Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဇနီးကိုယ်ဝန်ဆောင်နေစဉ် အလိုအပ်ဆုံးအရာ – BurmeseHearts

ဇနီးကိုယ်ဝန်ဆောင်နေစဉ် အလိုအပ်ဆုံးအရာ

0

post
စာရေးသူကိုယ်ဝန်ဆောင်စဉ် ခင်ပွန်းနှင့် ရိုက်ထားသောပုံ

ကိုယ်ဝန်ဆောင်နေတဲ့ ဇနီးသည်ရဲ့ အလိုအပ်ဆုံးအရာဟာ ဘာလို့ထင်မလဲ။ ခင်ပွန်းသည်ရဲ့ အလိုက်တသိ ဖြည့်ဆည်းပေးမှု ၊ နားလည်ပေးမှု ၊ ဖေးမကူညီမှုတွေပါ။

ဗိုက်ထဲမှာ ကလေးလေး ဖွံ့ဖြိုးတိုးတက်နေတာနဲ့အမျှ မိခင်လောင်းရဲ့ ကိုယ်တွင်းက ဟော်မုန်းတွေကလည်း ပြောင်းလဲနေပါတယ်။ ဒီဟော်မုန်းအပြောင်းအလဲကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဟာ စိတ်မကြည်မသာဖြစ်နိုင်တယ်။ ယခင်ကနဲ့မတူဘဲ စိတ်ဆတ် ၊ စိတ်တိုနေနိုင်တယ်။ ဒါတွေကို နှစ်ဦးစလုံး နားမလည်တဲ့အခါ အဲဒီကနေ အိမ်ထောင်ရေးပဋိပက္ခအထိ ဖြစ်သွားနိုင်တယ်။

ကိုယ်ဝန်ဆောင်သည်ဇနီးရဲ့ စိတ်အခန့်မသင့်မှုတွေကို အပြစ်ယူပြီး တန်ပြန် ပြောဆိုတိုက်ခိုက်မယ်ဆိုရင်ဖြင့် ခင်ပွန်းကောင်း ဘယ်ဟုတ်တော့မလဲ။ မိမိရဲ့ ကိုယ်ဝန်ဆောင်သည် ဇနီးဟာ ယခင်နဲ့မတူဘဲ အပြစ်တွေရှာနေမယ်။ တွေ့တာနဲ့ ရန်ဖြစ်ဖို့ စကားပဲပြောနေမယ်ဆိုရင်ဖြင့် အလုပ်ကနေ ပင်ပင်ပန်းပန်းပြန်လာတဲ့ ၊ ခရီးကနေ ပင်ပင်ပန်းပန်းပြန်လာတဲ့ ခင်ပွန်းသည်အတွက်တော့ စိတ်မသက်သာစရာပါ။ ဒါပေမယ့် တန်ပြန်ပြောဆို စကားများလို့ ဇနီးမောင်နှံနှစ်ဦး ရန်ဖြစ်ဖို့ တာမဆူခင် မိမိဇနီးဟာ မိမိရင်သွေးကို လွယ်ထားပါလားလို့ တချက်လောက် ပြန်သတိရပေးပါ။

သူမရဲ့ ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှုကို ဝင်ခံစားနားလည်ပေးလို့တော့ မရဘူးလေ။ တနေ့တခြား အလေးချိန်တွေတိုးပြီး မသိမသာကနေ သိသိသာသာကြီးလာတဲ့ ဒီဗိုက်ကြီးနဲ့ နေထိုင် ၊ အိပ်စက် ၊ သွားလာနေရတဲ့ ဇနီးသည်ရဲ့ ဒုက္ခကိုလည်း ဝင်ခံစားနားလည်ပေးလို့ မရဘူးလေ။

ဒီတော့ အားတဲ့ရက်မှာ ခေါင်းအုန်းတစ်လုံးကို မိမိအင်္ကျီအောက် တနေကုန်ထည့်ပြီး နေထိုင်သွားလာကြည့်ပါ။ ကိုယ်တွင်းအပူချိန်နဲ့ ရာသီဥတုအပူချိန်ပေါင်းလိုက်တဲ့အခါ အဲဒီ အလေးချိန်မရှိတဲ့ ခေါင်းအုန်းကိုတောင် တနေကုန်ပတ် ၊ တညတာ အိပ်စက်မှု မပြုနိုင်ဘူးမဟုတ်လား။

