Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိဘအသက်ရှင်စဉ် ကျေးဇူးဆပ်ခြင်း – BurmeseHearts

မိဘအသက်ရှင်စဉ် ကျေးဇူးဆပ်ခြင်း

0

မိဘတွေရဲ့ ကျေးဇူးဟာ ဘယ်လိုမှဆပ်လို့မကုန်ဘူးဆိုပေမယ့် မိဘကို နှုတ်၏ဆောင်မခြင်း ၊ လက်၏ဆောင်မခြင်းနဲ့ မသေခင်ပြုစုလုပ်ကျွေးပါ။ တအိမ်တည်းနေရင် အမေရေသွားပြီ ၊ အမေရေပြန်လာပြီလို့ နှုတ်ဆက်တာကအစ အမေစားပြီးပြီလား ၊ နေကောင်းရဲ့လား အရေးတယူမေးတာလေးတွေ လုပ်ရမှာပါ။ တအိမ်တည်းမနေပေမယ့် နီးနီးနားနား သွားလာရလွယ်ကူတဲ့နေရာမှာ ရှိနေတဲ့မိဘကိုလည်း အပတ်စဉ်မဟုတ်တောင် နှစ်ပတ်တခါ ၊ တလတခါလောက်တော့ လူချင်းတွေ့နိုင်အောင် ကြိုးစားပြီး အားပေးတာမျိုး ၊ သူကြိုက်တာလေးတွေ ဝယ်လာပေးတာမျိုး ၊ သူနဲ့သင့်တော်မယ့် ဆေးဝါးတွေ ဝယ်လာပေးတာမျိုး လုပ်ပေးနိုင်ရင်ကောင်းပါတယ်။

အဝေးမှာနေတဲ့သူတွေကတော့ ဒီလိုအင်တာနက်ခေတ်ကြီးထဲမှာ မိဘကို Viber ကတဆင့်ပဲဖြစ်ဖြစ် အဆင်ပြေရာနဲ့ ဖုန်းခေါ်သင့်ပါတယ်။ မိဘဆီ တနှစ်တခေါက်လောက်တောင်မှ ပြန်မလည်နိုင်တဲ့သူတွေဟာ မိဘကို နည်းလမ်းရှာပြီး စိတ်အား ၊ ကိုယ်အား ပံ့ပိုးပေးနိုင်ဖို့ကြိုးစားရမှာပါ။

လူဆိုတာ အသက်ကြီးလာလေ အထီးကျန်ခံစားလာရလေပါပဲ။ ကိုယ်တိုင်က အသုံးမဝင်တော့ဘူးလို့ စိတ်အားငယ်လာတတ်တယ်။ ဒီကြားထဲမှာ သားသမီးတွေရဲ့ သိတတ်မှုမရဘူးဆိုရင် စိတ်ဓါတ်ကျလာတတ်တယ်။ ဒီလိုစိတ်ဓါတ်ကျတာ ကြာလာရင် စိတ်ကျရောဂါစွဲကပ်လာတတ်ပါတယ်။

အသက်ကြီးလာလေ မေ့လျော့တတ်တဲ့စိတ်တွေနဲ့ သတိတွေ မကောင်းဖြစ်လာလေပါပဲ။ ဒါပေမယ့် သူတို့စိတ်ထဲ အမြဲရှိနေတာက သူတို့သားသမီးတွေကိုပါ။ ကောင်းတဲ့သားသမီးကိုလည်း အားကိုးမှုနဲ့ တောင့်တသလို မကောင်းတဲ့သားသမီးကိုလည်း စိုးရိမ်မှုနဲ့ပူပန်တယ်။ အထူးသဖြင့် မိခင်တွေက ပိုပြီးပူပန်လေ့ရှိတယ်။

