Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တူနှစ်ကိုယ်တိုင်းပြည် – BurmeseHearts

တူနှစ်ကိုယ်တိုင်းပြည်

0

မိမိချစ်သူနှင့် တူနှစ်ကိုယ်တိုင်းပြည် တည်ထောင်လိုကြသော အမျိုးသား ၊ အမျိုးသမီး ၊ ဇနီး ၊ ခင်ပွန်းတို့ဟာ စိတ်ကူးယဉ်အဆင့်မှာသာ ရှိသေး၍ လက်တွေ့ဘဝထဲ ဘယ်လိုပြုမူ နေထိုင်သွားရမယ်ဆိုတာကို မသိကြသေးသူများလို့ ကျွန်မဆိုချင်ပါတယ်။

ဝတ္ထုတွေ ၊ သီချင်းတွေ ၊ ကဗျာတွေ ၊ ရုပ်ရှင်တွေထဲမှာသာရှိတဲ့ တူနှစ်ကိုယ်တိုင်းပြည်ဆိုတာဟာ လက်တွေ့မှာတော့ စိတ်ကူးယဉ်သက်သက်ပဲဖြစ်ပါတယ်။ ပိုပြီးရှင်းလင်းအောင် ပြောရရင် တူနှစ်ကိုယ်တိုင်းပြည် ထူထောင်တယ်ဆိုတာ အိပ်ယာထက်မှာပဲ ထူထောင်လို့ရတာပါ။ အခန်းအပြင် ထွက်လိုက်တာနဲ့ နှစ်ယောက်တည်းနေတဲ့ အိမ်ဖြစ်လင့်ကစား ပတ်ဝန်းကျင်ဆိုတာရှိတယ်။

လူမှန်ရင် လူမှုဝန်းကျင်ဆိုတာရှိတယ်။ မိတ်ဆွေအပေါင်းအသင်းဆိုတာရှိတယ်။ အသိုင်းအဝန်းဆိုတာရှိတယ်။ မိဘဆွေမျိုးရှိတယ်။ မောင်နှမသားချင်းဆိုတာလည်း ရှိနိုင်တယ်။ ဒီလူတွေကို ဘဝထဲက တသက်တာထုတ်ထားပြီး တူနှစ်ကိုယ်တိုင်းပြည် ထူထောင်မယ်ဆိုတာ စိတ်ကူးသက်သက် မဟုတ်လို့ ဘာများလဲနော်။

ဒီတော့ လူတောထဲဝင်ဆန့်နိုင်ဖို့ရာ ဒီလူတွေနဲ့ သဟဇာတဖြစ်ရမယ်။ ကိုယ့်လက်တွဲဖော်ဟာ ကိုယ့်အသိုင်းအဝန်း ၊ မိဘ ၊ မောင်နှမသားချင်း ၊ ဆွေမျိုးညာတိ ၊ နောက်ဆုံး ပတ်ဝန်းကျင်နဲ့လည်း လိုက်လျောညီထွေ ပေါင်းသင်းတတ်ဖို့လိုတယ်။ ကိုယ့်ဘဝလက်တွဲဖော်က သူတို့တွေနဲ့ အဆင်ပြေပြေ ပါးနပ်စွာ မပေါင်းသင်းတတ်ရင် ဒီလူတွေနဲ့ လုံးဝကင်းကွာသွားလို့မရတဲ့ ကိုယ်က ပထမဆုံး စိတ်ဆင်းရဲရမှာပါ။

ပေါင်းသင်းဆက်ဆံရေးဟာ လူမှုဝန်းကျင်မှာ အတော့်ကို အရေးပါလှပါတယ်။ ပိုပြီးနားလည်အောင် ရှင်းရှင်းလင်းလင်း ပြောရရင် ကိုယ့်လက်တွဲဖော်နဲ့ကိုယ်ဟာ စိတ်အခန့်မသင့်လို့ လမ်းခွဲလိုက်ရင်ဖြင့် သူစိမ်းနှစ်ဦး ပေါင်းစည်းထားတာမို့ သူစိမ်းနှစ်ဦးပြန်ဖြစ်သွားမှာပါ။ သူ့မိဘ ၊ သူ့မောင်နှမ ၊ သူ့ဆွေမျိုး ဆက်စပ်မှုတွေကတော့ တသက်တာ ပြောင်းလဲမှုမရှိဘူးလေ။

ဒါကို ကောင်းကောင်းနားလည်သွားခဲ့ရင် ကိုယ့်လက်တွဲဖော်နဲ့ လက်တွဲနေသမျှ သူပတ်သက်နေတဲ့ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး အသိုင်းအဝန်း ၊ မိတ်ဆွေသူငယ်ချင်း ၊ ပတ်ဝန်းကျင် အသိုင်းအဝန်းကို လက်လျောညီထွေ ပတ်သက်ဆက်ဆံနေရမှာ ဖြစ်ပါတယ်။

BurmeseHearts Blog

ဒီလိုဆက်ဆံသွားတဲ့အခါ ကိုယ့်လက်တွဲဖော် မျက်နှာမငယ်အောင် ၊ ဂုဏ်တက်အောင် ၊ စိတ်ချမ်းသာအောင် အနည်းဆုံးတော့ စိတ်မဆင်းရဲအောင် ပေါင်းသင်းဆက်ဆံသွားနိုင်တဲ့ အရည်အချင်းလည်း ရှိရမှာဖြစ်ပါတယ်။ ဒါဟာ အမျိုးသားကော ၊ အမျိုးသမီးကော အိမ်ထောင်တစ်ခု မထူထောင်မီ ကြိုတင် ပြင်ဆင်တွေးတောထားရမယ့် အချက်ဖြစ်ပါတယ်။

