Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ချစ်တာနဲ့အမျှမုန်းတတ်တယ် – BurmeseHearts

ချစ်တာနဲ့အမျှမုန်းတတ်တယ်

1

လောကထဲ လုပ်ယူလို့မရတဲ့အရာတွေအများကြီးရှိပါတယ်။ ကုန်ဆုံးသွားတဲ့အချိန်တွေ ပြန်ယူလို့မရသလို နုပျိုမှုတွေကို အိုမင်းချိန်မှ ပြန်ရယူလိုလို့မရဘူး။ ဒီလိုလုပ်ယူလို့မရတဲ့ အရာတွေအများကြီးထဲမှာ အချစ်နဲ့အမုန်းလည်း ပါဝင်နေတယ်။ ချစ်စိတ်ဆိုတာ အတင်းလုပ်ယူချစ်ကြည့်လို့မရဘူး။ ခံစားချက်တွေကနေတဆင့် အချစ်ဟာ မွေးဖွားလာတာဖြစ်တဲ့အတွက် ခံစားချက်တွေ ပျော်ဝင်မနေဘဲ အချစ်ဖြစ်လာအောင် လုပ်ယူလို့မရဘူး။

ဘယ်လိုမှ ခံစားလို့မရတဲ့သူအပေါ် ချစ်ကြည့်ပါလား ၊ မရဘူးနော်။ လုံးဝမျက်နှာကြောမတည့်သူဆိုပေမယ့် တချိန်မှာ ချစ်ရင် ချစ်သွားတတ်သေးတယ်။ ဒါကြောင့် အချစ်နဲ့အမုန်းဟာ ကျောချင်းကပ်အနေအထားမှာ ရှိနေသလိုပဲ။ အချစ်ကနေ အမုန်းကို ကူးပြောင်းသွားသွားနိုင်သလို အမုန်းကနေ အချစ်ကိုလည်း ကူးပြောင်းသွားနိုင်တယ်။ ဒါပေမယ့် အချစ်နဲ့အမုန်းနှစ်ခုလုံးကို တမင်ဖြစ်အောင် လုပ်ယူလို့တော့မရဘူး။ နှစ်ခုစလုံးက ခံစားချက်တွေကနေ မြစ်ဖျားခံ ဆင်းသက်လာကြတာတွေပါ။ ခံစားချက်တွေမရှိဘဲ အချစ်နဲ့အမုန်းဆိုတာ ဖြစ်မလာပါဘူး။

တခါတလေမှာ ချစ်နေရင်းနဲ့ ဒီလိုချစ်ခဲ့တဲ့သူကို မုန်းသွားတတ်တယ်။ ဘာကြောင့်လဲဆိုရင် သူကိုယ့်ကိုပေးတဲ့ခံစားမှုတွေက အချစ်မှ အမုန်းဆီ ဦးတည်သွားစေခဲ့လို့ပါ။ ကိုယ်ကချစ်သလောက် ကိုယ့်အပေါ် တန်ဖိုးထားခြင်းမရှိလို့ သူ့ကို စိတ်ထဲကနေ နာကျင်ခံစားလာမယ်။ သူနဲ့ပတ်သက်သမျှ အသေးစိတ်ကလေးတွေကနေ ကိုယ်က ဂရုစိုက်ပေးသလောက် ကိုယ့်အပေါ် အလေးပေးဆက်ဆံတာမျိုးမရှိရင် ရင်ထဲက နာကျင်ခံစားလာရမယ်။ ကိုယ်ကသူ့ကို ပထမဦးစားပေးနေရာထားပေမယ့် သူကကိုယ့်ကို ချောင်ထိုးထားသလို ခံစားရမယ်ဆိုရင်လည်း ရင်နာလာတတ်တယ်။

