ဦးတည်လုပ်ကိုင်နေတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်မကျွမ်းကျင်တဲ့အရာတွေကို ရာသက်ပန် လေ့လာသင်ယူလိုစိတ် မရှိတော့ဘူးလား။

လေ့လာရင်း ၊ သင်ယူရင်း ၊ ကျင့်ယူရင်း ၊ လုပ်ဆောင်ရင်းကပဲ ကျွမ်းကျင်သူအဆင့်ကို ရရှိလာနိုင်တာပါ။ အခုမှ ဆိုလိုရင်းကို ရောက်လာတော့တယ်။ လောကကြီးမှာ ယောက်ျားအလုပ် ၊ မိန်းမအလုပ်ရယ်လို့ ကမ္ဘာဦးအစမှာ ခွဲခြားသတ်မှတ်ထားတာမျိုးမရှိပေမယ့် လူတွေကပဲ လူအချင်းချင်း ခွဲခြားသတ်မှတ်လို့ ဒါကတော့ ယောကျာ်းတွေလုပ်ရမယ့်အလုပ် ၊ ဒါကတော့ မိန်းမတွေ လုပ်ရမယ့်အလုပ်လို့ အစဉ်အလာကြီးအဖြစ် ခွဲခြားသတ်မှတ်လာခဲ့ကြပါတယ်။

ခွဲခြားသတ်မှတ်လာခဲ့တာ အစဉ်အလာဖြစ်သွားတော့ ယောကျာ်းအလုပ် ယောက်ျားလုပ် ၊ မိန်းမအလုပ် မိန်းမလုပ်ဆိုပြီး သူ့အလုပ် ၊ ကိုယ့်အလုပ် ခွဲခြားလုပ်ကိုင်လာခဲ့တာပေါ့။ အထူးသဖြင့် ယောကျာ်းအလုပ်က ငွေရှာရမယ် ၊ ကာယအား သုံးရမှာတွေကို ဦးဆောင်ရမယ်စသဖြင့်ပေါ့။ မိန်းမအလုပ်ကတော့ အိမ်တွင်းအလုပ် ၊ သားသမီးအလုပ် ၊ တကုပ်ကုပ်ရှုပ်နေရမယ့် ဗာဟီရအလုပ်တွေပေါ့။ ဒီခေတ်ထဲမှာ အမျိုးသမီးတွေလည်း  အိမ်ပြင်ထွက်ငွေရှာနေကြရပြီဆိုတော့ အမျိုးသားတွေလည်း အမျိုးသမီးအလုပ်အချို့ မလုပ်သင့်ဘူးလားလို့ အမျိုးသမီးတွေက အိမ်တွင်းမှာ ပွစိ ပွစိ တောင်းဆိုလာခဲ့ပြီ။ သူတို့လည်း ပင်ပန်းကြတာကိုး။

မောင်တထမ်း မယ်တရွက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်မရေးထားခဲ့ဖူးသလို ငါ ဒါလုပ်ရင် သူ ဒါလုပ်သင့်တယ်ဆိုတဲ့ စိတ်မျိုးမထားဘဲ သူ ဒါတွေလုပ်လို့ ပင်ပန်းနေတယ် ၊ ငါနိုင်တဲ့ ဒီဟာလေးတွေ ကူလုပ်ပေးလိုက်ရင် သူသက်သာသွားမယ်ဆိုတဲ့ မေတ္တာစိတ်ကလေး အရင်းခံလို့ အိမ်ထောင်အတွင်း အပြန်အလှန် လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင် ဒီအိမ်ကလေးထဲမှာ မေတ္တာတရားတွေနဲ့ ငြိမ်းချမ်းပျော်ရွှင်မှုတွေ ကြီးစိုးနေမှာပါ။

သူ့အလုပ် ၊ ကိုယ့်အလုပ် ခွဲခြားလုပ်ကိုင်ရတာကိုပဲ အသားကျသွားခဲ့ရင် သူမရှိတဲ့အခါ ဒါမှမဟုတ် သူမလုပ်ကိုင်နိုင်တော့တဲ့ အခိုက်လေးမှာ သူဘာတွေ ဘယ်လိုလုပ်ကိုင်ခဲ့သလဲ ကိုယ်မသိခဲ့တာတွေကြောင့် ၊ ကိုယ်မလေ့လာမိခဲ့တာတွေကြောင့် ဘယ်က စကိုင်လို့ ဘာစလုပ်ရမှန်းမသိတာတွေ ဖြစ်နေတော့မှာပဲ။

