Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဒီလိုဆိုမကောင်းဘူးလား – BurmeseHearts

ဒီလိုဆိုမကောင်းဘူးလား

0

လျှာတစ်ခုဟာ အရသာအစုံကိုခံစားနိုင်သလို ခံစားမှုအစုံကိုလဲ ပေးနိုင်ပါတယ်။ ဒါကြောင့် နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေဆိုတဲ့ စကားပုံပေါ်လာတယ် ထင်ပါရဲ့။ ဒီလျှာဖျားကထွက်တဲ့ နှုတ်စကားကြောင့် မိမိကို ချစ်ခင်သူတွေများလာတယ်။ မုန်းသူတွေလဲများလာတတ်တယ်။ ကူညီသူတွေများလာတတ်သလို ရန်လိုသူတွေလဲများလာတတ်ပါတယ်။ နှုတ်စကားကြောင့် ကြားရသူတွေကို စကားရဲ့ အနက်အဓိပ္ပါယ် အတိုင်းအတာပေါ်မူတည်ပြီး ချစ်သူ၊ မုန်းသူ၊ လိုသူ၊ မလိုသူ ကွဲပြားလာတတ်ပါတယ်။

တစ်ခါတစ်လေကိုယ်က ဒီလိုမရည်ရွယ်ပေမယ့် ဒီလိုဆိုဖြစ်ခဲ့လို့ မပြီးနိုင်တဲ့ရှင်းလင်းချက်တွေနဲ့ ရန်ငြှိုးတွေဖွဲ့၊ အာဃာတတွေဖြစ်ပြီး စိတ်မချမ်းမြေ့စရာတွေကြုံကြရတယ်။ ဒါကြောင့်လဲ ကြမ်းကျွံရင် နှုတ်လို့ရတယ်။ စကားကျွံရင်နှုတ်လို့မရဘူးဆိုတဲ့ ဆိုရိုးလဲ ပေါ်ပေါက်လာတာ ဖြစ်နိုင်ပါတယ်။

ချိုသာတဲ့စကားပြောရင် ပီတိဖြစ်တယ်။ မမှန်စေဦးတော့။ ကိုယ့်အကြောင်း တော်ကြောင်း၊လှကြောင်း စသဖြင့် ချီးမွမ်းရင် ပီတိဖြစ်တယ်။ ညံ့ကြောင်း၊ ရုပ်ဆိုးကြောင်းကြားရင်ဖြင့် ဒေါသထွက်တတ်ကြတယ်။

ကျွန်မလွယ်လွယ်တွေးမိသလောက်ကို ပြန်ပြောပြရရင်  စကားအမျိုးအစား(၄)မျိုး ရှိပါတယ်။

၁။    မိမိအကျိုးရှိပြီး သူတပါးအကျိုးမရှိသောစကား

၂။    သူတပါးအကျိုးရှိပြီး မိမိအကျိုးမရှိသောစကား

၃။    မိမိကော၊ သူတပါးကော အကျိုးမရှိသောစကား

၎။    မိမိကော၊ သူတပါးကော အကျိုးရှိသောစကား

 

မိမိကို မုန်းတဲ့သူအရေအတွက်၊ မိမိနှင့် မတည့်သည့်သူအရေအတွက်များနေလျှင် မိမိက နံပါတ်(၁)နှင့်(၃)ကို အမြဲလို ပြောနေမိလို့ ဖြစ်ပေလိမ့်မည်။ မိမိဘာသာ ပြန်သုံးသပ်၍ ဆင်ခြင်မိပါက ထိုသို့ပြောခြင်းကို ရှောင်ရှားခြင်းဖြင့် မုန်းတဲ့သူနည်းလာလိမ့်မည်။

မိမိကို ချစ်သူခင်သူများပါက မိမိသည် နံပါတ်(၂)နှင့် (၄)တို့ကို ပြောနေဖြစ်သောကြောင့် မိမိကိုယုံကြည်လေးစားသူ ပိုများခြင်းဖြစ်ကြောင်း ဆန်းစစ်မိကာ ထိုစကားကိုဆောင်ထားဖို့ မမေ့တော့ပေ။

