Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ့်မနက်ဖန်တွေကို ဘယ်လိုပုံဖော်ချင်သလဲ – BurmeseHearts

ကိုယ့်မနက်ဖန်တွေကို ဘယ်လိုပုံဖော်ချင်သလဲ

0

မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အရာရာကို ကျော်ဖြတ်လိုက်ပါ။
မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အရာရာကို ကျော်ဖြတ်လိုက်ပါ။

အိမ်ထောင်ရှင်အမျိုးသမီးတွေ အများစု ခံစားနေရတဲ့ အိမ်ထောင်ရေးအဆင်မပြေမှု ထင်ဟပ်တဲ့ပြောစကား ၊ အားငယ်မှု ၊ ခင်ပွန်းဂရုမစိုက်မှုတွေကို ဇနီးကိုယ်ဝန်ဆောင်နေစဉ် အလိုအပ်ဆုံးအရာ ဆိုတဲ့ပို့စ် အောက်က Facebook comment တွေမှာ အများဆုံးတွေ့ရပါတယ်။ ဒါတွေဟာ ဘာဖြစ်လို့ ဖြစ်ရပါသလဲ။

အမျိုးသမီးတွေဟာ ခံစားမှုနုနယ်တယ်။ သနားလွယ်တယ်။ အယုံလွယ်တယ်။

ခံစားမှုနုနယ်တော့ ချစ်တဲ့သူကို နှစ်ဦးညှိမရတဲ့ အချက်တွေ ၊ အလိုမကျမှုတွေရှိနေတဲ့တိုင်အောင် ရေရှည်မစဉ်းစားနိုင်တော့ဘဲ လတ်တလောခံစားချက်ကို ကြည့်ဆုံးဖြတ်လိုက်တယ်။ ချစ်တယ်။ မခွဲနိုင်ဘူး။ အတူနေချင်တယ်။ ကိုယ်ကပြတ်စဲမယ်လို့ ဆုံးဖြတ်တဲ့တိုင် တဖက်က ပြင်ပါ့မယ်။ မလုပ်တော့ပါဘူး။ အတူလက်ထပ်ပြီးမှ မနေရရင် ဘဝပျက်ရပါလိမ့်မယ်ဆိုတဲ့ စကားတွေကို ယုံလိုက်တယ်။ သနားလို့ ပြန်တွဲရာက လက်ထပ်ဖြစ်တယ်။ ဒါဟာ ချစ်လို့ထူထောင်ခဲ့ကြတဲ့ အိမ်ထောင်ဘက်တွေမဟုတ်လား။

BurmeseHearts Blog

မယူခင်က မစဉ်းစားမိတဲ့ အချက်တွေ ၊ လျော့တွေးမိတဲ့အချက်တွေ ၊ ပြင်မှာပါဆိုတဲ့အချက်တွေ ၊ ယူပြီးမှပေါ်လာတဲ့အချက်တွေ ဒါတွေကို လက်မခံနိုင်ဘူး။ ပြင်ခိုင်းတယ် ခင်ပွန်းက မပြင်ဘူး။ (လက်မထပ်ခင်ကတောင် မပြင်ခဲ့ရင် ယူပြီးနောက်မှ ပြင်ခိုင်းလို့သူပြင်မယ်ဆို ကိုယ်က တော်တော် ကံထူးတဲ့သူပါ) ဒီတော့ ခင်ပွန်းကို မကျေနပ်တော့ဘူး။ ထူထောင်ထားတဲ့အိမ်ထောင်အပေါ် မကျေနပ်တော့ဘူး။ ဒါပေမယ့် ဒီအိမ်ထောင် ကွဲသလား ၊ ဒီခင်ပွန်းနဲ့ ကွဲသလားဆိုတော့လဲ မကွဲနိုင်ဘဲ တကျက်ကျက်ဖြစ်လိုက် ၊ တည့်သွားလိုက် ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ နေလာတယ်။

ဒီမှာ ဘေးက သွေးထိုးစကားတွေ ဝင်လာမယ်။ အကြံဥာဏ်တွေဝင်လာမယ်။ ကလေးယူပြီးရင် ကလေးသံယောဇဉ်နဲ့ ပြောင်းသွားမယ်ပေါ့။ ဒီမျှော်လင့်ချက်နဲ့ ကလေးယူလိုက်တဲ့သူတွေအဖို့ ခင်ပွန်းပြောင်းလဲလာခဲ့ရင် တော်သေးရဲ့ မပြောင်းလဲတဲ့အခါမှာ ငါးပါးမှောက်တော့တာပဲ။ ကိုယ့်တာဝန် ၊ ခင်ပွန်းတာဝန် ၊ သားသမီးတာဝန်တွေအပြင် အိမ်ထောင်ရေးပဋိပက္ခကလည်း ရေချိန်မြင့်လာမယ် ။ မကျေနပ်ချက်တွေကလဲ ရေချိန်မြင့်လာမယ်။ ဒီကြားထဲမှာ စီးပွားရေးအပူ ၊ ကျန်းမာရေးအပူ ၊ စားသောက်နေထိုင်ရေး အပူတွေကလည်း ဝင်လာတဲ့အခါမှာ ခင်ပွန်းမသိတတ်ဘူး ။ မငဲ့ညှာဘူး။ ဘဝကံဆိုးတယ်လို့ သတ်မှတ်လိုက်ပြန်တယ်။