မီးလုံးကလေး လဲတပ်တာလည်းယောက်ျားအလုပ် ၊ မီးကြိုးကလေးပူးနေတာလည်း ယောကျာ်းအလုပ် ၊ ရေပိုက်ပျက်တာ ၊ ရေမြောင်းပိတ်တာ ၊ မီးစက်ပျက်တာ စသဖြင့် ကိုယ်လေ့လာ လုပ်ကိုင်နိုင်တဲ့ အမယ်သေးသေးလေးတွေကို နိုင်သမျှ မလေ့လာခဲ့ရင် ကိုယ်အားကိုးတဲ့ ယောကျာ်းသားဟာ အကြောင်းကြောင်းကြောင့် ကိုယ့်အနားမရှိခဲ့ရင် ဒီအလုပ်တွေလုပ်ကိုင်ဖို့ နောင်ယောက်ျားသားတစ်ယောက် ကိုယ်တမ်းတနေမလား ၊ ဒီအလုပ်တွေ ကိုယ်ပဲတတ်အောင်သင်လို့ လုပ်သွားမလား ။ ဒါက ကိုယ့်ရွေးချယ်မှုပေါ့နော်။

ကျွန်မကတော့ ယောကျာ်းသားတွေ ဘာတွေ ဘယ်လို ပြင်ဆင်လုပ်ကိုင်သွားတယ်ဆိုတာ အမြဲလေ့လာမှတ်သားတတ်သူမို့ တစ်ခါ ၊ နှစ်ခါလောက်ပဲ သူတို့အားကိုးပြင်ဆင်ခိုင်းတယ်။ နောက်ပိုင်း ကိုယ့်ဘာသာ ကိုယ်ဝင်လုပ်လိုက်တာပဲ။ အဓိက က ဘယ်သူလုပ်လုပ် အလုပ်အောင်မြင်ပြီးမြောက်သွားဖို့ပဲမဟုတ်လား။ သူလုပ်မှ ၊ ငါလုပ်မှ ၊ သူ့အလုပ် ၊ ငါ့အလုပ် ခွဲခြားမနေသင့်ဘူးထင်တယ်။

ဒီလို ခင်ပွန်းအလုပ်တွေ ကျွန်မက ဝင်လုပ်ပေးနေကျဖြစ်နေလို့လား မသိဘူး။ ကျွန်မလုပ်ရမယ့်အလုပ်တွေကိုလည်း ကျွန်မခင်ပွန်းက ကျွန်မအတွက် အလျဉ်းသင့်သလို ဝင်လုပ်ကိုင်ပေးလေ့ရှိတယ်။ အိမ်ရှင်းလင်းတာ ၊ ကလေးကျူရှင် ကြိုပို့တာ ၊ အဝတ်လှန်းပေး ၊ ရုပ်ပေးတာ စသဖြင့်ပေါ့နော်။ ကံကောင်းတာက ကျွန်မတို့မိသားစုပဲ သီးသန့်ခွဲနေလို့လားမသိဘူး။ ယောက်ျားအလုပ် မိန်းမလုပ်နေလို့ ဝင်ဟန့်မယ့်သူမရှိသလို မိန်းမအလုပ် ယောကျာ်းလုပ်နေလို့လည်း ဝင်တားမယ့်သူမရှိဘူး။ အရာရာ ကိုယ့်မိသားစု စိတ်ဆောင်တဲ့အတိုင်း လုပ်ကိုင်သွားကြရုံပဲ။ ဒါဟာ အိမ်ခွဲနေထိုင်ကြတဲ့ မိသားစုတွေအတွက် တပန်းသာတယ်။

ဒီလို လုပ်ခဲ့ကျင့်တွေက ဘယ်မှာ အကျိုးပြုသလဲဆိုတော့ အမျိုးသား ခရီးထွက်နေချိန် ဘာပျက်လို့ ၊ ဘာပြင်ရမယ်ဆိုတာတွေအတွက် ကျွန်မတွေးမပူသလို ကျွန်မခင်ပွန်းလည်း ကျွန်မတို့အတွက် စိတ်ပူစရာမလိုဘူး။ ကျွန်မလုပ်ကိုင်နိုင်နေတာ သူသိလို့ စိတ်ချတယ်လေ။ ကလေးဟာ ဘယ်နေ့မှာ ဘယ်ကျောင်း ၊ ဘယ်ကျူရှင်တက်ရမယ် ၊ ဘာ့ဝတ်စုံဝတ်လို့ ဘယ်စာအုပ်တွေ ထည့်ရမယ် ၊ ဘယ်နေရာကို ဘယ်အချိန် လိုက်ပို့ လိုက်ကြိုရမယ်ဆိုတာတွေဟာ အမျိုးသားကို ရံဖန်ရံခါ ဝင်လုပ်စေခဲ့တဲ့ အကျိုးတွေကြောင့်  ကျွန်မ နေထိုင်မကောင်းလို့ ဆေးရုံတက်ရတဲ့အချိန်တွေမှာ ကျွန်မ ကလေးဝေယျာဝစ္စတွေ မပူပင်ရတော့ဘူး။

