Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သမီးရေးတဲ့စာ – BurmeseHearts

သမီးရေးတဲ့စာ

0

ကလေးငယ်တွေရဲ့ စိတ်ထဲမှာဘာရှိ မြင်အောင်ကြည့်ဖို့လို

မေမေရေ …………

နို့မှုန့်ကအားဖြစ်စေမှာယုံပါတယ်။ ဒါပေမယ့် မေမေ့နို့ချိုလောက် သမီးကို ခွန်အားမပေးဘူး မေမေ။

တခြားသူတွေ ချီပိုးဂရုစိုက်ပေမယ့် မေမေ့ရင်ခွင်လောက် နွေးထွေးလုံခြုံမှုမရှိပါဘူး။

မေမေဝယ်ပေးတဲ့ကစားစရာတွေ သမီးမက်ကောင်းမက်မှာပါ။ ဒါပေမယ့် မေမေနဲ့တူတူပုန်းတမ်းကစားရတာလောက် သမီးစိတ်မလှုပ်ရှားပါဘူး။

အိပ်ရာဝင်ပုံပြင် မပြောရင်နေပါ။ ဆိုတေးချို  ချော့မသိပ်ရင်နေပါ။ မေမေနဲ့တော့ အတူတူအိပ်ခွင့်ပေးပါ မေမေ။

မေမေဝယ်ပေးတဲ့ အဝတ်သစ်တွေ သမီးကြိုက်ရင် ကြိုက်မှာပါ။ မေမေနဲ့အတူ ဈေးဝယ်ထွက်ရတာလောက် သမီးမပျော်ပါဘူး။

သူများတွေ တရှုံ့ ရှုံ့ နမ်းတယ်ဆိုတာ မေမေ့လောက် မေတ္တာမပါသလိုပဲ။

သမီးစိတ်ကူးထဲမှာ အမြဲပုံဖော်မိတာက မေမေနို့ချိုစို့ပြီး မေမေ့မျက်နှာငေးကြည့်ချင်တာပါ။

မေမေ့ရင်ခွင်မှာ မေမေ့နို့ချိုသောက်စို့ရင်း မေမေကို ဟိုဒီထိတွေ့ ဆော့ကစားချင်တာပါ။

ဘာကစားစရာပစ္စည်းမှ မရှိရင်နေ မေမေနဲ့ တူတူရေဝါး ကစားချင်တာပါ။

မေမေနဲ့အတူတူနိုးထလို့ မေမေ့နဲ့တနေကုန် အချိန်တွေ ကုန်ဆုံးချင်တာပါ။

မေမေ လိုလို ၊ မလိုလို မေမေ့ကို မီရာဆွဲလို့ လိုက်ချင်တာပါ။

မေမေဘာလုပ်လုပ် ဘာကိုင်ကိုင် စိတ်ဝင်တစား လေ့လာချင်တာပါ။

မေမေကျွေးတာစား ၊ မေမေပေးတာယူ ၊ မေမေစေရာ သမီးနေချင်တာပါ။

မေမေဆူလည်းခံ ၊ ရိုက်လည်းခံ ၊ မေမေ့အလို နာခံလိုက်ချင်တာပါ။

ပုံမပြောတတ်ရင်နေပါ ၊ အသံမကောင်းရင်နေပါ ၊ မေမေ့မျက်နှာတဝကြည့်ပြီး အိပ်စက်ပျော်ချင်တာပါ။

ဒီအခွင့်အရေးတွေ သမီးရခွင့်ရှိမှာလား မေမေ ….

BurmeseHearts Blog

ဖေဖေရေ ……….

မေမေနဲ့ယှဉ် အမြဲတွေ့ချင်မိတာပါ။

ဖေဖေ့ရုံးအပြန် မေမေနဲ့ဆီးကြိုချင်တာပါ။

သမီးတို့အတွက် ဖေဖေဘာဝယ်လာမလဲ မျှော်လင့်မိတာပါ။

ချွေးစို့နေတဲ့ ဖေဖေ့လက်မောင်း မမှီ့တမှီ ယီးလေးခိုလို့ လိုက်ချင်တာပါ။

ဖေဖေထမင်းစားတာ ငေးကြည့်ချင်တာပါ။

ဖေဖေ့ဟာသ နားထောင်ရယ်မောချင်တာပါ။

သမီးတို့အတူကစားဖို့ အချိန်ပေးမှာလားဖေဖေ။

မေမေ့နမ်းတိုင်း ဖေဖေ့နမ်းဖို့ သမီးသတိရပါတယ်။ မနမ်းရဲတာပါဖေဖေ။

စိတ်အပြောင်းအလဲရှိခဲ့ရင် သမီးမျက်နှာ ပြေးမြင်လှည့်ပါဖေဖေ။

ဖေဖေရုံးသွားတိုင်း ချောမွေ့စွာအိမ်ပြန်ရောက်ဖို့ သမီးဆုတောင်းမိတယ်။

ဖေဖေအလုပ်အကိုင် အဆင်ပြေမှ မိသားစုအဆင်ပြေမှာမို့ ကြိုးစားလိုက်ပါဦး ဖေဖေ။

ဖေဖေဟာ သမီးတို့ဘဝဒေါက်တိုင်ပါ။

သမီးတို့မိသားစုဘဝ ယိုင်ပြို မလဲချင်ဘူး ဖေဖေ။

ဖေဖေသောက်စားမယ့်ငွေတွေနဲ့ သမီးတို့အတူ လျှောက်လည်စားလို့ရတာ ဖေဖေသိပါတယ်။

ဖေဖေသောက်စားမယ့်အချိန်တွေကို သမီးတို့အတူ ပျော်ရွှင်စွာ ကုန်ဆုံးလို့ရပါတယ်။

ဘာပဲဖြစ်ဖြစ် သမီးဟာ ဖေဖေ့သွေးပါ။

ဖေဖေပေးတဲ့ခွန်အားနဲ့ မေမေပေးတဲ့အင်အားတွေအသုံးချလို့ ဘဝခရီးဆက်ချင်တယ်။

သမီးတို့မိသားစုလေးကို အားလုံးအားကျရစေ့မယ်။

သမီးကတိပေးတယ် မေမေ နဲ့ ဖေဖေ ……..

သားသမီးဝတ္တရား သမီးကျေရစေမယ်လို့ ။

ဖေဖေနဲ့မေမေကကော သမီးရဲ့ဆန္ဒ ဖြည့်စွမ်းပေးနိုင်ပါ့မလား။

ပျော်ရွှင်သာယာတဲ့ မိသားစုဖြစ်ဖို့ ဖေဖေ ဦးဆောင်ပေးပါလား …..

ပျော်ရွှင်သာယာတဲ့ မိသားစုဖြစ်ဖို့ မေမေ ပဲ့ကိုင်ပေးပါလား ………

ရတု (Burmesehearts.com)

(သားသမီးတို့၏ လိုလားတောင့်တချက်တို့အား ကိုယ်စားပြုရေးသည်။)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

You might also like