Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
လူသတ်သမားကို အကောင်းဆုံးလက်စားချေနည်း – BurmeseHearts

လူသတ်သမားကို အကောင်းဆုံးလက်စားချေနည်း

0

ဦးကိုနီနဲ့ ဦးနေဝင်းတို့ကို ဇန်နဝါရီ၂၉ရက်နေ့က ရန်ကုန်အပြည်ပြည်လေဆိပ်မှာ သတ်ခဲ့တဲ့လူသတ်သမားကို အကောင်းဆုံးဘယ်လိုလက်စားချေကြမလဲ။ ကျွန်မဆိုလိုတဲ့ လူသတ်သမားဟာ လက်ရဖမ်းမိထားတဲ့ ဦးကြည်လင်းမဟုတ်ဘူး။ ဘုရားသူခိုး သို့မဟုတ် သွေးအေးလူသတ်သမား အဲဒီတစ်ယောက်ဟာ သူလုပ်ခဲ့တာတွေကြောင့် သူ့စရိတ်နဲ့သူသွားမှာပဲ။ ကျွန်မဆိုလိုတဲ့ လူသတ်သမားဟာ မဖော်နိုင်သေးတဲ့ လူသတ်သမားကို ပြောတာပါ။

တကယ့်လူသတ်သမားအစစ်ဟာ အကြံကြီးတယ်။ နောက်လိုက်များတယ်။ ယုတ်မာကောက်ကျစ်တယ်။ သူ့လုပ်ဆောင်နိုင်မှုဟာ အပြောတခုကလေးနဲ့ ခိုင်းသွားလို့ရတယ်။ သူ့ပါဝါ အင်အားကြီးနေတော့ သူ့ဖြိုရခက်တယ်။ သူ့ဖြိုနိုင်တာ (တနည်းအားဖြင့် သူ့လက်စားချေနိုင်တာ) တနည်းပဲရှိတယ်။ ဒါဟာ ကျွန်မတို့ပြည်သူနဲ့ သူမုန်းတဲ့ လက်ရှိအစိုးရတို့ သွေးစည်းနေကြဖို့ပဲလိုတယ်။ သူက ဒီသွေးစည်းမှုကိုဖြိုချင်တာ။ လက်ရှိအစိုးရကို ထောက်ခံမှုအားနည်းစေချင်တာ။ ဒီအစိုးရအဖွဲ့ထဲမှာ ရှေ့ထွက်ရဲသူတွေနည်းစေချင်တာ။ ထက်တဲ့သူတွေကို အညွန့်ချိုးချင်တာပါ။ ရှေ့မတက်ရဲရင် အစွမ်းအစမရှိတဲ့ အဖွဲ့အစည်းလို့ သူဦးဆောင်တဲ့အဖွဲ့က သက်သေပြချင်တာ။

ဘုရားသူခိုးကို ပေါ်ပေါ်တင်တင် လူသတ်ခိုင်းပြီး ဘယ်လိုတုန့်ပြန်ကြမလဲ သွေးတိုးစမ်းလိုက်တာပါ။ လက်ရှိအစိုးရကိုလည်း သွေးတိုးစမ်းတယ်။ အစွမ်းအစရှိတဲ့ ခပ်ထက်ထက်ပညာရှင်တွေကိုလည်း သွေးတိုးစမ်းလိုက်တာပါ။ ကျွန်မတို့ ဝေဝါးပြီးယောင်နေလေ သူသဘောကျလေပဲ။ ကြောင်က ကြွက်ကို မစားခင် ကစားနေသလိုမျိုး သူက ပညာတတ်ကိုသတ်ပြီး တည်ငြိမ်မှုကို ကစားလိုက်တာပါ။ နောက်ဖက်မှာ နိုင်ငံရေးရည်ရွယ်ချက်တွေ အများကြီးရှိတယ်။

ဒီပဲယင်းတရားခံ ဖော်လို့ရတယ်။ ခိုင်းတဲ့သူရော ၊ လုပ်တဲ့သူတွေရော တကယ်ဖော်ချင် ဖော်နိုင်တယ်။ ဒါပေမယ့် အမေစု လျော်ပေးလိုက်တယ်။ နိုင်ငံတည်ငြိမ်ရေး မပျက်ပြားစေချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ စတေးခဲ့တဲ့သူတွေ အသက်နဲ့ရော ထောင်ထဲမှာရော စတေးခဲ့ရတယ်။ ဖြစ်ပြီးတာတွေပြီးစေတော့ နောက်ထပ်လူတွေ မစတေးကြဖို့ ၊ ချစ်စကိုရှည်စေ ၊ မုန်းစကိုတိုစေလို့ အမေစုက ရည်ရွယ်ပြီး ပြည်ဖုံးကားချခဲ့တယ်။

