Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သိတတ်တဲ့သားသမီးတွေဖြစ်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ – BurmeseHearts

သိတတ်တဲ့သားသမီးတွေဖြစ်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ

0

မိဘတွေက ကိုယ့်သားသမီးတွေ ကိုယ့်အပေါ်ပြန်သိတတ်တာ ၊ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို သူ့ဘာသာသုံးသပ်ပြီး ဘယ်လိုသွားလာနေထိုင် ပြောဆိုရမယ်ဆိုတာ ကိုယ်ကမပြောဘဲ အလိုလို နားလည်သိတတ်နေတာမျိုးကို အလိုရှိကြပါတယ်။ ဒီလိုနားလည်သိတတ်တဲ့ကလေးတွေဖြစ်အောင် ဘယ်လိုဆက်ဆံပြီး ပုံသွင်းသွားနိုင်မလဲ။

ဘယ်လိုဆက်ဆံပုံသွင်းသွားရမလဲဆိုတာကို မပြောမီ ဘယ်အချိန်ကတည်းက သူ့ကို သိတတ်အောင် လေ့ကျင့်ပေးမလဲဆိုတာကို အရင်ပြောရမှာပါ။ သိတတ်စဖြစ်နေတဲ့ လသားကလေးအရွယ်ကတည်းက လေ့ကျင့်ပေးရမယ်ဆိုရင် အံ့သြသွားမလား။ တကယ်ပါ အဲဒီလို လသားကလေးအရွယ်ကတည်းက လေ့ကျင့်သွားရမှာပါ။ ဒါကို စာအုပ်တွေထဲကနေ ဖတ်ရှုလို့ သိလာတာမျိုးမဟုတ်ဘဲ ကျွန်မသမီးလေးကို ကိုယ်တိုင်လေ့ကျင့်ပေးရင်းနဲ့က လေ့ကျင့်ပေးလို့ရတယ်မှန်း သိလာတာပါ။

တစ်လသား ၊ နှစ်လသား ၊ သုံးလသား စသဖြင့် လသားအရွယ်ကလေးတွေကို မသိတတ်သေးဘူးဆိုပြီး မိဘတွေက လူရာသွင်းပြောဆို မရှင်းပြတာတွေ ၊ တစ်နှစ်အောက်နဲ့ တစ်နှစ်ကျော် ၊ နှစ်နှစ်ကျော် ကလေးတွေကို ငယ်သေးတယ်ဆိုပြီး အစစအရာရာ လိုလေသေးမရှိ လိုက်လုပ်ပေးတာတွေ ၊ သူ့အားသူကိုး လုပ်ကိုင်ခွင့်မပေးဘဲ သူ့အရာမဟုတ်ဘူးဆိုတဲ့ စကားတွေ ၊ ဟန့်တားမှုတွေက ကလေးကို မသိတတ်စိတ်တွေ ကြီးစိုးဖို့ အားပေးလိုက်သလို ဖြစ်သွားပါတယ်။

အိမ်အလုပ်တွေကို ကိုယ်ခွဲမရှိ တစ်ယောက်တည်း လုပ်ကိုင်လာခဲ့တဲ့ကျွန်မ လသားလေးကိုလွယ်ရင်း အလုပ်လုပ်ကျင့်ရှိခဲ့တာပါ။ သူ့အိပ်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တိုင်းမှာ အလုပ်လုပ်ရင်းတဘက်နဲ့ သူ့အနားမှာနေပြီး သို့မဟုတ် ကိုယ့်အနားမှာထားပြီး ကလေးထိန်းကျောင်းခဲ့တဲ့ အချိန်တွေပဲဖြစ်နေတော့ ကိုယ်ဘာလုပ်လုပ် ၊ ဘာကိုင်ကိုင် ဒါကဘာလုပ်နေတာ ၊ ဘာကြောင့်လုပ်ရတာ ၊ ဘယ်လိုလုပ်ရင် ပိုထိရောက်တယ်ဆိုတာကို သူမပျင်းအောင် မေးလိုက် ၊ ပြောလိုက် စကားမျှင်မပြတ် လုပ်ကိုင်လေ့ရှိနေတော့ နိစ္စဓူဝ အမေလုပ်ကိုင်နေတာတွေနဲ့သူဟာ အကျင့်ရသွားပါတယ်။