ကိုယ်ဝန်ဆောင်ဇနီးကတော့ဖြင့် ဒီဗိုက်ကြီး မနိုင်ရင်ကယ်နဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလတလျောက် အိမ်စီးပွားရေးလည်း လုပ်ရမယ် ၊ အိမ်အလုပ်လည်း လုပ်ရမယ် ၊ အိမ်သန့်ရှင်းရေး ၊ စားသောက်ရေး စသဖြင့်ကိုလည်း အရင်လို လုပ်ရမယ်ဆိုရင်ဖြင့် ဘယ်လောက်ထိ ဒုက္ခကြီးလိုက်မလဲ။ အထက်ပါအလုပ်တွေကို ယခင်ကလို မလုပ်နိုင်တော့တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ကို နားလည်မှု မပေးသင့်ဘူးလား။

ကိုယ်ဝန်ဆောင်ဇနီးသည်က ယခင်ကလို ကိုယ့်ဘေးနားမှာ တီတီတာတာ မလုပ်နိုင်တော့ဘူးလေ။ သူ့မှာလည်း သူ့ဒုက္ခနဲ့ မပေါ့မပါးကြီးမဟုတ်လား။ ဒါကို ယခင်ကလို အိမ်ထောင်ရေးသာယာမှုမရှိလို့ အပြင်မှာ သာယာမှုထွက်ရှာတယ်ဆိုတာကော ဖြစ်သင့်သလား။

သူမကိုယ်တိုင် မြင်နိုင် ၊ သိနိုင် ၊ နားလည်နိုင်ခြင်းမရှိတဲ့ ကိုယ်တွင်းက ဟော်မုန်းပြောင်းလဲမှုတွေကြောင့်လည်း သူမဟာ စိတ်အနှောင့်အယှက်တွေဖြစ်မယ်။ စိတ်တိုတောင်းနေနိုင်တယ်။ စိတ်မသက်မသာ ရှိနိုင်တယ်။ ဒါကို ကိုယ်က သူမစိတ်အပြောင်းအလဲဖြစ်ပြီး စိတ်ရွှင်လာအောင် ဟာသတွေပြောပေး ၊ အနားမှာ အဖော်လုပ်ပေး ဖြစ်ရမယ့်အစား ငြူစူဒေါသထွက်မယ် ၊ ပြန်ရန်လိုမယ်ဆိုတာကကော ဖြစ်သင့်သလား။

တကယ်ဆို သူမဟာ ရုပ်ပိုင်းဆိုင်ရာတွေမှာသာ ပြောင်းလဲသွားတာမျိုးမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာမှာပါ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ပြောင်းလဲမှုတွေကို ကိုယ်တိုင်ခံစားနေရသူပါ။ ဒီတော့ သူမကို နားလည်ပေးဖို့လိုတယ်။ ဖေးမပေးဖို့လိုတယ်။

သူမဟာ ယခင်ကလို လှတပတပုံစံလေးမဟုတ်တော့ဘဲ မီးပုံပျံတစ်လုံးလို ဗိုက်ပူနံကား ပုံပျက် ၊ ပန်းပျက် ဖြစ်နေနိုင်ပေမယ့် သူမဟာ မိမိရင်သွေးလွယ်ထားလို့ ဒီပုံဖြစ်သွားတာပါ။ ဒါကိုနားလည်မှုပေးရမယ်။ အလှကြိုက်တဲ့ အိမ်သူသက်ထားအတွက် သူမကိုယ်တိုင် ဒီသွင်ပြင်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရင် ဖြောင်းဖြပြောဆိုရမယ်။

ကိုယ်ဝန်မရှိခင်က ကိုယ်အလေးချိန်လိုမဟုတ်ဘဲ ဝိတ်တက်လာတဲ့သူမ ကျန်းမာတဲ့အစားအစာတွေ စားဖြစ်အောင် ကိုယ်တိုင် အဖော်လုပ်ပြီး ကျွေးရမယ်။ မိခင်လောင်းကျန်းမာမှ ဗိုက်ထဲက ကလေးလည်း ကျန်းမာမှာလေ။

အိမ်အကူမရှိတဲ့ ဇနီးမောင်နှံတွေအတွက် ကိုယ်အားတဲ့အချိန်မှာ သူမလုပ်ရမယ့် အိမ်မှုကိစ္စတွေ ၊ ချက်ပြုတ်ဆေးကြောရေးတာဝန်တွေကို တပိုင်တနိုင်လုပ်ပေးသင့်ပါတယ်။