ကိုယ်အများကြီး စုဆောင်းမိတာမျိုးမဟုတ်ပေမယ့် လ္ဘက်ရည်တခွက် ဝယ်တိုက်နိုင်ရင် လ္ဘက်ရည်တခွက်လောက်တော့ မိဘအတွက် ဝယ်လာခဲ့ပေးပါ။ ဒီ့ထက်တတ်နိုင်ရင် သူကြိုက်တတ်တဲ့အစာလေးတွေ ၊ သူ့ကျန်းမာရေးနဲ့လည်း သင့်တော်မယ်ထင်ရာကို ဝယ်လာပေးပါ။ ကိုယ့်အတွက် အဝတ်သစ်တစ်ခုဝင်တိုင်း မိဘအတွက်လည်း သတိရပေးပါ။ ကိုယ်အသစ်ဝတ်တိုင်း မိဘအတွက် အသစ်မဝယ်ပေးဖြစ်တာတွေ ရှိနိုင်ပေမယ့် သတိရဖန်များလေ ဝယ်ပေးချင်စိတ်ကို တွန်းအားဖြစ်လေပါပဲ။ ဝယ်ပေးချင်စိတ်ရှိမှပဲ ဝယ်ပေးဖြစ်တာမဟုတ်လား။ တခါတလေ ဝယ်ပေးချင်စိတ်ရှိသည့်တိုင် မဝယ်ပေးဖြစ်တာ ၊ မဝယ်ပေးနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။

တခုလောက်တော့ သတိရပေးပါ။ ကိုယ်ကျွေးချင်တာလေးတွေ မကျွေးလိုက်ရတာ ၊ သူကြိုက်တာလေး မကျွေးလိုက်ရတာဟာ ကိုယ်ဝယ်ကျွေးဖို့ အခွင့်သာလာချိန်က သူမစားနိုင်တဲ့အချိန်ဖြစ်နေရင် ကိုယ်ဝယ်ကျွေးလည်း သူမှ မစားနိုင်တော့ပဲလေ။ ဝမ်းနည်းရုံရှိမှာပေါ့။ ဟိုးတချိန်က ငါကျွေးဖြစ်အောင် ကြိုးစားရင်ရရက်နဲ့ မကျွေးလိုက်ရလေခြင်းလို့ တသက်တာ နောင်တရနိုင်ပါတယ်။ ဒါကြောင့် မိဘအသက်ရှင်တုန်း မိဘကြိုက်တတ်တာလေးတွေ ဝယ်ကျွေးဖြစ်အောင် ကြိုးစားပါ။ သူ့ကျန်းမာရေးနဲ့ သင့်တော်ရာလေးတွေ အမေသက်သာဖို့ ၊ အဖေသက်သာဖို့ဆိုတဲ့ သိတတ်မှုစကားလေးနဲ့ ဝယ်ပေးရင် ဆီတထုပ်ပဲဖြစ်ဖြစ် ၊ ဆန်တဆုပ်ပဲဖြစ်ဖြစ် မိဘဟာ ပီတိဖြစ်လို့မဆုံးပါဘူး။

ကျွန်မ အခက်အခဲတွေကြုံလာခဲ့ပေမယ့် ကိုယ့်အတွက်စိတ်ပူတတ်တဲ့ မိဘကို မပြောဖြစ်တာကများတယ်။ အဖေက ကျွန်မဆယ့်သုံးနှစ်သမီးလောက်ကတည်းက ဆုံးသွားခဲ့တာမို့ အဖေမရှိတဲ့နောက်ပိုင်း အမေတစ်ယောက်တည်း ကျွန်မတို့အတွက် လောကဓံကို အံတုခဲ့တာမို့ ကျွန်မအခက်အခဲရှိတိုင်းလည်း ကိုယ့်ဘာသာ ကြိတ်ဖြေရှင်းလေ့ရှိတယ်။ အမေ့ကိုမပြောတော့ အမေက ကျွန်မအဆင်ပြေနေတယ်လို့ထင်တာပေါ့။ မေးတိုင်းလည်း တဘက်မှာ ဘယ်လောက်အခက်အခဲတွေရှိရှိ အဆင်ပြေပါတယ်ဆိုခဲ့တာကိုး။