ဘာအလုပ်ကို ဘယ်အချိန်မှာ ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာ သူသိနားလည်သွားပြီး ဘာကြောင့်ဒါတွေလုပ်ရတယ် ၊ ဘယ်လောက်ပင်ပန်းတယ်ဆိုတာလည်း အမေကိုကြည့်ပြီး ခံစားနားလည်သွားပါတယ်။ ဒီကနေတဆင့် ကိုယ်ချင်းစာစိတ်တွေဝင်လာတယ်။ အမေကိုချစ်တဲ့စိတ်နဲ့ အမေသက်သာရာ သက်သာကြောင်း အမေ့အလုပ်လေးတွေ ကူလုပ်ချင်စိတ် ၊ စမ်းလုပ်ချင်စိတ်တွေဖြစ်လာပါတယ်။ ကျွန်မသမီးလေးဟာ လက်နှစ်ဘက်စပြီး ကိုင်တတ်စပြုတဲ့ လေးလအရွယ်လောက်ကတည်းက အမေချွေသင်နေတဲ့ ကန်စွန်းရွက်တွေ ဆွဲယူပြီးကူသင်ပါတယ်။

ကလေးတွေ စကူတတ်စ ပြုလာတဲ့အချိန်မှာ မိဘတွေက ပိုရှုပ်တယ် ဝေးဝေးသွားဆိုတာနဲ့ မလုပ်နဲ့ ၊ မကိုင်နဲ့ဆိုတာတွေက ကလေးရဲ့ သိတတ်ကူညီချင်စိတ် ၊ စူးစမ်းချင်စိတ်တွေကို ပိတ်ပင်လိုက်တာပါ။ မလုပ်တတ်လုပ်တတ်နဲ့ သူလုပ်နေတော့ နှစ်ခါပြန်လုပ်နေရတဲ့ ကိုယ်ပင်ပန်းတာပေါ့။ ဒါပေမယ့် အပင်ပန်းခံလိုက်ပါ။

သူ့ကို လုပ်ကိုင်ခွင့်ပေးလိုက်ရင်းကနေ လုပ်ကိုင်ပေးချင်စိတ်တွေ ၊ မိဘကို ကူညီပေးချင်စိတ်တွေကို မွေးမြူပေးလိုက်ပါ။ ဒါဟာ နောင်အနာဂါတ်မှာ သူအရွယ်ကြီးလာတာနဲ့အမျှ ၊ ပိုသိတတ်နားလည်လာတာနဲ့အမျှ လာကူလုပ်ပါလို့မပြောဘဲ ကူလုပ်ပေးဖြစ်အောင် ၊ ကူလုပ်ပေးချင်အောင် လေ့ကျင့်ပေးလိုက်တာပါ။

စပြီးကူလုပ်ပေးချင်စ ၊ ဘယ်ဟာကို ဘယ်လိုလုပ်ရမယ်လို့ လက်တွေ့လုပ်ရင်း လေ့ကျင့်သင်ကြားခါစ ပိစိကလေးအရွယ်မှာ မလုပ်နဲ့ ၊ မကိုင်နဲ့ ပြောထားခဲ့တာတွေ ၊ အရွယ်မတိုင်သေးဘူးလို့ ထင်နေတာတွေက တကယ်အရွယ်တိုင်လာသည့်တိုင်အောင် မလုပ်ချင် ၊ မကိုင်ချင် ၊ ငါ့အလုပ်မဟုတ်ဘူးဆိုတဲ့စိတ်တွေ ကိန်းအောင်းသွားအောင် ၊ ဘယ်အခြေအနေမှာ ဘာတွေ ကူလုပ်ပေးရမယ်ဆိုတာကို နားမလည်နိုင်လောက်အောင် ကူလုပ်ပေးချင်စိတ်တွေ ပျောက်သွားနိုင်ပါတယ်။ အဲဒီအခါတော့မှ ဘာမှအားကိုးလို့မရဘူးလို့ ကလေးကို အပြစ်တင်လို့မရဘူးလေ။ ကိုယ်တိုင်က လေ့ကျင့်သင်ကြားပေးမှုတွေမှာ အားနည်းခဲ့တာပါ။

