Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိဘစီမံတဲ့အိမ်ထောင်ရေး(၂) – BurmeseHearts

မိဘစီမံတဲ့အိမ်ထောင်ရေး(၂)

0

လက်ထပ်ထိမ်းမြားခြင်း

သပြေ(အမည်ရင်းမဟုတ်)ဆိုတဲ့ ကျွန်မသူငယ်ချင်းဟာ ပင်ကိုယ်လှတဲ့သူဆိုတော့ အလှအပလည်း သိပ်ကြိုက်တယ်။ သွက်လည်းသွက် ၊ ချောလည်းချောဆိုတော့ အထက်တန်းကျောင်းမှာကတည်းက ချစ်ကြိုက်သူတွေ ဝိုင်းဝိုင်းလည်ပေါ့။ သူကလဲ သူကြိုက်တဲ့သူဆို ပြန်တွဲတာပဲ။ တပြိုင်တည်းလည်း နှစ်ယောက် ၊ သုံးယောက် ထားချင်ရင် ထားလိုက်တာ။

သူ့ဇတ်လမ်းရှုပ်ရှုပ်တွေကြောင့် မျက်နှာပူရတဲ့ မုဆိုးမတစ်ဦးဖြစ်တဲ့ သပြေ့မိခင်ဟာ သပြေဘွဲ့ရတော့ မိဘချင်း သဘောတူကြည်ဖြူတဲ့သူနဲ့ လူငယ်ချင်းနီးစပ်အောင် အရင်လုပ်တယ်။ သပြေက အတင်းပေးစားလို့ ယူမယ့်သူမဟုတ်ဘူးလေ။

ဖြစ်ချင်တော့ သပြေနဲ့သဘောတူမယ့်လူကို သပြေကတွဲကြည့်ပြီး နှစ်ယောက်ချစ်ကြိုက်သွားတယ်။ သပြေ့ကို သူမရဲ့ ယောက္ခထီးလောင်းက အရမ်းချစ်တာ။ လူကြီးချင်းသဘောတူတယ်ဆိုတာကလည်း အဲဒီက စတာပဲ။ သပြေရှုပ်မှန်းသိလည်း ယောက္ခထီးက သပြေမှသပြေပဲ။ ယောက္ခမလောင်းနဲ့ ယောင်းမတွေကတော့ သပြေ့ကိုဆို ကြည့်မရဘူး။ ခင်ပွန်းနဲ့အဖေကို မလွန်ဆန်ရဲလို့သာ အလိုက်အထိုက် ဆက်ဆံရတာ။

အဲဒီမှာ သပြေ့ယောက္ခထီးလောင်းအကြောင်းကို ပြောပြရတော့မယ်။ သူက အပိုဝင်ငွေ အတော့်ကိုကောင်းတဲ့ ညွှန်ချုပ်တစ်ဦးပေါ့ ။ စစ်အရာရှိကြီးနေရာကနေ လူထွက်ပြီး ညွှန်ချုပ်လုပ်တဲ့သူဆိုတော့ အဆက်အသွယ်လဲ တအားကောင်းတာ။ ဒီတော့ ဇနီးနဲ့သူ့သားသမီး ငါးယောက်လုံးလည်း ဘာအလုပ်မှမလုပ်ဘဲ ကားတဝီဝီနဲ့ ဈေးဝယ်ထွက်လိုက် ၊ လျှောက်လည်လိုက်နဲ့ နေကြတဲ့သူတွေဖြစ်တယ်။ သူတို့မှာလည်း စုဆောင်းငွေနဲ့ ပိုင်ဆိုင်မှုဆိုတာတွေ အတော်များများကိုရှိတာ။

နောက်ဆုံး သပြေနဲ့ လူကြီးချင်းသဘောတူထားတဲ့လူကို သပြေက လက်ခံလိုက်ပြီဆိုတော့ ခမ်းခမ်းနားနား လက်ထပ်ပေးတယ်။ ကားနဲ့ တိုက်ခန်း လက်ဖွဲ့တယ်။ သပြေက ရည်းစားသနာသာရှုပ်တာ လည်လည်ဝယ်ဝယ်ရှိတဲ့သူမဟုတ်တော့ သူ့မင်္ဂလာဆောင်မှာ လက်ဖွဲ့တွေလက်ခံတဲ့နေရာကို ယောင်းမတွေကပဲ ဦးစီးတာလက်ခံခဲ့တယ်။ မင်္ဂလာလက်ဖွဲ့ငွေတွေနဲ့ တန်ဖိုးကြီးစာရင်းမှန်သမျှ ဘာစာရင်းမှ မရလိုက် ၊ မသိလိုက်ရဘဲ သူတို့ယူသွားတာ ခံလိုက်ရတယ်။ ကိုယ်တိုင်က သတို့သမီးဆိုတော့ သပြေရော သူ့အမေပါ ဧည့်သည်လက်ခံတာနဲ့ ဒါကို သတိမထားမိဘူး။

