Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၁) – BurmeseHearts

တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၁)

0

တစ်နှစ်အောက်အရွယ်ရှိ မိမိရဲ့ ကလေးဟာ အအေးမိမယ် ၊ ချောင်းဆိုးမယ် ၊ အခြား အပရိက နာဖျားတာတွေ ဖြစ်မယ်ဆိုရင် မစိုးရိမ်ပါနဲ့ ။ ကလေးရဲ့ ကိုယ်ခံအား တိုက်ဖျက်နိုင်စွမ်းတွေက ရောဂါပိုးတွေကို တိုက်ဖျက်ပေးမှာပါ။ ဒီလိုပဲ ကိုယ်ခံအားနဲ့ တိုက်ဖျက်ရင်းက ကလေးတွေဟာ ကိုယ်ခံအားကောင်းလာကြတာဖြစ်ပါတယ်။

အအေးမိခြင်း

အအေးမိတဲ့အခါမှာ နှာပိတ်တာ ၊ နှာရည်ယိုတာ ၊ မျက်လုံးက ရီဝေဝေဖြစ်လို့ မျက်ရည်ဝေ့သလိုဖြစ်နေတာ ၊ နှာချေတာ ၊ ချောင်းဆိုးတာတွေ ဖြစ်လာနိုင်ပါတယ်။ နှာခေါင်းက စီးကျလာတဲ့ နှာရည်ဟာ ပထမပိုင်းမှာ အကြည်ရောင်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ပျစ်လာပြီး အဝါရောင်သမ်းသမ်းကနေ အစိမ်ရောင်ဘက် သမ်းလာပါမယ်။

ဒီလိုလက္ခဏာတွေနဲ့ အအေးမိနေတဲကလေးကို နို့စို့ကလေးဆိုရင် နို့များများ တိုက်ကျွေးရမှာဖြစ်ပြီး ခြောက်လအထက် အစာစားသောက်နိုင်တဲ့ ကလေးဆိုရင်တော့ နို့အပြင် ရေများများ တိုက်ကျွေးတာ ၊ ချောင်းမဆိုးဘူးဆိုရင် သစ်သီးဖျော်ရည်လည်း တိုက်ကျွေးနိုင်ပါတယ်။ ကလေးအာသီသရှိတဲ့အရည်ကို ဦးစားပေးတိုက်ကျွေးရမှာဖြစ်ပါတယ်။ ကလေးရဲ့ ကိုယ်ခန္ဓာအတွင်း ရေဓါတ်မခမ်းခြောက်အောင်ဖြစ်ပါတယ်။

ကလေးကို လူထူထပ်တဲ့ ဈေးလိုမျိုး အများသူငါရှိနေတဲ့ နေရာတွေကို မခေါ်သွားပါနဲ့။ နေမကောင်းတဲ့ အခြားသူတွေနဲ့လည်း နီးနီးကပ်ကပ် မနေခိုင်းပါနဲ့ ။ တခြားသူတွေဆီကနေ အအေးမိနေတဲ့ ကလေးဆီကို ရောဂါပိုးတွေ ကူးစက်လာမှာစိုးလို့ ဖြစ်ပါတယ်။

ကလေးအိပ်လို့မရတဲ့အထိ ဖြစ်တယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။ ဆရာဝန်က ကလေးအရွယ်အလိုက် သင့်တော်တဲ့ ဆေးပေးတဲ့အခါ နှာပိတ်လို့ ၊ နှာစီးလို့ ၊ အသက်ရှူရခက်တဲ့ ကလေးကို ခံစားနေရတာတွေသက်သာပြီး ကောင်းကောင်း အိပ်ပျော်လာမှာပါ။

 

ကိုယ်အပူချိန်မြင့်တက်ခြင်း

ကိုယ်အပူချိန် (၃၇)ဒီဂရီ စင်တီဂရိတ်ထက် ကျော်လာရင်တော့ အဖျားဝင်လာတယ် (ကိုယ်အပူချိန် မြင့်တက်လာတယ်)လို့ သတ်မှတ်နိုင်ပါတယ်။ ဒီလိုကိုယ်အပူချိန်မြင့်တက်လာတဲ့အတွက် ကလေးဟာ နေရထိုင်ရ မအီမသာရှိမှာပါ။ ဒါကြောင့်မို့ သူ့အားကိုးရာဖြစ်တဲ့ မိခင်ကိုပဲ ကပ်လို့ နေမှာပါ။

အဖျားဟာ ရောဂါတခုခုကြောင့်မှ မဟုတ်ရင် ရောဂါပိုးကူးစက်ခံရလို့ ဖြစ်ပါတယ်။ အဖျားအများစုဟာ ကိုယ်အပူချိန် (၃၈.၃)ဒီဂရီ စင်တီဂရိတ်ကနေ (၄၀)ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။ ပြီးတော့ (၃)ရက်ကနေ (၅)ရက်အထိ အဖျားတာရှည်နိုင်ပါတယ်။