ကျွန်မဆို သမီးကလေး ဝင်ကူလုပ်ဖို့ ကြိုးစားနေတဲ့ လသားအရွယ်လေးကတည်းက လျှပ်စစ်နဲ့ အပူတွေကလွဲရင် သူ့တနိုင်လေးတွေကို ကိုယ်နဲ့အတူလုပ်ခွင့်ပေးခဲ့ပါတယ်။ ကိုယ်တံမြက်စည်းလှည်းချိန် သူလုလှည်းနေတာမျိုးတွေရှိလာရင် နောက်ထပ် တံမြက်စည်းတစ်ချောင်း ဝယ်ထားပြီး သူမကိုင်တဲ့တစ်ချောင်းနဲ့ ကိုယ်လှည်းတယ်။ ကြမ်းတိုက်လည်း ဒီအတိုင်းပဲ ကူတိုက်ချင်တဲ့သူ့ကို နောက်ထပ်တခုနဲ့ စီစဉ်ပေးပြီး ကူတိုက်ခိုင်းလိုက်တာပါ။ ဟုတ်တာ ၊ မဟုတ်တာ အပထား ဒီလိုကူလုပ်ပေးတာကို ချီးကျူးပေးတယ်။ သူ့ရဲ့ကူညီပေးချင်စိတ်ကို အားပေးမြှင့်တင်တယ်။ နောက်မှသာ ကိုယ်ပြန်လုပ်ရရင် လုပ်ရရောလေ။

ကလေးတစ်နှစ်ကျော်အရွယ် ပစ္စည်းတွေ ဟိုဒီရွှေ့တတ်တဲ့အရွယ်မှာ ဘာလေးယူပေးပါဦး ၊ ဒါလေးကူသယ်ပေးပါဦးနဲ့ သူ့တနိုင်လေးကို တာဝန်ယူ ကူသယ်တတ်စိတ် ကျင့်ပေးတယ်။ အစပိုင်း ယူပေးရကောင်းမှန်းနားမလည်သေးပေမယ့် ပြောပါများ ၊ သင်ပါများတဲ့အခါ နားယဉ်လာတယ်။

ချစ်ခြင်းမေတ္တာနဲ့ နားလည်သိတတ်စိတ် ပေါင်းလိုက်တော့ ရုံးကပြန်လာတဲ့အဖေ့အိတ် တရွတ်တိုက် ကူဆွဲပေးတာတွေ ၊ ဈေးကပြန်လာတဲ့ အမေ့အထုပ်တွေ ပြေးဆွဲပေးတာတွေ ဒီလိုအရွယ်ကတည်းက လုပ်ပေးခဲ့တယ်။ သူ့ကို အမေက ဖိနပ်စီးပေးပြီးသွားရင် အမေစီးဖို့ဖိနပ်ကို သွားထုတ်ယူလာပြီး အမေ့ရှေ့ချပေးတာမျိုးတွေဟာ မသင်ဘဲ တတ်လာခဲ့တာတွေပေါ့။

ဒီ့နောက်ပိုင်း အပြင်ထွက်ရင် ဘီးတပ်ထားတဲ့ သူ့အိတ်ဆွဲ ဒါမှမဟုတ် သူ့ကစားစရာထည့်ထားတဲ့အိတ် သူလွယ်တာမျိုးကိုလည်း လေ့ကျင့်ပေးခဲ့တယ်။ သူ့တာဝန်ကို သူနိုင်သမျှ ထမ်းရမယ်ဆိုတဲ့အသိ ၊ မိဘကို ချစ်ခင်စာနာစိတ်နဲ့ ကူလုပ်ပေးတာမျိုးတွေကို ကလေးငယ်ငယ်ကတည်းက ပြုစုပျိုးထောင် လေ့ကျင့်ပေးခဲ့ရမှာပါ။