တခါတော့ ကျွန်မအတော့်ကို အဆင်မပြေချိန်နဲ့ စိတ်ဖိစီးမှုများနေချိန်အချို့မှာ အမေ့ဘက်က အကူအညီတောင်းခဲ့တာမျိုးတွေ ကြုံရသေးတယ်။ ကိုယ်တောင်မှ မရှူ နိုင်မကယ်နိုင်ဖြစ်နေချိန် တဘက်လူက ကူပါဦးဆိုလာတော့ မကူနိုင်ဘူးပြောလိုက်ရမှာ ကိုယ့်အမေဖြစ်နေတယ်။ သူ့ကို ကိုယ်မှမကူရင် ဘယ်သူကူမလဲနော်။ ကိုယ့်ကိုအကူအညီတောင်းတယ်ဆိုကတည်းက အားကိုးလို့ တောင်းလာတာလေ။ ဒီမှာအဆင်မပြေသေးဘူးလို့ ငြင်းလိုက်ရင်ရပေမယ့် မငြင်းချင်ခဲ့ဘူး။

ကိုယ်အဆင်မပြေပေမယ့် အမေအဆင်ပြေအောင် သူများကို အောက်ကျခံ အကူအညီတောင်းခဲ့ရတာမျိုးတွေရှိတယ်။ အမေ့အတွက် အောက်ကျခံခဲ့ရတာမို့ အောက်ကျခံရတယ်လို့တောင်မမှတ်ဘဲ အတိုးတွေနဲ့ ပြန်ဆပ်ရသည့်တိုင် ချေးတဲ့သူကို အခါခါကျေးဇူးတင်မိတာမျိုးရှိတယ်။ ကျွန်မဆိုလိုတာက ကိုယ်မနိုင်ရင်လည်း ရံဖန်ရံခါမှ အားကိုးတကြီး အကူအညီတောင်းတတ်တဲ့မိဘကို ကူညီဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်တာပါ။

မိဘကျန်းမာနေတုန်းမှာ ခြေဆုပ်လက်နယ်ပြုစုတာမျိုး မလုပ်ပေးနိုင်ပေမယ့် မိဘမကျန်းမာချိန်မှာတော့ အနားမှာ ခြေဆုပ်လက်နယ်လုပ်ပေးပါ။ နာတာရှည်ဆိုရင်တော့ အဝေးနေရသူတွေ ၊ အနားမရှိနိုင်သူတွေအတွက် ခက်မှာပဲ။ ဒါပေမယ့် ကျန်တာတွေအကုန်လုံးဟာ တချိန်မဟုတ်တချိန်မှာ ပြန်ရနိုင်ပါတယ်။ ဒီ့လောက်မကောင်းတာဖြစ်နိုင်သလို ဒီ့ထက်ကောင်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိဘကတော့ တသက်မှာတခါတည်း ရနိုင်တာပါ။

ကိုယ်မွေးကင်းစအချိန်တုန်းက ချီးတလူ ၊ သေးတလူ ၊ မညည်းမညူလုပ်ပေးခဲ့တာ ဒီအမေပါ ၊ ဒီလိုလုပ်ခွင့်ရဖို့ ရှာဖွေကျွေးမွေးခဲ့တာ ဒီအဖေပါ။ သူတို့တွေဟာ ကိုယ်ငယ်ငယ်က ကိုယ့်ဒဏ်ခံခဲ့တယ်။ သူတို့လိုအပ်ချိန်မှာ ကိုယ်က သူတို့ကို အချိန်မပေးနိုင်ဘူးလား။ ဒါဆိုရင် ကိုယ်ဟာ သားသမီးကောင်းတယောက် မဖြစ်နိုင်တော့ဘူးလေ။