အိမ်ရောက်လာတဲ့လက်ဖွဲ့တွေက အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေပဲဖြစ်တယ်။ ဒါကိုလည်း သပြေတို့သားအမိက နှစ်ဖက်မျက်နှာပျက်မှာစိုးလို့ ယောက္ခထီးကို ဘာမှမပြောဘူး။ ခက်တာက သပြေနဲ့ သူယူလိုက်တဲ့ ခင်ပွန်းနှစ်ယောက်စလုံးက အလုပ်မရှိကြဘူး။ မိဘမှီခိုပြီး နေကြတဲ့သူတွေဖြစ်နေတယ်။ လက်ထဲရှိတာကုန်သွားတော့ ဟိုဘက်လက်ဖြန့်တောင်းလိုက် ၊ ဒီဘက်လက်ဖြန့်တောင်းလိုက်နဲ့ အပျို ၊ လူပျိုတုန်းကလိုပဲ နေခဲ့တာ။

သပြေကံဆိုးချင်တော့ သပြေ့ ယောက္ခထီးမှာ အသည်းကင်ဆာဖြစ်နေတာ နောက်ကျမှ သိလိုက်ရတယ်။ ယောက္ခထီး နေထိုင်မကောင်းဖြစ်ကတည်းက အဲဒီဘက်ကို ငွေလက်ဖြန့်တောင်းဖို့ အဆင်မပြေတဲ့ သပြေတို့ လင်မယားနှစ်ယောက်ဟာ သပြေ့မိခင်က ထောက်ပံ့တာနဲ့ရပ်တည်ခဲ့တယ်။ လက်ထပ်ပြီး တစ်နှစ်မတိုင်မီမှာတင် သပြေ့ယောက္ခထီး ဆုံးပါးသွားခဲ့တယ်။

အဲဒီကစပြီး သပြေဒုက္ခရောက်တော့တာပဲ။ အမေ့ဆီပဲ လက်ဖြန့်တောင်းရတာ မျက်နှာပူလာပြီဖြစ်တဲ့သပြေဟာ ယောက္ခထီးဘက်က ပေးထားတဲ့ကားကိုရောင်းဖို့ စာရွက်စာတမ်းတောင်းချိန်မှ သူတို့နေထိုင် အသုံးပြုနေတဲ့ တိုက်ခန်းနဲ့ကားဟာ တစ်နှစ်စာချုပ်နဲ့ ယောက္ခမက ငှါးပေးထားတာမှန်း သိလိုက်ရတယ်။ အဲဒီတော့ သပြေ့အမျိုးသား ပေါက်ကွဲပြီပေါ့။ သူတို့လင်မယားကို အထောက်အပံ့ပေးထားတဲ့ အဖိုးကြီးလည်း ဆုံးပါးသွားခဲ့ပြီဆိုတော့ သပြေ့ခင်ပွန်းတောင်းဆိုတဲ့ အမွေခွဲပေးဖို့ဆိုတာကို သူ့မိခင်က လက်မခံတဲ့အပြင် သူမသေခင် အမွေတောင်းလို့ဆိုပြီး အမွေဖြတ်ပစ်လိုက်ပါလေရော။

တိုက်ခန်းလည်း ပြန်အပ်ရ ၊ ကားလည်းပြန်အပ်ရ ၊ အလုပ်အကိုင်မရှိ ၊ ဝင်ငွေမရှိတဲ့ သပြေတို့လင်မယားနှစ်ယောက် သပြေ့အမေအိမ်ပေါ် တက်နေကြတယ်။ သပြေ့အမေကိုယ်တိုင်ကလည်း မုဆိုးမ ၊ စုဆောင်းထားတဲ့ ဘဏ်တိုးကို အမှီပြုနေရတော့ သပြေတို့လိုသလောက် မပံ့ပိုးနိုင်ခဲ့ဘူး။ နောက် သပြေ့ခင်ပွန်းက သူ့အဖေအဆက်အသွယ်နဲ့ လုပ်ငန်းလုပ်ဖို့ရှိတယ်။ အမြတ်များများရမယ်လို့ ဆိုလာတော့ ခပ်ရိုးရိုးသပြေ့အမေက ဘဏ်မှာစုထားတဲ့ငွေထုတ်ပြီး သမီးလင်မယား အဆင်ပြေလာဖို့ ရင်းနှီးပေးရှာတယ်။