သူ့ပဲချစ်တာ သူ့အသိုင်းအဝန်းတော့ ချဉ်တယ်။ ကြည့်မရဘူး။ မပတ်သက်ဘူးဆိုတဲ့ လူတွေရဲ့ အိမ်ထောင်ရေးဟာ ရာနှုန်းပြည့် မပျော်ရွှင်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူ့အသိုင်းအဝန်းနဲ့အဆင်မပြေမှုက ကိုယ့်အိမ်ထောင်ရေးမှာ ဝင်နှောက်တော့မှာမို့ဖြစ်တယ်။ ဒီအသိုင်းအဝန်းနဲ့ ကင်းပြတ်သွားလို့မရတဲ့ မိမိအိမ်ထောင်ဘက်နဲ့မိမိ လက်တွဲနေသမျှ ဒီအသိုင်းအဝန်းကိစ္စနဲ့ စကားများနိုင်တယ်။ ရန်ဖြစ်နိုင်တယ်။

အသွားအပြန်ရှိတဲ့ မေတ္တာတရားအရ ကိုယ်က သူတို့ကို မကြည်ဖြူရင် သူတို့ကလည်း ကိုယ့်ကို ကြည်ဖြူနိုင်ပါ့မလား။ ကိုယ်တိုင်က သူ့ဘက်ကိုယ့်ဘက် ၊ သူ့အသိုင်းအဝန်း ကိုယ့်အသိုင်းအဝန်း မကြည်ဖြူရင် ကိုယ့်မျိုးဆက်ကကော ဘယ်လိုသဘောထားမှာပါလိမ့် ။ အဲဒီအခါမှာ ဟိုဘက်အသိုင်းအဝန်းကလည်း သူ့သွေးသား ၊ ဒီဘက်အသိုင်းအဝန်းကလည်း သူ့သွေးသား မတည့်တဲ့အသိုင်းအဝန်းကြားက ကလေးဟာ ပြီးပြည့်ဝစွာ ပျော်ရွှင်မှု ရနိုင်ပါ့မလား။ ဒါလည်း စဉ်းစားရမှာဖြစ်တယ်။

အသိုင်းအဝန်းနှစ်ဘက် မတည့်တဲ့အခါ ကိုယ်တွေနှစ်ဦးကြား သွေးထိုးတော့မယ်။ တစ်ခါကနှစ်ခါ ၊ နှစ်ခါက အဖန်ဖန် သွေးထိုးပါများလာတဲ့အခါ အသိုင်းအဝန်းနဲ့ မပြတ်နိုင်တဲ့ကိုယ် ၊ အိမ်ထောင်ဘက်နဲ့ မပြတ်နိုင်တဲ့ကိုယ်က အရင်စိတ်ဆင်းရဲရမှာ မဟုတ်လား။ ဒီတော့ ဟိုဘက်အသိုင်းအဝန်း ၊ ဒီဘက်အသိုင်းအဝန်း ဒီနှစ်ဖက်လုံးကို မျှမျှတတ အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံနိုင်ရင် ပိုမကောင်းဘူးလား ။ ဒီလိုအိမ်ထောင်ဘက်မျိုးနဲ့ လက်တွဲရရင် ပိုစိတ်မချမ်းသာနိုင်ဘူးလားနော်။

တကယ်ဆို သူ့ကို လူတလုံးသူတလုံးဖြစ်အောင် ဒီအရွယ်အထိ ပြုစုစောင့်ရှောက်မှုပေးခဲ့လို့ ကိုယ်နဲ့သူတွေ့ဆုံခွင့် ရရှိခဲ့တာဖြစ်တယ်။ ဒီတော့ သူ့ရဲ့ မွေးကျေးဇူးရှင်တွေကို ၊ သူ့ကျွေးကျေးဇူးရှင်တွေကို ကျေးဇူးမတင်သင့်ဘူးလားနော်။ သူ့ရဲ့ မောင်နှမသားချင်း ၊ ဆွေမျိုးတွေကို အကြောင်းကြောင်းကြောင့် သဟဇာတ မဖြစ်သည့်တိုင် သူ့မိဘကို ကိုယ့်မိဘလို သဘောထားနိုင်ရင် အကောင်းဆုံးဖြစ်တယ်။

လက်တွေ့မှာ နှစ်ယောက်တည်းရပ်တည်လို့ရတဲ့ လူ့အသိုင်းအဝန်းဆိုတာ မပေါ်ပေါက်သေးပါဘူး။ တူနှစ်ကိုယ်တိုင်းပြည်ထူထောင်မယ်ချည်း ဇွတ်စိတ်ကူးနေရင်ဖြင့် စိတ်ကူးထဲမှာ နေရုံပဲရှိတာပါ။ ဆွေမျိုးမိဘနဲ့ဝေးတဲ့ တနယ်တကျေး ၊ တတိုင်း ၊ တပြည်မှာ နေထိုင်တဲ့သူတွေကို မဆိုလိုပါဘူး။ သူတို့တွေက ဝေးနေတော့ အတန်အသင့် အဆက်အသွယ်ဖြတ်ပြီး နေနိုင်တယ်လေ။ ဒါတောင်မှ သူတို့ရဲ့ မိတ်ဆွေအသိုင်းအဝန်း ၊ ပတ်ဝန်းကျင်ဆိုတာတော့ ဆက်ရှိနေဦးမှာပါ။

ရတု (Burmesehearts.com)

You might also like