ကိုယ်က ဆေးလိပ်သောက်တတ်တဲ့သူဖြစ်နေရင် ဇနီးသည် ကိုယ်ဝန်ဆောင်နေတယ်လို့ သိကတည်းက သူမ ရှိတဲ့နေရာမှာ ဆေးလိပ်မသောက်သင့်တော့ဘူး။ အဲဒီဆေးလိပ်ငွေ့ကို ရှူရှိုက်မိရင် ဇနီးသည်လွယ်ထားတဲ့ ဗိုက်ထဲက မိမိရင်သွေးကို သွားထိခိုက်ပါတယ်။ မိမိသောက်လိုက်တဲ့ ဆေးလိပ်ငွေ့ကို ကိုယ်ဝန်ဆောင်ဇနီးသည် ရှူရှိုက်နေရာတာဟာ သူမကိုယ်တိုင် ဆေးလိပ်သောက်တာနဲ့ ထူးမခြားနားပါပဲ။ ဘာဖြစ်လို့လဲဆိုရင် သူမရှူလိုက်တဲ့ ဆေးလိပ်ငွေ့တွေဟာ သူမနှာခေါင်းကတဆင့် သူမကိုယ်တွင်း ရောက်ရှိသွားလို့ပါ။

ကျွန်မကိုယ်တိုင် ကိုယ်ဝန်ဆောင်ဖူးတဲ့အတွက် ကိုယ်ဝန်ဆောင်သည်ရဲ့ ခံစားမှုကို နားလည်ပါတယ်။ ကျွန်မတို့ ကိုယ်ဝန်ဆောင်သည် ဇနီးတွေဟာလေ ကိုယ့်ဗိုက်ထဲက ကလေးလှုပ်ရှားလို့ ဗိုက်ကလေး ဟိုဖု ၊ ဒီဖုဖြစ်လာရင် ယောက်ျားကို ပြေးသတိရတာပဲ။ ယောက်ျားကိုလည်း အဲလို ဟိုဖု ၊ ဒီဖု ခံစားမှုလေးကို မြင်စေချင်တယ်။ ဗိုက်ထဲက ကလေးကို ထိတွေ့စေချင်တယ်။ ဒီပီတိလေးကို အတူမျှဝေချင်တယ်။ ဒါဟာ တစ်ခါတည်းမဟုတ်ဘူးနော်။ ကလေးလှုပ်လို့ ဟိုဖု ၊ ဒီဖု ဖြစ်လာတိုင်း ယောက်ျားလက်ဆွဲပြီး ကိုယ့်ဗိုက်ပေါ် ထိကပ် ခံစားစေချင်တာ။

ဒီလိုအချိန်မျိုးမှာ ကိုယ့်ယောက်ျားက ကိုယ့်အနားမရှိဘူးဆိုရင် ၊ အနားရှိလည်း ဗိုက်ထဲက ကလေးကို စိတ်မဝင်စားဘူးဆိုရင် ၊ ကိုယ့်အိမ်မှာထားခဲ့ပြီး သူကျတော့ အပြင်မှာ ပျော်ပါးနေရင် ၊ သာယာမှုရှာနေရင် ၊ ဖောက်ပြားနေရင် ၊ မူးပြီး အိမ်ပြန်လာရင် ၊ အိမ်မှာရှိလည်း ကိုယ်နဲ့စကားများ ရန်ဖြစ်ဖို့ချည်း ရှိနေရင် ၊ ကိုယ့်ကို နားမလည်ရင် အရမ်းဝမ်းနည်းမိမှာပါ။

မွေးဖွားပြီးမှ လူ့သက်တမ်းစတယ်ထင်ရင် မှားမှာပေါ့။ သန္ဓေစဖြစ်တည်ပြီဆိုကတည်းက သူ့ရဲ့သက်တမ်းစတာပါပဲ။ သူ့သက်တမ်းစတဲ့အချိန်မှာ မိခင်လောင်းရဲ့ ခံစားမှု ၊ ပျော်ရွှင်မှုတွေဟာ မိခင်ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်စေတယ်ဆိုရင် ယုံမလား။ ယုံသင့်ပါတယ်။ မိခင်လောင်းတစ်ဦးရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုဟာ မိခင်တစ်ယောက်တည်းကိုသာ မဟုတ်ပါဘူး။ ဗိုက်ထဲက ကလေးနဲ့ ဒီကလေးရဲ့ ဖွံဖြိုးမှုမှာလည်း သက်ရောက်စေပါတယ်။

ဒီတော့ မိခင်လောင်းတစ်ဦးရဲ့ ပျော်ရွှင်မှုဟာ သူမဘေးနားမှာ အနီးကပ်ဆုံးရှိနေသင့်တဲ့ ဖခင်လောင်းအပေါ်မှာ အများကြီး မူတည်နေတယ်ဆို မှားမလားနော်။

ရတု (Burmesehearts.com)

 

 

 

You might also like

Leave A Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.