အဖိုးကြီးမျက်နှာမရှိတော့ဘူးဆိုတော့ သပြေ့ခင်ပွန်းနဲ့ လုပ်ငန်းလုပ်တဲ့ အဖိုးကြီးရဲ့မိတ်ဆွေဟာလည်း ရာထူးကြီးကြီးထဲက တစ်ယောက်ပေပဲမို့ လက်ထဲရောက်လာတဲ့ငွေကို အုပ်ပစ်လိုက်တယ်ဆိုပါစို့။ ရလဒ်ကတော့ ငွေအလိမ်ခံရတယ်။

ဒီငွေကိုဘဏ်အပ်ပြီး ဘဏ်တိုးငွေ မှီခိုစားနေရတဲ့ သပြေတို့သားအမိဘဝ ပျက်ပြီပေါ့။ ဒီငွေကိစ္စကြောင့်ပဲ အလုပ်လက်မဲ့ သပြေတို့လင်မယား အမြဲရန်ဖြစ် စကားများရာက နောက်ဆုံးမှာ လင်မယားလမ်းခွဲလိုက်တယ်။

ဒီတော့ သပြေ့အမေမှာ သမီးလည်း အပျိုပြန်မဖြစ် ၊ စုဆောင်းငွေတွေလည်းဆုံး ၊ အရှက်လဲရပေါ့။ ဒါဟာ ကျွန်မသူငယ်ချင်းရဲ့ တကယ့်ဖြစ်ရပ်ပါ။

ဒါကြောင့်မို့ မိမိသားသမီး ကောင်းစားစေချင်လို့ဆိုတဲ့ စကားရဲ့နောက်မှာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ပါ့မလားလို့လည်း ထည့်တွေးရမှာဖြစ်ပါတယ်။ ကံဆိုတာ ကြိုမမြင်နိုင်သလို အနာဂါတ်ဆိုတာလည်း ကိုယ်အကွက်ချစီမံတိုင်း ဖြစ်ချင်မှဖြစ်လာတာပါ။

သူ့ဘာသာသူ ချစ်ကြိုက်လို့ နှစ်ဦးသဘောတူ ယူသွားပြီး ကောင်းရင်စံ ၊ မကောင်းခံရခဲ့ရင်တောင် ကိုယ်က ဒီလောက်ရင်နာမှာမဟုတ်။ ကိုယ်ကောင်းစေချင်လို့ စီမံပေးလိုက်တဲ့ အိမ်ထောင်ရေးကြောင့် ကိုယ့်သားသမီးရဲ့ ဘဝမှာ အစွန်းအထင်းဖြစ်သွားမယ် ၊ ဘဝပျက်သွားခဲ့မယ်ဆိုရင် ကိုယ့်တသက် နောင်တရလို့ဆုံးမှာမဟုတ်ဘူးနော်။

သူများကို မျှော်ကိုးပြီးတက်ရတဲ့ အနာဂါတ်ဟာ မရေရာလှပါဘူး။ ဒါကြောင့်မို့လို့ ချမ်းသာတဲ့သူနဲ့ ပေးစားလိုက်သည့်တိုင် ချမ်းသာချင်မှ ချမ်းသာတာ။ ချမ်းသာမယ့်ကံရှိသူဟာ ချမ်းသာတဲ့သူမယူလဲ သူ့ကံနဲ့သူ ၊ သူ့ကြိုးစားမှုနဲ့သူ ချမ်းသာလာတာပါပဲ။

သူများချမ်းသာတာ ၊ ဂုဏ်ရှိတာဟာ သူတို့အကြောင်းသာဖြစ်ပြီး ကိုယ်ပါသူတို့နဲ့ ပေါင်းစပ်လိုက်လို့ ဂုဏ်ရှိသွားမယ်ထင်တဲ့သူတွေဟာ စိန်နားကပ်ရောင်နဲ့ ပါးပြောင်ချင်သူတွေပဲဖြစ်ပါတယ်။ နားကပ်ချွတ်လိုက်ရင် ပါးပြောင်နိုင်ပါတော့မလားနော်။

ရတု (Burmesehearts.com)

You might also like