Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မချစ်လို့ ပစ်သွားတာ ဝမ်းနည်းစရာလား – BurmeseHearts

မချစ်လို့ ပစ်သွားတာ ဝမ်းနည်းစရာလား

0

ကျန်ရစ်သူမှာ ဒဏ်ရာတွေနဲ့။ ကံကောင်းခြင်းလက်ဆောင်လည်း ဖြစ်နိုင်တယ်။
ကျန်ရစ်သူမှာ ဒဏ်ရာတွေနဲ့။ ကံကောင်းခြင်းလက်ဆောင်လည်း ဖြစ်နိုင်တယ်။

အမျိုးသမီးဖြစ်ဖြစ် ၊ အမျိုးသားဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူက ပစ်ခွါသွားရင် ၊ ကျောခိုင်းသွားရင် ၊ လမ်းခွဲသွားရင် ဝမ်းနည်းပက်လက် အသည်းကွဲဝေဒနာကို အနည်းနဲ့အများခံစားရတော့တာပဲ။

ဒဏ်ရာတွေထဲမှာ အသည်းကွဲတဲ့ ဒဏ်ရာက အဆိုးဆုံးပဲ။ အချိန်က ကုစားပေးသွားမယ်ဆိုပေမယ့် အဲဒီအချိန်မတိုင်မီ ခံစားနေရတာကိုက တော်တော်ဆိုးတာပါ။ ဘဝဟာ အဓိပ္ပါယ်မရှိတော့ဘူးလို့ ခံစားရတယ်။ အချိန်တိုင်းမှာ ဝမ်းနည်းကြေကွဲ သတိရစိတ်တွေနဲ့ နေမပျော်တော့ဘူး။ ကိုယ်တကယ်ချစ်ရင် ချစ်သလောက် အဲဒီဒဏ်ရာကျက်ဖို့ အချိန်ယူရပါတယ်။

ကိုယ့်ချစ်သူ ပစ်သွားမှန်းသိပေမယ့်လည်း ချစ်တဲ့စိတ်ကြောင့် ဝမ်းနည်းရတာပဲ။ နောက်တစ်ယောက်အနားမှာ သူရှိနေမယ်လို့ သိပေမယ့်လည်း ဝမ်းနည်းကြေကွဲမှုတွေကိုတော့ ချေဖျက်လို့မရဘူး။ အရင်လို စိတ်တွေ ပြန်ထူထူထောင်ထောင်ဖြစ်ဖို့ဆိုတာ အသည်းကွဲတဲ့ အတွေ့အကြုံမရှိသေးတဲ့သူတွေအဖို့ တော်တော်ဆိုးတယ်။ အတွေ့အကြုံရှိလည်း နှစ်ခါပြန်ကွဲတဲ့အသဲတို့ ၊ အခါခါကွဲတဲ့အသဲတို့လည်း ရှိတတ်သေးတယ်။

အသည်းကွဲတော့စိတ်လေတယ်။ စိတ်လေနေတဲ့အတွက်ကြောင့်မို့လို့ အချိန်ကုန်ပါတယ်။ အထင်မှားလို့ လမ်းခွဲသွားတာဆိုရင် အချိန်မလွန်ခင် ကိုယ့်ဘက်က မမှားကြောင်း မျက်နှာချင်းဆိုင် ရှင်းပြနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ရှင်းပြလျက်မှ သူကလက်မခံဘဲ လမ်းခွဲဖို့ပဲ ရွေးချယ်တာတော့ သူကိုယ်တိုင်က လမ်းခွဲချင်လို့ အကြောင်းရှာတယ်လို့ပဲ မှတ်ရုံပါ။ လမ်းခွဲချင်တဲ့သူက ကိုယ်ဘယ်လောက် သက်သေ သာဓကနဲ့ရှင်းရှင်း လမ်းခွဲမှာပဲလေ။