ခွေးကြီးမှ လက်ပေးသင်မယ်ဆို ရကောင်းရမယ် ၊ ကြာလိမ့်မယ်။ လုံးဝမရတော့တာလည်း ရှိပါတယ်။ ခိုင်နှိုင်းတာရိုင်းသွားခဲ့ရင် ခွင့်လွှတ်ပါ။ ဒီအကျင့်နဲ့ အသားသေသွားတဲ့ကလေးကို မသိတတ်ရကောင်းလား အပြစ်တင်မယ်ဆို သိတတ်အောင် မလေ့ကျင့် မပျိုးထောင်နိုင်ခဲ့တဲ့ကိုယ်က အဓိကတရားခံ ဖြစ်နေပါတယ်။

ရေချိုးခန်းကထွက်လာတဲ့ အဖေ ၊ အမေကို ခိုင်းစရာမလိုဘဲ သိတတ်စိတ်ကလေးအခြေခံနဲ့ သဘက်ကလေး တောက်တက်တောက်တက် သွားယူပြီးသုတ်ပေးတတ်တဲ့ သားသမီး ၊ ဖိတ်ကျညစ်ပေနေတာတွေ့ရင် လိုက်သုတ်ပြီးအမှိုက်ပုံးထဲကောက်ထည့်လိုက်တဲ့ ကလေးငယ်လေး ၊ ပစ္စည်းတွေ မိဘကမေ့ကျန်ခဲ့ရင်တောင် အနောက်ကနေ သတိထားယူလာပေးတတ်တဲ့သားသမီး စတဲ့ ကောင်းမွန်သောအလေ့အကျင့်တွေ ကလေးမှာဖြစ်လာဖို့ဆိုတာ မိဘနဲ့သားသမီးအကြားက အပြန်အလှန်နားလည်မှုပေးတာ ၊ မေတ္တတရား ခိုင်ခိုင်မာမာတည်ဆောက်ထားတာ ၊ ကိုယ်ချင်းစာတရားတွေသွန်သင်ပေးလို့ ဘဝထဲကောင်းမွန်စွာနေထိုင်နည်းတွေ လေ့ကျင့်ပေးထားဖို့ လိုအပ်နေပါတယ်။

သိတတ်နားလည်တဲ့ သားသမီးဖြစ်လာအောင် သွန်သင်ပြသလေ့ကျင့်ပေးဖို့ဆိုတာ ကလေးအနားမှာ အချိန်ပေးတဲ့သူ ၊ ကလေးနဲ့ကိုယ့်အကြားမှာ နားလည်မှုတွေ အပြန်အလှန် တည်ဆောက်ပေးနိုင်သူ ၊ ယုံကြည်မှု အပြန်အလှန်ထားနိုင်သူတွေမှ ကလေးကို ဆုံးမသွန်သင်လေ့ကျင့်ပေးရတာ လွယ်မှာပါ။

တွေ့ချိန်မှာ တော်တော်လေး သိတတ်တဲ့အရွယ်ရောက်နေတဲ့ကလေးကို ဟိုဟာလုပ်ပေးခိုင်း ၊ ဒါလုပ်ပေးခိုင်း ၊ စိတ်နဲ့အခန့်မသင့်ရင်ဆူမယ် ၊ ရိုက်မယ်ချည်း လုပ်နေရင်တော့ ကလေးဟာ ကိုယ့်အနားကပ်ဖို့ မလိုလားတော့ပါဘူး။ ဒါဟာ သွန်သင်နေရက်က နားဝေးသွားရတဲ့ အကြောင်းရင်းတွေပါပဲ။ သားသမီးတိုင်း မိဘကို သိတတ်စေလိုရင် မိဘတိုင်းကလည်း သားသမီးတွေကို နားလည်သိတတ်မှုတွေပေးလို့ ချစ်ခြင်းမေတ္တာဖြင့် ပျိုးထောင်နိုင်ပါစေ။

ရတု (Burmesehearts.com)

You might also like