BurmeseHearts Blog

ကျွန်မအမေ မြန်မာနိုင်ငံကို အလည်ခဏပြန်သွားတုန်းက အစားမှားပြီး ဝမ်းလျောတာ ကျောက်ကပ်ထိပြီး ဆေးရုံတက်ရသည်အထိဖြစ်ခဲ့တယ်။ ဒါကို အမေကနားမလည် ၊ အမေ့အဖော်လုပ်တဲ့ လူနာရှင်ကိုယ်စားတွေက မမေးမိ ၊ လူနာရှင် ကျွန်မတို့ကလည်း လူနာရှင်အနားမှာမရှိခဲ့ဘူးလေ။ တကယ်ဆို ကျောက်ကပ်ထိသွားတယ်လို့ ဆေးရုံကတာဝန်ရှိသူ ဘယ်သူကမှ အသိမပေးခဲ့တာပါ။ ဆေးရုံပေါ် အမေရောက်နေပေမယ့်လည်း ကောင်းကောင်းစားနိုင် ၊ ဖုန်းခေါ်ရင်စကားပြောနိုင်တုန်း ၊ မနက်ဖန်လိုလိုပဲ ဆင်းရမလိုပြောနေတော့ သိပ်စိတ်မပူမိခဲ့ဘူး။

တညနေမှာတော့ အမေသတိမေ့သွားတာ အခြေအနေမကောင်းဘူးလို့ ဖုန်းလာမှ ချက်ချင်း ရရာလေယာဉ်လက်မှတ်  ကောက်ဝယ်ပြီးလိုက်သွားခဲ့တယ်။ အနားမှာရှိတဲ့ ခင်ပွန်းကိုတောင် ကျွန်မပြန်မယ်လို့ မတိုင်ပင်ဖြစ်တော့ဘူး။ ဒီလိုကိစ္စမျိုးတွေမှာ အိမ်ထောင်ဖက်တွေက နားလည်မှုအပေးသင့်ဆုံးအချိန် ၊ ဖြည့်ဆည်းမှုအပေးသင့်ဆုံးအချိန်ပါ။

ဘယ်လူနာကိုမဆို လူနာရှင်တွေလောက် ဘယ်ဆေးဝန်ထမ်းကမှ ပိုပြီး မေတ္တာ မထားနိုင်ဘူးဆိုရင် ယုံမလား။ သူတို့လုပ်နေတာ စေတနာပါကောင်းပါနိုင်ပေမယ့် တာဝန်အလျောက် လုပ်ကိုင်နေကြတာ။ ကျွန်မတို့လို မေတ္တာနဲ့သံယောဇဉ်ဆိုတာကို အခြေခံထားတာမဟုတ်ဘူး။ မတော်လို့ တိမ်းပါးသွားခဲ့ရင် လူနာတစ်ယောက် ဆုံးသွားပြီလို့ပဲ သူတို့က ကောက်ချက်ချမှာ။ မိသားစုဝင်တစ်ဦးဆုံးသွားပြီလို့ သူတို့ ယူကျုံးမရဖြစ်မှာမဟုတ်ဘူး။ ရွှေတောင်ကြီးပြိုသွားပြီလို့လည်း ရင်ကွဲပက်လက်မဖြစ်ဘူး။  နေကောင်းကျန်းမာလို့ ပျော်ပျော်ရွှင်ရွှင်ဆေးရုံက ဆင်းသွားသူတွေကိုလည်း သူတို့မြင်ဖူးသလို တိမ်းပါးသွားတဲ့လူနာကြောင့် ငိုယိုပြီးပြန်သွားကြတဲ့ လူနာရှင်တွေကိုလည်း သူတို့ ကြုံဖူးမှာပါ။ သူတို့အတွက် ဒါတွေဟာမထူးဆန်းတော့တာမို့ လုပ်ငန်းခွင်မှာ သူတို့ပြုနေသမျှကို အလုပ်လို့ပဲ သဘောထားမှာပါ။ လူနာရှင်ကပဲ လူနာကို ဂရုတစိုက်ရမှာပါ။