အမျိုးသားရုံးပိတ်ရက်တွေဆို ကလေးရဲ့တနေ့တာအလုပ်တွေကို အမျိုးသားလည်း ဝင်ရောက်လုပ်ကိုင်စေခဲ့တာတွေကြောင့် ဒါတွေလုပ်ရတာ သူ စိမ်းမနေဘူး။ ကျွန်မလောက်မကျွမ်းကျင်ပေမယ့် ကျွန်မလိုပဲ သူသိနားလည်လို့ လုပ်ကိုင်တတ်တယ်။ ဆိုလိုတာက ကြောင်မနေဘူး။ ဘယ်အချိန် ၊ ဘယ်အခြေအနေမှာ ဘာလုပ်ရမလဲလို့ သိနားလည်ပြီးသား ဖြစ်နေတာမို့ ကျွန်မ မရှိတဲ့ အချိန်တွေမှာ သူနဲ့ ကလေးပဲရှိနေလည်း အဆင်ပြေတယ်။

တကယ်လို့များ ခင်ပွန်းက မယားအလုပ်ဟာ သူမလုပ်အပ်ဘူးလို့ ယုံကြည်ယူဆထားပြီး လုံးဝလုပ်ကိုင်တာမျိုးမရှိခဲ့ရင် ၊ ဇနီးကလည်း ခင်ပွန်းလုပ်ကိုင်မှုတွေကို လုံးဝသိနားလည်တာမျိုး မရှိခဲ့ရင်ဖြင့် အဲဒီတစ်ယောက် မလုပ်ကိုင်နိုင်တော့တဲ့ ကွက်လပ်ကြီးအတွက် စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်နာကျင် ခံစားရတော့မှာပေါ့။

ခင်ပွန်းနေထိုင်မကောင်းလို့ပဲဖြစ်ဖြစ် ၊ မကျန်းမာတော့လို့ပဲဖြစ်ဖြစ် ၊ ကိုယ်တွေမိသားစုကို အကြောင်းကြောင်းကြောင့် စွန့်ခွါသွားလို့ပဲဖြစ်ဖြစ် သူလုပ်ကိုင်ခဲ့တာတွေကို မစူးစမ်း မလေ့လာခဲ့တဲ့အကျိုးက သူမရှိတော့ရင် သူ့နေရာမှာ ကွက်လပ်အကြီးကြီး ကျန်သွားခဲ့တာမို့ ဟာတာတာနဲ့ စိတ်ဒဏ်ရာတွေ ပိုလို့ ခံစားကြရတယ်။ ဒီဒဏ်ရာတွေဟာ သူလုပ်ကိုင်ရမယ့်အရာတွေ ပေါ်လာတိုင်း သူလုပ်ကိုင်ဆောင်ရွက်ပေးခဲ့တဲ့ အရိပ်တွေနဲ့ ကိုယ့်ကို ခြောက်လှန့် သတိပေးနေတာမို့ ဒီစိတ်ဒဏ်ရာတွေပျောက်ဖို့ ပိုပြီး အချိန်ယူရတယ်။

ဇနီးနေထိုင်မကောင်းလို့ပဲဖြစ်ဖြစ် ၊ မကျန်းမာတော့လို့ပဲဖြစ်ဖြစ် ၊ ကိုယ်တွေမိသားစုကို အကြောင်းကြောင်းကြောင့် စွန့်ခွါသွားလို့ပဲဖြစ်ဖြစ် သူမ လုပ်ကိုင်ခဲ့တာတွေကို မစူးစမ်း မလေ့လာခဲ့တဲ့အကျိုးက သူမ မရှိတော့ရင် သူမနေရာမှာ ကွက်လပ်အကြီးကြီး ကျန်သွားခဲ့တာမို့ ဟာတာတာနဲ့ စိတ်ဒဏ်ရာတွေ ပိုလို့ ခံစားကြရတယ်။ ဒီဒဏ်ရာတွေဟာ သူမလုပ်ကိုင်ရမယ့်အရာတွေ ပေါ်လာတိုင်း သူမလုပ်ကိုင်ဆောင်ရွက်ပေးခဲ့တဲ့ အရိပ်တွေနဲ့ ကိုယ့်ကို ခြောက်လှန့် သတိပေးနေတာမို့ ဒီစိတ်ဒဏ်ရာတွေပျောက်ဖို့ ပိုပြီး အချိန်ယူရတယ်။

ချစ်လို့ထူထောင်ထားတဲ့ အိမ်ထောင်ထဲမှာ သူ့အလုပ် ၊ ကိုယ့်အလုပ် ခွဲခြား ကပ်တွက်နေတာမျိုးမလုပ်ဘဲ မေတ္တာတရားရှေ့ထားလို့ ကိုယ်ဒါလေးလုပ်လိုက်ရင် သူအနားရသွားမယ် ၊ သူ့စိတ်ဖိစီးမှုတွေ လျော့သွားမယ် ၊ သူ့အစား ကိုယ်ဝင်လုပ်ပေးလိုက်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆို ဒီမိသားစုထဲက မိသားစုဝင်တွေဟာ တစ်ဦးမေတ္တာ တစ်ဦးသိနားလည်လို့ အပြန်အလှန် မေတ္တာထားရင်း ငြိမ်းချမ်းပျော်ရွှင်မှုတွေခံစားကြရမှာပါ။

ရတု (Burmesehearts.com)

You might also like