လောကကြီးမှာ မပြောင်းလဲချင်သူဟာ ကောင်းတဲ့ဘက်ကို ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ လောကကြီးကို အရွဲ့တိုက် ၊ ကိုယ့်ဘဝကိုယ် မကျေနပ်တဲ့ခင်ပွန်းကို ပေါင်းသင်းမိသူက သူမဘဝကိုလည်း ဘယ်တော့မှ ကျေနပ်လာမှာ မဟုတ်ပါဘူး။ ဒီအိမ်ထောင်စုမှာ မွေးဖွားလာခဲ့တဲ့ ကလေးတွေဟာလည်း သူတို့ဘဝကို ကျေနပ်မှု ၊ ပျော်ရွှင်မှု မရှိပါဘူး။ ကလေးက သူ့ဘဝအတွက် မိဘကို စိတ်ထဲက အပြစ်တင်မယ်။ ဇနီးက အလိုက်တသိ ကြင်နာမှုမရှိတဲ့ ခင်ပွန်းကို အပြစ်တင်မယ်။ ခင်ပွန်းကလည်း ပစိပစပ်များတဲ့ ဇနီးကို အပြစ်တင်မယ်။ ဒီသံသရာကြီးဟာ ဒီနှစ်ဦးလမ်းမခွဲသရွေ့ ဆက်လည်ပတ်နေဦးမှာဖြစ်ပါတယ်။ လမ်းခွဲဖို့ ဆိုလိုခြင်းမဟုတ်ပါ။ မပြောင်းလဲတဲ့ သဘောတရားကို မီးမောင်းထိုးပြတာပါ။ အခြေအနေဟာ ပိုဆိုးလာဖို့သာရှိပြီး ပိုကောင်းလာဖို့ ရာခိုင်နှုန်းဟာ နည်းနေပါတယ်။

ခင်ပွန်းအပေါ် မကျေနပ်တဲ့ခံစားမှုတွေပိုက်ပြီး ကိုယ်ဝန်လွယ်ထားတဲ့ မိခင်လောင်းတွေ ၊ မိခင်တွေကို အကြံပေးလိုတာက မကျေနပ်ချက်တွေကို လျှော့ချပါ။ နေ့စဉ်အပြစ်တင်နေလို့ ဒီအခက်အခဲတွေဟာ အလိုလို ပြေလည်ငြိမ်းအေးသွားမှာ ဟုတ်ပါဘူး။ မိမိရှေ့ရေးကို ဆက်တွေးပါ။ မိမိအနာဂါတ်ကို မိမိဘယ်လို ပုံဖော်လိုပါသလဲ။ မိမိသားသမီးအနာဂါတ်ကို မိမိဘယ်လိုပုံဖော်လိုပါသလဲ။ အသေအချာ ပြန်သုံးသပ်လို့ ရလာတဲ့ အဖြေကို မိမိကိုယ်တိုင် အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ဒီလိုတွေးပြီး အကောင်အထည်ဖော်တဲ့နေရာမှာ မိဘတွေ ၊ အသိုင်းအဝန်းတွေ ဆိုတာကို ဘေးဖယ်ထားပါ။ တကယ်ခံစားနေရတာ ကိုယ်နဲ့ ကိုယ့်သားသမီး မဟုတ်လား။ ဒီတော့ ကိုယ်နဲ့ ကိုယ့်သားသမီးရှေ့ရေးကို ဦးစားပေးတွေးပါ။

အတွေးကို လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ဖို့ အားမွေးပါ။ လောကဓံကို တည့်တည့်ရင်ဆိုင်ပါ။ အခက်အခဲကို မျက်နှာလွှဲထားလို့ ပြေလည်သွားမှာ မဟုတ်ဘူးလေ။ မိမိစိတ်ဓါတ်ကို မိမိဘာသာ အားပေးပါ။ မိမိရဲ့ သားသမီးအတွက် ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်လိုက်ပါ။ တရိစ္ဆာန်တွေထဲမှာတောင် သားစိတ်တက်နေတဲ့ တရိစ္ဆာန်တွေက အန္တရာယ်အပေးနိုင်ဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ သူတို့သားသမီးကို အကာအကွယ်ပေးဖို့ ဘာမဆိုလုပ်ရဲလို့ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့အသက်ကို စတေးပြီး သားသမီးကို ကာကွယ်ပေးဖို့လည်း အဆင်သင့်ဖြစ်နေတတ်ပါတယ်။

ကိုယ်ကလည်း မိခင်စိတ်အပြည့်နဲ့ လောကဓံကို ရင်မဆိုင်နိုင်ဘူးလား။ တကယ်ဆို မိမိမနက်ဖန်ရဲ့ ကောင်းခြင်း ၊ ဆိုးခြင်းကို မိမိသာလျှင် ဖန်တီးခွင့်ရှိပါတယ်။ အသက်မသေသေးသရွေ့ ပျော်ရွှင်ခွင့်ရှိပါသေးတယ်။ အိမ်ထောင်တစ်ခုကြောင့် လူမသေခင် စိတ်ဓါတ်လဲသေ ၊ ဘဝလဲသေတော့ မဖြစ်သင့်ဘူးလေ။ ဒီတော့ မိမိက ဘာဖြစ်ချင်သလဲလို့ သေချာအောင် ကိုယ့်ဘာသာ ပြန်မေးပြီး စဉ်းစားဆုံးဖြတ်ပါလို့ အကြံပေးပါရစေ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like