ကျွန်မတို့ အများစု ပြောနေမိသော စကားများမှာ နံပါတ်(၁)၊ (၃) နှင့် (၄)တို့ ဖြစ်သည်။ နံပါတ်(၂)ကို တမင်ရည်ရွယ် ပြောဆိုလုပ်ကိုင်မည့်သူရှားပြီး နံပါတ်(၁)ကို တမင်ရည်ရွယ် ပြောဆိုလုပ်ကိုင်နေသူများသည်။ မျှတသူများက နံပါတ်(၄)ကို ပြောကြပြီး အရည်မရ၊ အဖတ်မရစကားဆိုတာ နံပါတ်(၃)ကို ပြောခြင်းဖြစ်သည်။

သူမကောင်းတာ လုပ်တာမှန်တယ်။ သူမကောင်းတာလုပ်မှန်းလဲ လူတိုင်းသိတယ်။ ဒါပေမယ့် မကောင်းတာလုပ်တဲ့သူတစ်ယောက်ကို မင်းမကောင်းတာလုပ်နေတယ်လို့ တိုက်ရိုက်ကြီးသွားပြောရင် အသာတကြည်လက်ခံသူ၊ လက်ဆွဲနှုတ်ဆက်ပြီး အမှားထောက်ပြလို့ ကျေးဇူတင်သူ၊ ချက်ချင်းပြုပြင် ပြောင်းလဲလိုက်သူမျိုးဆိုတာ အတော်ရှားသည်။

မကောင်းတဲ့သူကို မကောင်းဘူးဟုသွားပြောလျှင် အများဆုံးကြားရသည့်စကားက မင်းကောဘယ်လောက်ကောင်းလို့လဲ။ ကိုယ့်ဘာသာကောင်းအောင်နေ စသဖြင့် အငေါ်တူးစကားတွေက ပိုများသည်။ ဒါဘာကြောင့်လဲဆိုလျှင် မကောင်းသူကို မကောင်းဘူးဟု တိုက်ရိုက်သွားပြောပါက မှန်နေပေမယ့် သူ့နားထဲကန့်လန့်ဝင်သွားပြီး သူ့စိတ်ထဲသွားစူးနေသဖြင့် နာလိုခံခက်ဖြစ်စေသည်။

ဆရာ တပည့်၊ မိဘနှင့်သားသမီး၊ မောင်နှမ၊ ညီအစ်မ၊ ဆွေမျိုး၊ သူငယ်ချင်း၊ လင်မယား၊ သမီးရည်းစား၊ တစိမ်း ဘယ်လို ပတ်သက်နေပစေ။ ဘယ်လိုအဆင့်မြင့်သူက ဘယ်လိုအဆင့်နိမ့်သူကို ပြောပြော၊ ဘယ်လိုပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်ကိုပြောပြော မှန်နေလဲ လက်ခံနားထောင်ချင်သူက ရှားပါသည်။ ပြောလွန်းပါက အရွဲ့တိုက်ရင်းဖြင့် မှားတဲ့ဘက်ကို ပိုပိုရောက်သွားတတ်သည်။ ထို့ကြောင့် ပြောတတ်ဖို့လိုပါသည်။

မှားတဲ့သူတစ်ဦးကို မှားတယ်လို့တိုက်ရိုက်မပြောဘဲ ဒီလိုလုပ်ရင်ပိုမှန်မလားလို့ သူ့မေးကြည့်သင့် မေးရင်းဖြင့် သူ့သဘောထားကို ဦးစားပေးလိုက်လျှင် ခုနက မှားတယ်ဟု တိုက်ရိုက်ပြောလိုက်တာထက်စာရင် ကိုယ့်အကြံဥာဏ်ကို ပိုနားထောင်လိုစိတ် ရှိလာမည်။ (ဒါက သဘောထားသိပ်မခက်ထန်သူ၊ အမှားကိုစလုပ်မိရင်း အမှန်ပြင်ဖို့လဲ အာသီသရှိသေးသူအတွက်ပါ။)

သူဒီလိုလုပ်လိုက်၊ ပြောလိုက်လို့ တပါးသူဘယ်လိုခံစားသွားရတယ်။ ဘယ်လိုဖြစ်သွားတယ်ဆိုတာ သက်သေ သာဓကတွေနဲ့ ပြောပြီး သူသာဒီလိုမလုပ်ခဲ့ရင်၊ မပြောခဲ့ရင်ဆိုတဲ့အသိ သူ့ဆီရောက်အောင်ထည့်ပေးရမှာပါ။ (ဒါက သဘောထားခက်ထန်ပေမယ့် သူများစကားကို နားထောင်နိုင်သေးသူ၊ စကားဝိုင်းက ကျောခိုင်းလှည့်ထွက်မသွားသူမျိုးအတွက်ပါ။)