သူမရထားခဲ့တဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုက သူမယုံကြည်ချက်အတိုင်း ငြိမ်းချမ်းရေးကိုပဲ ရှေးရှုဖို့ဦးတည်ဖြစ်နေစေတာပါ။ သူမဟာ လက်တုန့်ပြန်ကြရအောင်လို့ ပြောမယ့်သူမျိုးမဟုတ်ဘူး။ သူမကိုထောက်ခံသူတွေကလည်း သူမယုံကြည်ရာအတိုင်း ပံ့ပိုးပေးကြသူမို့ လက်တုန့်ပြန်ဖို့ တန်ပြန်တိုက်စစ်မဆင်ဘူး။ အဲဒီထဲမှာ ဦးကိုနီနဲ့ဦးနေဝင်းတို့ ဆုံးပါးသွားတဲ့အတွက် စကားနာထိုးစစ်လည်းဆင်မှာမဟုတ်သလို နှိုက်နှိုက်ချွတ်ချွတ်ဖော်ထုတ်လို့ တရားခံအစစ်အမှန်ကို ရုံးတော်အရောက် ပြစ်ဒဏ်ကျခံတဲ့အထိ မလုပ်ဘူး။ ချစ်စကိုရှည်စေ ၊ မုန်းစကိုတိုစေ ၊ ယုတ်မာမှုတွေကို သိနေတာမို့ နောက်ထပ်လူတွေကို မနစ်နာစေချင်တဲ့ ငြိမ်းချမ်းတဲ့ဆန္ဒ လက်ရှိအစိုးရခေါင်းဆောင်အဖွဲ့ထဲမှာရှိတယ်။

တကယ့်တရားခံအစစ်က တပ်နဲ့ပြည်သူ အဆင်ပြေနေတာ မကြည်ဖြူဘူး။ ရဲနဲ့ပြည်သူ အဆင်ပြေနေကြတာလည်း မကြည်ဖြူဘူး။ တပ်ကားကြီးနဲ့ပြည်သူတွေကိုကူနေတာ ၊ ရဲကားကြီးနဲ့ ပြည်သူတွေကို ကူနေတာ သူမကြည်ဖြူဘူး။ လက်ရှိအစိုးရနဲ့ တပ်ခေါင်းဆောင်တွေ ပလဲပနံသင့်နေတာလည်း သူမကြည်ဖြူဘူး။ သူဆိုတာဟာ တစ်ဦးတစ်ယောက်ကိုပြောတာမဟုတ်ဘဲ ဒီတစ်ဦးတစ်ယောက်ခေါင်းဆောင်တဲ့ အဖွဲ့အစည်းနဲ့ နောက်လိုက်တွေကိုပြောတာ။ တကယ်တော့ သူတို့က တပ်နဲ့ပြည်သူ ၊ ရဲနဲ့ပြည်သူတွေကို သွေးခွဲနေတာ။ ဥပဒေနဲ့အရေးယူကြေးဆို သူတို့ဦးဆောင်တဲ့အဖွဲ့ကို အရေးယူရမှာ။ တကယ်သွေးခွဲနေတာက သူတို့။ စည်းလုံးသွားရင် သူတို့ရည်မှန်းချက် ပျက်ပြယ်သွားမှာမို့လို့။

နေရာတိုင်းမှာ ကောင်းသူ ၊ မကောင်းသူရှိတာ လက်ခံတယ်ဆို မကောင်းတဲ့ တပ်နောက်လိုက်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စကားနဲ့ အပြုအမူတွေကြောင့် တပ်တခုလုံးဒီလို ၊ ရဲတဖွဲ့လုံးဒီလိုဆိုပြီး အပြစ်မမြင်လိုက်ပါနဲ့။ မရွံလိုက်ပါနဲ့။ မမုန်းလိုက်ပါနဲ့။ ကောင်းတဲ့သူတွေနစ်နာတယ်။ ကောင်းနေတာတွေနဲ့ ကောင်းချင်စိတ်ကလေးတွေပျောက်သွားမယ်။ ကိုယ်က ကောင်းသူ ၊ ဆိုးသူ ခွဲခြားမြင်ရမှာပါ။ ဒီလိုခွဲခြားမမြင်ရင် တပ် ၊ ရဲနဲ့ ပြည်သူ စည်းလုံးမှုပျက်ပြယ်လာလိမ့်မယ်။ ဒါကို လူသတ်သမားနောက်ကွယ်ကအဖွဲ့ ဖြစ်စေချင်တာ။ သူဖြစ်စေချင်တာ ကိုယ်တွေမလုပ်မိဖို့လိုတယ်။ သူဖြစ်စေချင်တာ ကိုယ်တွေလုပ်မိရင် သူရည်မှန်းချက် ပြည့်မြောက်သွားမယ်။