နောက်တစ်ယောက်ရှိလို့ ၊ ကိုယ့်ထက်သာတာတွေ့လို့ ၊ မိဘပေးစားသူယူလို့ ဘာကြောင့်ပဲဖြစ်ဖြစ် ချစ်တုန်းက နှစ်ဦးသဘောတူချစ်ခဲ့ပြီး လမ်းခွဲချိန်ကျတော့ နှစ်ယောက်သဘောမတူဘဲ လမ်းခွဲရတာလောက် ခံစားရတာ မရှိဘူးပေါ့။ ကိုယ့်ကို မချစ်တော့တဲ့သူကို တမ်းတချစ်နေရတာလောက် အောက်ကျနောက်ကျနိုင်ပြီး အချိန်ကုန်တာ မရှိပါဘူး။

ကိုယ်ဒီလို စိတ်ဓါတ်တွေ စုတ်ပြတ်သတ်ပြီး ကျန်နေရစ်ခဲ့တာ သူမြင်ရ ၊ ကြားရလို့ ကိုယ့်သနားပြီး ကိုယ့်ဘက်ပြန်လှည့်လာမလားတွေးရင် ရှုံးသထက်ရှုံးဖို့ပဲရှိတာပါ။ ဘာတွေရှုံးမလဲ တွေးကြည့်ရအောင်နော်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ပေါ့။

BurmeseHearts Blog

သူပစ်သွားမှာ ကိုယ်မခံစားနိုင်ဘူးလို့ သူသိသွားတဲ့အခါ သူဟာ ကိုယ့်အားနည်းချက်ကို သိသွားတဲ့သူပါ။ ကိုယ်နဲ့လက်ထပ်ပေါင်းသင်းပြီးသွားတဲ့တိုင် စိတ်အခန့်မသင့်တဲ့အချိန်တိုင်း သူဟာ ကိုယ့်ကို (ခဏပဲဖြစ်ဖြစ်) ချန်ထွက်သွားဖို့ တွန့်ဆုတ်နေမှာ မဟုတ်တော့ဘူး။ ဖြစ်နေတဲ့ကိစ္စကို ပြေလည်အောင်မဖြေရှင်းဘဲ အနိုင်ယူထွက်သွားတာလောက် ခံရခက်တာ ဘာရှိဦးမလဲ။

သမီးရည်းစားတုန်းကတောင် နောက်တစ်ယောက်ထားပြီး ပွေရှုပ်နေရင် အိမ်ထောင်သက်ကြာလာလို့ ကိုယ့်ကိုရိုးအီသွားတဲ့အခါမှာ ဘယ်လိုများရှိမှာလဲ။ ဆိုးနိုင်ချေရှိနေတဲ့ မရေရာတဲ့အနာဂါတ်ကို ကိုယ့်ဘဝနဲ့လောင်းကြေးထပ်ပြီး ကံမစမ်းချင်ပါနဲ့။

သမီးရည်းစားတုန်းကတောင် သူပစ်သွားမှာ ကြောက်နေရရင် လက်ထပ်ပြီးတဲ့နောက် သားသမီးမျက်နှာ ၊ အသိုင်းအဝန်းမျက်နှာ ၊ လူ့ပတ်ဝန်းကျင်က စူးစမ်းတဲ့မျက်လုံးတွေကို ထည့်စဉ်းစားမိတဲ့အခါ မဖြစ်လို့ ဆက်ပေါင်းသင်းနေရတဲ့ အဲဒီအိမ်ထောင်ရေးက သာယာနိုင်ဦးမလား။ သူဟာ တသက်လုံး ကိုယ့်ကို အပေါ်စီးကနေ အနိုင်ယူသွားတော့မှာပါ။ မခံစားနိုင်တော့တဲ့အခါ လမ်းခွဲရုံပဲရှိတာပါ။ ဒီတော့ တလင်ကွာနဲ့ ရည်းစားကွဲ ဘယ်ဟာရွေးမလဲနော်။

အကြောင်းအမျိုးမျိုးပြပြီး ကိုယ့်ပစ်သွားတဲ့သူနဲ့ လမ်းခွဲရတာလောက် ကိုယ့်ဘဝမှာ ကံကောင်းတာ မရှိတော့ဘူးလို့ တွေးကြရအောင်လား။