သူများဘာပြောပြော နားပိတ်ထားပြီး ပြောခွင့်လဲမပေး၊ ဆွေးနွေးခွင့်လဲမပေးတဲ့သူမျိုးတွေကိုတော့ သူပြောချင်ရာသာ ပြောခွင့်ပေးထားလိုက်ပါ။ ဖက်ပြိုင်မပြောနေပါနဲ့။ သူတစ်ယောက်တည်း ပြောခွင့်ပေးထားလိုက်ခြင်းဖြင့် သူတစ်ယောက်တည်းပြောနေရပါလား၊ ထောက်ခံသူ၊ ရှုံ့ချသူမရှိပါလား လို့ သိလာတဲ့အချိန်မှာ ခဏတော့တိတ်သွားပါလိမ့်မယ်။ သင့်ကိုသူပြောတာဟုတ်မဟုတ်၊ သဘောတူမတူ မေးခွန်းမေးပြီး သင့်နှုတ်ဖွင့်အောင် ပြောလာပါလိမ့်မယ်။ သူ့ကိုသာ ဆက်ပြောခိုင်းပါ။ ဘယ်လောက်တစ်ယောက်တည်း ပြောနိုင်မလဲ၊ ဘယ်လောက်တစ်ယောက်တည်း လုပ်နိုင်မလဲ သည်းခံလိုက်ပါ။(ဒါအခက်ဆုံးအလုပ်ပဲ။) ဒါပေမယ့် ဒီနည်းကလွဲပြီး သူနဲ့ဆက်ဆံရေးအဆင်ပြေမယ့်နည်း၊ သူ့ယုံကြည်ချက်ကို သူ့ဘာသာမှန် မမှန် သံသယဖြစ်အောင်လုပ်တဲ့နည်း မရှိသလောက်ရှားလို့ပါ။ သူများဘာပြောပြော လက်မခံတဲ့သူတစ်ယောက်ဟာ သူကိုယ်တိုင်က ဒါမှားနေသလားဆိုတဲ့အတွေး  မ၀င်လာသရွေ့ သူများကို ပြောခွင့်၊ အကြံပြုခွင့် မပေးပါဘူး။ ဒီလိုအမှားလုပ်နေတဲ့သူကို သူ့အမှားကိုလဲ မရှုံ့ချ၊ သူလုပ်နေတာကိုလဲ မထောက်ခံတဲ့သူအရေအတွက် များသထက်များအောင်၊ သူ့ကိုယ်သူတစ်ယောက်တည်းတစ်ဘက် ဖြစ်နေပါလားလို့ ခံစားရအောင် ဖယ်ထားလိုက်ခြင်းက သူများတွေ အနာအသက်သာဆုံးနဲ့ အလွယ်ဆုံးနည်းဖြစ်နေပါတယ်။ သူကိုယ်တိုင်က တစ်ယောက်တည်း ပြောနေရ၊ လုပ်နေရတာကို ငြီးငွေ့လာတဲ့တစ်နေ့ သင်ပြောခွင့်၊ ရှင်းပြခွင့်၊ အကြံပေးခွင့် ရလာမှာပါ။ အဲဒီလို သင်ပြောခွင့်၊ ရှင်းပြခွင့်၊ အကြံပေးခွင့်ရလာချိန်မှာ အခွင့်အရေးကို ကောင်းကောင်းအသုံးချပါ။း နံပါတ်(၄) စကားမျိုးကို ဦးစားပေးပြောပြီး အကြောင်းအကျိုးတွေကို ထိထိမိမိ သက်သေ၊ သာဓကတွေနဲ့ပြောပါ။ ထိုသူနှင့် သင်တကယ်အဆင်ပြေလိုလျှင် အဲဒီအချိန်မှာ သူဟာ နံပတ်(၁)နှင့်(၃) စကားတွေချည်းပြောသူဟု မစွပ်စွဲမိပါစေနှင့်။

လျှာဖျားက ထွက်လာသောစကားဖြင့် အချင်းချင်းအမုန်းကင်းပြီး သူရော၊ ကိုယ်ရော အကျိုး ဆထက်တပိုးတိုးတက် ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း …….

အမှုန် (Burmesehearts.com)

You might also like