တပ်အကြီးအကဲကို အမြင်မမှားစေချင်ဘူး။ တပ်ဆိုတာ ထင်းစည်းလိုစိတ်ဓါတ်နဲ့ လုပ်ကိုင်ရတာ။ သမိုင်းအစဉ်အလာမှာ နာမည်ဆိုး အရိပ်မည်းကြီးရှိခဲ့လေတော့ နာမည်ကောင်းဖို့ အရှိန်ယူလိုက် ထဖောက်တဲ့သူတွေကြောင့် နှောင့်နှေးလိုက်နဲ့ သူတို့မှာ ခရီးတွင်တာမဟုတ်ဘူး။ ထဖောက်နေတဲ့သူတွေကို တဖွဲ့တည်းမို့ သိကြပေမယ့် တပ်ဆိုတာ အချင်းချင်း စည်းလုံးရမယ်လို့ ယုံကြည်လုပ်ကိုင်နေကြတာမို့ အချင်းချင်း ထ မဖောင်းလိုဘူး။ ကိုယ့်ပေါင်ကိုယ် လှန်မထောင်းချင်တဲ့အတွက်ကြောင့် သိထားတာနှုတ်ပိတ်နေရသူတွေ တပ်ထဲမှာ အများအပြားရှိကြတယ်။ ပေါက်ကြားရင် ဘယ်ကဆိုတာလည်း ကွင်းဆက်လိုက်ဖို့ သိပ်လွယ်လွန်းတော့ မပြောရဲဘူး။

တဘက်မှာလည်း အခြေအနေကကြပ်တည်း ၊ တဖက်ကလည်း တလွဲမြင်နေတယ်ဆိုရင် တကယ်စိတ်ကောင်းရှိတဲ့ တပ်ဖွဲ့ဝင်တွေတောင် ပြည်သူမုန်းလို့ ဘက်ပြောင်းသွားနိုင်ကြတယ်။ တကယ်တော့ သံဃာ ၊ တပ် ၊ ရဲ ၊ ကျောင်းသား ၊ ပြည်သူ နဲ့ အစိုးရ တဘက်တည်းမှာ စုစည်းမိမယ်ဆို နိုင်ငံ့အင်အား အတော်တောင့်တင်းသွားပြီ။ ဒီလိုဖြစ်သွားမှာကို လူသတ်သမားရဲ့ နောက်ခံအဖွဲ့က သိပ်ကြောက်တယ်။ ဒီလိုမဖြစ်အောင်လို့ သူတို့ဟာ သပ်လျှိုနေတာ။

သံဃာထဲမှာလည်း မဘသဆိုပြီး ဂိုဏ်းကွဲအောင်လုပ်တယ်။ စစ်နဲ့ရဲကို ပြည်သူအထင်လွဲအောင် ပြည်သူတွေဝမ်းနည်းတသဖြစ်ချိန်မှာ ရယ်မောပျော်ရွှင်ပြလို့ မနှစ်လိုတဲ့စကားတွေပြောတယ်။ ပြည်သူအချင်းချင်းမှာကို အုပ်စုတွေ ကွဲထွက် ၊ ပြန့်ထွက်သွားအောင်လုပ်တယ်။ ပြီးတော့ Target ပြန်ရွေးမယ်။ ဒါဟာ သူတို့ဖြစ်စေချင်တာ။ သူတို့ဖြစ်စေချင်တာ ကိုယ်ပြည်သူတွေ မလုပ်မိဖို့လိုတယ်။

ဦးကိုနီနဲ့ ဦးနေဝင်းတို့ကို ပြည်သူတွေ စတေးခဲ့ရတာနဲ့တန်အောင် ပြည်သူတွေထဲက ဦးကိုနီလိုပညာရှိတွေ အများအပြားပေါ်ပေါက်လာအောင် ၊ ရှေ့ထွက်ရပ်တည်ရဲအောင် လုပ်ဆောင်ရမယ်။ အခြားသူကိုမလုပ်ကြံဘဲ ဦးကိုနီကို ဘာကြောင့် သူတို့ Target ထားလုပ်ကြံသလဲဆိုရင် ဦးကိုနီရဲ့ ဥပဒေ ကျွမ်းကျင်မှုကြောင့် နဲ့ ဘာသာရေးသပ်လျှိုလိုမှုကြောင့်ဆိုလည်း မမှားဘူး။ ဘာသာရေးဟာ ယုံကြည်ကိုးကွယ်မှုပဲ။ ကိုးကွယ်မှုကိုဦးစားမပေးဘဲ ယုံကြည်မှုကို ဦးစားပေးကြရအောင် ။