မသေချာတဲ့အနာဂါတ်မှာ မပျော်ရွှင်တဲ့အိမ်ထောင်ရေး (တကယ်တော့ စိတ်ပျက်စရာ အိမ်ထောင်ရေး)ကို အကြောင်းကြောင်းကြောင့် သည်းခံပေါင်းနေရတဲ့ဒုက္ခ မရှိတော့ဘူး။

ကိုယ့်ကို တကယ်ချစ် ၊ ကြင်နာပြီး တန်ဖိုးထား ပေါင်းသင်းနိုင်တဲ့သူကိုတွေ့ပြီး လက်ထပ်ခွင့်ရဖို့ အခွင့်အရေးရှိသေးတယ်။

အများတကာ အားကျငေးမောရတဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာကို ရရှိနိုင်ဖို့ အခွင့်အရေးရှိသေးတယ်။

သူကပစ်ခွါ လမ်းခွဲသွားတဲ့အချိန်မှာ ငါကံကောင်းလှချည်လားလို့ အကောင်းဘက်ကတွေးပြီး ကိုယ့်အရည်အသွေးကို တိုးလို့မြှင့်တင်ရမှာပါ။

ငါဟာ ဘယ်လိုအရည်အချင်းရှိတဲ့သူဆိုတာ တနည်းတဖုံနဲ့သူသိအောင် တမင်ရွဲ့ပြီးလုပ်ပြ ၊ သူ့ထက်သာတဲ့သူကို တမင်ရွဲ့ပြီး တွဲပြတာတွေဟာ စိတ်ပင်ပန်းလှပါတယ်။ ရင်ထဲကမလာတဲ့ ဟန်ဆောင်မှုတွေကို ကြာကြာမလုပ်နိုင်တော့ အများရှေ့ ဟန်ဆောင်လုပ်နေရတာကိုက စိတ်တော်တော်ပင်ပန်းတယ် မဟုတ်လား။ ဖြစ်သင့်တာက အသည်းကွဲနေတဲ့အချိန်မှာ ကိုယ့်ဘဝကိုယ် မြင့်သထက် မြင့်အောင် မြှင့်တင်ရမှာပါ။

အရည်အချင်းရှိတဲ့ငါ့ကို နင့်ထက်စာရိတ္တကောင်းတဲ့ ငါ့ခင်ပွန်းက ဘယ်လိုကြင်နာပြီး ငါတို့အိမ်ထောင်ရေး ဘယ်လိုသာယာနေတယ်ဆိုတာကို လမ်းကြုံတဲ့အခါ ဂုဏ်ယူဝံ့ကြွားစွာနဲ့ နှုတ်ဆက်ပြုံးပြနိုင်တဲ့အဆင့်ရှိဖို့ ကြိုးစားရမှာပါ။

သူနောင်တရတာ ၊ မရတာကို ကိုယ်တွေးနေဖို့ မလိုတော့ဘူး။ ကိုယ့်ဘဝကို ၊ ကိုယ့်အိမ်ထောင်ရေးကို ပျော်ရွှင်ကျေနပ်နေဖို့ပဲလိုတာပါ။ အသည်းကွဲဒဏ်ရာကို အချိန်က ကုစားသွားမယ်ဆိုတာ မှန်ပေမယ့် ဒီလိုကုစားသွားမယ့်အချိန်တွေကို တန်ဖိုးရှိရှိအသုံးချသွားတဲ့အခါမှာ ကိုယ်ရည်မှန်းထားတဲ့ အခြေအနေကိုလဲရ ၊ ဒဏ်ရာတွေလည်း သက်သာ ပျောက်ကင်းသွားမှာပါ။ မချစ်လို့ ပစ်သွားတာ ဝမ်းနည်းစရာလားနော်။ တကယ်ဆို ကိုယ်ကံကောင်းဖို့ ဖြစ်လာတယ်လို့ပဲမှတ်ရမှာပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like