ရင်နာစရာခံစားချက်တွေကို ထပ်ခါထပ်ခါ အဖန်ဖန် ခံစားနေရရင်း ဒီခံစားမှုတွေကို မခံစားနိုင်တော့တဲ့အဆုံးမှာ ကိုယ်အရမ်းချစ်တယ်ဆိုတဲ့သူကိုလည်း သိစိတ်ကဖြစ်ဖြစ် ၊ မသိစိတ်ကဖြစ်ဖြစ် မုန်းလာတတ်ပါတယ်။ ဒီကတဆင့် မခံချင်စိတ်တွေဖြစ်ပေါ်လာနိုင်တယ်။ မုန်းတီးစိတ်ကလေးလှစ်ခနဲ ပေါ်လာချိန်နဲ့ မခံချင်စိတ်တွေ အားကောင်းချိန်မှာ ကိုယ်နာကျင်ခံစားရတဲ့ သူ့အပြုအမူ ၊ အပြောအဆိုတွေ ကြုံလာရင်တော့ ကိုယ်ချစ်တဲ့သူအပေါ် စိတ်နာသွားပါတော့တယ်။

လူနှစ်ဦးမဆုံချင်တော့လောက်အောင် ကျောခိုင်းသွားစေတဲ့ ခိုင်မာသောအကြောင်းတရပ်ဟာ စိတ်နာကြည်းမှုဖြစ်ပါတယ်။ ပြတ်လို့မဖြစ်နိုင်ဘူး ၊ ငဲ့ညှာထောက်ထားစရာတွေရှိတယ်လို့ ဦးနှောက်က ဘယ်လောက်အသိပေးပေး ဒီလူအပေါ် စိတ်နာသွားပြီဆိုရင်တော့ အပြီးတိုင်ကျောခိုင်းသွားနိုင်ပါတယ်။ တကယ်စိတ်နာသွားခဲ့ပြီဆို ဒီလူ့ဘက် ခြေဦးပြန်မလှည့်တော့ဘူး။ ဒီလူရဲ့အနီးမှာ မရှိနေချင်တော့ဘူး။ ဒီလူရဲ့စကားသံနဲ့ ဟန်ပန်တွေဆိုတာကိုလည်း ခါးသည်းလာတယ်။ ဖြစ်နိုင်ရင် ဒီလူ့ကို မမြင်နိုင်တဲ့အရပ် ၊ မကြားနိုင်တဲ့နေရာ ၊ ပတ်သက်မှုမရှိတော့တဲ့ အနေအထားမှာပဲ ဆက်ရပ်တည်နိုင်ဖို့ ကြိုးစားတော့တယ်။ တကယ်စိတ်နာသွားတဲ့ လက်တွဲဖော်ကို ပြန်ငြှိလို့ရမှာမဟုတ်တော့ဘူး။

လူတစ်ဦးစိတ်နာသွားကာမှ မှားပါတယ် ၊ နောင်တရပါပြီ ၊ အသစ်ကစ ပြန်စကြရအောင်ပြောလည်း နောက်ကျသွားပါပြီ။ ရိုးရိုးစိတ်နာသွားရုံပဲ ခံစားရတဲ့သူတွေရှိသလို အရင်ကချစ်ခဲ့သူကို မုန်းသွားခဲ့တဲ့ သာဓကတွေလည်းရှိပါတယ်။ လူတွေဟာ ကိုယ်ပေးသလောက်ပြန်ရချင်တယ်။ ကိုယ်အကောင်းဆုံးပေးဆပ်နေရက်က ကိုယ့်စေတနာနဲ့မေတ္တာကို နည်းမျိုးစုံနဲ့ စော်ကားတာ ခံခဲ့ရမယ်ဆိုရင် ဒီလူကို ချစ်တဲ့ခံစားမှုကသပ်သပ် ၊ မုန်းတဲ့ခံစားမှုကသပ်သပ် ဖြစ်လာပါတယ်။

ဒီလူ့ကိုစိတ်နာပေမယ့်လည်း ချစ်တဲ့စိတ်ဖုံးနေတဲ့အချိန်မှာ  သူနဲ့ဝေးဝေးမနေနိုင်ဘူး။ သူ့ဒဏ်ကို ဆက်ခံဖို့ ၊ ဆက်သည်းခံခွင့်လွှတ်နိုင်ဖို့ ၊ သူနဲ့ကိုယ်မြဲနေဖို့ကို ဦးစားပေးတွေးတယ်။ မုန်းတဲ့ခံစားမှုဖုံးနေချိန်မှာ ဒီလူ့အနားကနေ အဝေးဆုံးထွက်ပြေးသွားလိုစိတ် ၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျောခိုင်းသွားလိုစိတ် ၊ သူ့ကိုလမ်းခွဲလိုက်ဖို့ ဦးစားပေးတွေးတယ်။