ဦးကိုနီယုံကြည်စွာ လုပ်ကိုင်ပြောဆိုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လစ်ဟာချက်တွေ ၊ မှားယွင်းနေမှုတွေကို ကျွန်မတို့ အများသိအောင် ဖြန့်ဝေပေးကြမယ်။ သူပြောခဲ့သလို ဒီမိုကရေစီအစိုးရလက်ထက်မှာ မှားယွင်းနေတဲ့ ဒီအချက်အလက်တွေကို အမှန်ဖြစ်သင့်တဲ့အတိုင်း (ဒီမိုကရေစီနိုင်ငံဆိုတဲ့အတိုင်း) အာဏာကို ပြည်သူတွေလက်ထဲမှာပဲ ရှိနေအောင် ပြင်ဆင်ခွင့်ရဖို့ အုံကြွတယ်လို့ နာမည်တပ်လို့မရအောင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြရမယ်။ စည်းလုံးစွာ ဆန္ဒဖော်ထုတ်ကြရမယ်။  ပြည်သူတွေရဲ့ဆန္ဒကို ဒေါ်အောင်စုကြည်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရတက်နေတုန်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်းဆုံး ပြင်ဆင်ရမယ်။ ဦးကိုနီဖြစ်စေချင်တဲ့ (လူသတ်သမားနောက်ခံအဖွဲ့ လုံးဝမဖြစ်စေချင်တဲ့) ပဉ္စမမြန်မာနိုင်ငံတော်ကို ပြည်သူ့အာဏာအစစ်အမှန်နဲ့ ဖြစ်ပေါ်အောင် ကြိုးစားရမှာပါ။ ဒါဟာ လုပ်ကြံစေခဲ့တဲ့အဖွဲ့ကို  ဦးကိုနီအတွက် အကောင်းဆုံးလက်စားချေနည်းပဲ။

ဦးနေဝင်းကို ပြည်သူတွေ စတေးခဲ့ရတာနဲ့တန်အောင် ဦးနေဝင်းလို မိမိအသက် ၊ အိုးအိမ်စည်းစိမ် နဲ့ မိသားစုဆိုတာ မငဲ့တွက်ဘဲ  အမှန်တရားဘက်က မတွန့်မဆုတ် ရပ်တည်ရဲအောင် ကြိုးစားကြရမယ်။ ရပ်တည်ပြရမယ်။ ဒါဟာ Leadership Skill တခုပဲ။ သူများကို ခေါင်းဆောင်နိုင်မှ ၊ နောက်လိုက်များနေမှ ခေါင်းဆောင်အရည်အသွေး ရှိတာမျိုးမဟုတ်ပါဘူး။ မိမိကိုယ်တိုင်နဲ့ မိမိရပ်တည်မှုမှာ မတွေမဝေ မှန်မှန်ကန်ကန်ရပ်တည်ရဲတာ ၊ လုပ်ရဲကိုင်ရဲ ၊ ပြောရဲဆိုရဲတာဟာလည်း ခေါင်းဆောင်အရည်အသွေးရှိနေသူပါပဲ။

ပြည်သူတွေကိုယ်စီက ခေါင်းဆောင်အရည်အသွေးတွေနဲ့ အရပ်သားဒီမိုကရေစီအစိုးရဘက်က ရပ်တည်လို့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲအရောက် ကြိုးစားကြမယ်ဆိုရင် ကျွန်မတို့မျိုးဆက်တွေလက်ထဲ အာဏာထည့်ပေးလိုက်တာပါပဲ။ သူတို့ဟာ အာဏာရှင်ကို ကြောက်ဖို့မလိုတော့ဘူးလေ။ ဒီမိုကရေစီအစစ်ကို ပြည့်ပြည့်ဝဝခံစားလို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိနဲ့ အနာဂါတ်နေ့ရက်တွေမှာ နိုင်ငံရေးစိုးရွံ့မှုတွေ ကင်းနေမှာဖြစ်ပါတယ်။

ပုံရိပ် (Burmesehearts.com)

You might also like