ခုတင်ပေါ်မှာ သူ့ဘာသာ မလှည့်ပြောင်းနိုင်တဲ့လူနာကို ညင်ညင်သာသာ လှည့်ပြောင်းပေးနိုင်အောင် ၊ ခုတင်ပေါ်လဲနေတဲ့လူနာသန့်စင်ဖို့ တကယ်သန့်ရှင်းအောင်လုပ်ပေးဖို့ဆိုတာ လူနာရှင်တွေက စပါယ်ရှယ်နာ့စ် ငှါးထားသည့်တိုင်အောင် မျက်စိဒေါက်ထောက် ကြည့်ပြီး ကိုယ်တိုင်လည်းလုပ် ၊ သူ့လည်းပြော လုပ်ရမယ်ဆိုတာ အမေ မြန်မာနိုင်ငံက နာမည်ကြီးအထူးကုဆေးရုံတက်တော့မှ ကျွန်မသိခဲ့ရတယ်။ စင်္ကာပူမှာ ကျွန်မဆေးရုံတက်တော့ ဒီကဝင်ငွေနဲ့ ဒီမှာပေးရတာဟာ ဈေးကြီးတယ်လို့ ဆိုနိုင်ပေမယ့် ဝန်ဆောင်မှုဟာ မြန်မာနိုင်ငံနဲ့ နှိုင်းစရာမလိုသလို တာဝန်ယူမှုကလည်း နှိုင်းစရာမလိုလောက်အောင် ခြားနားလှတယ်။

အထူးသဖြင့် လူကို လူလိုဆက်ဆံတယ်။ လူနာဘာဖြစ်တယ်ဆိုတာ လူနာနဲ့တကွ လူနာရှင်ကို အသိပေးတယ်။ ဘာကြောင့် ဘယ်လိုကုသမှုမျိုး လုပ်မယ်ဆိုတာကိုလည်း မကုသခင် ရှင်းပြတယ်။ လူနာသဘောမတူရင် သူတို့သဘောနဲ့သူတို့မကုဘဲ လူနာ သို့မဟုတ် လူနာရှင် သဘောတူမှကုတယ်။ မြန်မာနိုင်ငံမှာတော့ ကျွန်မက သက်ဆိုင်သူတွေကို လိုက်မေးသည့်တိုင်အောင် ကျွန်မနားလည်မှာမဟုတ်ဘူး မရှင်းပြတော့ဘူးဆိုတာနဲ့ ကြုံခဲ့ဖူးတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဆေးရုံတက်မယ့် သက်ကြီးရွယ်အိုတွေဟာ တတ်နိုင်သည်ဖြစ်စေ ၊ မတတ်နိုင်သည်ဖြစ်စေ သားသမီးတွေရဲ့ ထောက်ပံ့မှု ၊ ကူညီမှု ၊ ပြုစုစောင့်ရှောက်မှုတွေ အနားမှာ လိုကိုလိုအပ်တယ်။

မိဘတွေ သားသမီးကို အလိုအပ်ဆုံးအချိန်ဟာ ပျော်ရွှင်ချိန်၊ ဝမ်းနည်းချိန် ၊ အားငယ်ချိန် ၊ အထီးကျန်တဲ့အချိန် ၊ နာမကျန်းတဲ့အချိန် ၊ အိပ်ယာထဲလဲချိန်နဲ့ လူ့လောက က စွန့်ခွါခါနီးချိန်တွေမှာ ဖြစ်ပါတယ်။

မိဘကို အသက်ရှင်စဉ်မှာ စားနိုင်တုန်းကျွေးပါ။ ကျန်းမာရေးနဲ့တည့်တုန်းကျွေးပါ။ ဝတ်နိုင်တုန်းဆင်ပါ။ သွားနိုင်တုန်း သူသွားချင်ရာတွေ လိုက်ပို့ပါ။ မမာတဲ့အချိန်မှာ အားပေးပါ။ နာတဲ့အချိန်မှာ ပြုစုပါ။ သွားမယ့်အချိန်မှာ စိတ်ချလက်ချသွားနိုင်ဖို့ စိတ်ဓါတ်ခိုင်မာစွာ နှုတ်ဆက်ပြပါ။ လူ့ဘဝဟာ တကယ်တော့ တိုတိုလေးပါ။ ဘယ်သူအရင်ခွဲမယ်ဆိုတာ မရေရာတာမို့ ယခုအချိန်ဟာ မနက်ဖန်ထက်ပိုကောင်းတယ်နော်။

ရတု (Burmesehearts.com)

You might also like