တကယ်လို့များ ကိုယ့်ကလေးက (၃)လအောက်အရွယ်မှာ ဒီလိုဖျားနာနေတယ်ဆိုရင်ဖြင့် သူ့ရဲ့ကိုယ်ခံစွမ်းအားဟာ ရောဂါပိုးကို တိုက်ဖျက်နိုင်စွမ်း မရှိသေးတဲ့အတွက် ဆရာဝန်နဲ့ပြသပြီး အကြံဥာဏ်ယူရမှာဖြစ်ပါတယ်။
BurmeseHearts Blog

ချောင်းဆိုးခြင်း

ကလေးချောင်းဆိုးသံကြားတိုင်း တခုခုတော့ မှားနေပြီလို့ မထင်သင့်ပါဘူး။ ဒီအထင်ဟာ အမြဲမမှန်ကန်နိုင်ဘူးလေ။ ဒါဟာ ကလေးကိုယ်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကို ကလေးက ရှင်းလင်းနေတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုရှင်းလင်းရင်းနဲ့ ချွဲတွေ ၊ သလိပ်တွေလည်း ထွက်လာနိုင်သလို ဝင်လေ ၊ ထွက်လေတွေကြောင့်လည်း လည်ချောင်းယားယံတာမျိုး ဖြစ်လာနိုင်ပါတယ်။

ကလေးချောင်းဆိုးနေရင် နားနားနေနေဖြစ်ဖို့ကို ဦးစားပေးပါ။ နို့စို့အရွယ်ဆို နို့များများတိုက်ကျွေးတာ ခြောက်လအထက်ဆိုရင် နို့အပြင် ရေများများ တိုက်ကျွေးတာ ၊ သူကြိုက်တဲ့ အရည်ရွှမ်း သစ်သီးဝလံတွေ ကျွေးတာမျိုးလုပ်ပေးသင့်ပါတယ်။

တကယ်လို့များ ကလေးဟာ ချောင်းဆိုးရင်း အန်လာတာမျိုး ၊ ဒါမှမဟုတ် အသက်ရှူရာမှာ ခက်ခဲတဲ့လက္ခဏာတွေ့ရတာမျိုး ၊ ကိုယ်အပူချိန် အလွန်အမင်း မြင့်တက်နေတာမျိုးဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး အကြံဥာဏ်ရယူသင့်ပါတယ်။

 

အဆုတ်ပြွန်ငယ်များ ယောင်ရမ်းခြင်း

အဆုတ်ပြွန်ငယ်များ ယောင်ရမ်းခြင်းဟာ ကလေးအသက်ရှူရင်းကနေ အဆုတ်ဆီကို ရောဂါပိုးဝင်ရောက်လာခြင်းပါ။ ဒီလိုဖြစ်တဲ့အခါမှာ အသက်ရှူသံပြင်းနေပြီး အသက်ရှူထုတ်လိုက်တဲ့အခါမှာ အသံတစ်မျိုးကြားရမှာဖြစ်ပါတယ်။ ဒါဟာ အသက်ရှူရခက်ခဲမှုကိုလည်း ဖြစ်ပေါ်စေပါတယ်။

ဒီလက္ခဏာမျိုး ကလေးငယ် ခံစားနေပါက နို့စို့ကလေးဆိုရင် နို့များများ တိုက်ကျွေးရမှာဖြစ်ပြီး ခြောက်လအထက် အစာစားသောက်နိုင်တဲ့ ကလေးဆိုရင်တော့ နို့အပြင် ရေများများ တိုက်ကျွေးတာ ၊ အရည်ရွှမ်းတဲ့ အသီးအနှံကျွေးတာတွေ လုပ်နိုင်ပါတယ်။ နှာခေါင်းပိတ်နေရင်တော့ ကလေးဟာ နို့စို့ရခက်နေနိုင်ပါတယ်။

ဆေးလိပ်ငွေ့လိုမျိုး ၊ မီးခိုးငွေ့လိုမျိုး မီးခိုးထူထပ်တဲ့နေရာတွေကို ကလေးမရောက်ရှိနိုင်အောင် သတိထားပါ။ ဒီလိုမှမဟုတ်ရင် ကလေးဟာ ပိုအခြေအနေဆိုးလာနိုင်ပါတယ်။

ကလေးဟာ အားထုတ်ပြီးတော့ အသက်ရှူနေရတာမျိုး ၊ နုံးချိငိုက်မြည်းလို့ လေးလေးကန်ကန် ဖြစ်နေတာမျိုး ၊ နုံးခွေခွေလေးဖြစ်နေတာမျိုး ၊ အစားစားဖို့ ငြင်းဆိုတာမျိုး ဖြစ်နေပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး အကြံဥာဏ်ရယူသင့်ပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like