ချစ်တဲ့စိတ်နဲ့ မုန်းတဲ့စိတ်လွန်ဆွဲရင်း မပြတ်မသားဖြစ်နေချိန်တွေ ဘယ်လိုရှိနေပစေ ၊ စိတ်နာသွားတဲ့အခြေအနေမှာတော့ သွားလိုက်တော့လို့ လှည့်မကြည့်စတမ်း ကျောခိုင်းသွားမှာပါ။ အမြဲတမ်းချစ်သွားမယ်လို့ပြောတဲ့သူတွေလည်း တချိန် တယောက်ကိုတယောက် မကြည့်ချင်လောက်အောင် မုန်းသွားနိုင်တယ်။ မခွဲနိုင်ဘူး တတွတ်တွတ်ရွတ်ခဲ့သူတွေ မျက်နှာချင်းမဆိုင်ချင်တော့လောက်အောင် ခါးသည်းသွားနိုင်တယ်။ ဘဝအဆက်ဆက် ပေါင်းဖက်ရပါစေလို့ ဘုရားအဆူဆူမှာ ဆုပန်ခဲဖူးပေမယ့် ကိုယ့်ရဲ့ ကျန်နေသေးတဲ့သက်တမ်းမှာ ဒီလူနဲ့ပြန်မဆုံချင်တဲ့သူတွေရှိတယ်။ ရိုးမြေကျ ပေါင်းဖက်ရပါစေသားလို့ တိုင်တည်ရည်ရွယ်ထားခဲ့ပေမယ့် မအိုခင် ၊ မနာခင် လမ်းခွဲလိုက်တဲ့စုံတွဲတွေလည်းရှိတယ်။

အမျိုးသမီးမှ ဒီလိုခံစားတတ်ကြတာမျိုးမဟုတ်ဘဲ ခံစားချက်ရှိသူတိုင်း ၊ ချစ်တတ်သူတိုင်းဟာ ချစ်တာနဲ့အမျှ မုန်းတတ်ပါတယ်။ ကိုယ့်အမုန်းကို ကိုယ့်ဘာသာသိမ်းထားပြီး ဥပက္ခာပြုလိုက်တဲ့သူတွေရှိသလို သေတောင်မကြေနိုင်ဘူး ၊ ကမ္ဘာမကြေဘူးလို့ အငြှိုးထားသူတွေလည်းရှိတယ်။ အမုန်းကနေ အငြှိုးဖြစ်လာပြီဆိုရင်တော့ တဖက်လူမှာ အန္တရာယ်များတာပေါ့။ အငြှိုးကြီးရင်ကြီးသလောက် ဒုက္ခပေးတော့မှာလေ။

ချစ်သူကို ရန်သူတစ်ယောက်အဖြစ် အဆုံးမသတ်ချင်ဘူးဆိုရင် သူ့ခံစားချက်ကို ငဲ့ညှာပါ။ သူ့တန်ဖိုးကို နားလည်ပါ။ သူ့မေတ္တာကို တန်ဖိုးထားပါ။ ကိုယ်သဘောမတူတဲ့အရာတွေကို သူနဲ့ ကောင်းကောင်းမွန်မွန်ညှိနှိုင်းပြောဆိုကျင့် လုပ်ထားပါ။ ရေရှည်လက်တွဲသွားလိုရင် ကိုယ်တွေနှစ်ဦးအကြား နားလည်မှု အပြန်အလှန်တည်ဆောက်ပါ။ သစ္စာတရားလည်းမြဲမြံပါစေ ။ တာဝန်ဝတ္တရားလည်း ကျေပါစေ။ မေတ္တာတရားလည်း အမြဲလက်ကိုင်ထားပါလေ။ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကြပါစေ။

ရတု (Burmesehearts.com)

 

You might also like