Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးအတွက် မိတ်ဆက်အစာသစ် – BurmeseHearts

ကလေးအတွက် မိတ်ဆက်အစာသစ်

0

လတ်လတ်ဆတ်ဆတ် ချက် ၊ လတ်လတ်ဆတ်ဆတ် ကျွေး၊ ကလေးကျန်းမာရေး
လတ်လတ်ဆတ်ဆတ် ချက် ၊ လတ်လတ်ဆတ်ဆတ် ကျွေး၊ ကလေးကျန်းမာရေး

ကလေးအတွက် အစာသစ်ကို မိတ်ဆက်တော့မယ်ဆိုရင် အစာသစ်တစ်ခါကျွေးရင် နှစ်ရက်အချိန်ယူ ကျွေးရပါမယ်။ ပထမရက်မှာ လူကြီးမိဘမိတ်ဆက်တဲ့ အစာသစ်ကို သူက စိမ်းနေသေးတာမို့ စားဖို့ ငြင်းဆန်ကောင်း ငြင်းဆန်ပါလိမ့်မယ်။ စကားမပြောတတ်တဲ့ကလေးက ဘယ်လိုငြင်းဆန်တာမျိုးလဲဆိုရင် နှုတ်ခမ်းစေ့ထားတတ်တာမျိုး ၊ စားဖို့ မျက်နှာလွှဲတာမျိုး ၊ ငိုပြတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ မိတ်ဆက်တဲ့ အစာသစ်နဲ့ စိမ်းနေတာမို့ပါ။ စိုးရိမ်စရာမလိုပါဘူး။ အစာသစ်နဲ့ ရင်းနှီးကျွမ်းဝင်လာအောင် နှစ်ရက်ဆက်တိုက် လတ်လတ်ဆတ်ဆတ်ချက် ၊ လတ်လတ်ဆတ်ဆတ် ကျွေးတာမျိုးလုပ်ပါ။ (သူပျော်အောင် စနောက်လို့ ဖျော်ဖြေရေးတပိုင်းနဲ့ ကျွေးရမှာဖြစ်ပေမယ့် ဖိအားပေးပြီး အတင်းကျွေးတာမျိုးကို ရှောင်ပါ။)

ဥပမာ သူ့ကိုဒီနေ့ ကြက်ပြုတ်ရည်နဲ့ ထမင်းကို စမိတ်ဆက်လို့ မပျစ်တပျစ်လေး စခွံ့ပြီဆိုပါတော့။ အရသာကို ခံတွင်းတွေ့ရင် လိုလိုလာလား စားမှာဖြစ်ပေမယ့် အရသာ စိမ်းနေသေးရင် စားဖို့ငြင်းဆန်နိုင်ပါတယ်။ နောက်ပိုင်း မိတ်ဆက်စာတွေမှာလည်း ဒီအတိုင်းဖြစ်ပါတယ်။ ဒါဟာ ထမင်းဟင်းပဲဖြစ်ဖြစ် ၊ အသီးအနှံပဲဖြစ်ဖြစ်ပါ။ အစာသစ်ဟာ သူ့အတွက် အရသာသစ်ဖြစ်တာမို့ ဒီအရသာသစ်နဲ့ ကျင့်သားရလာအောင် တခါမိတ်ဆက်တိုင်း (စကျွေးတိုင်း) နှစ်ရက် မိတ်ဆက်ကျွေးပေးရမှာဖြစ်ပါတယ်။

မြန်မာကလေးငယ်မို့လို့ မြန်မာအစားအစာချည်းပဲ ကျွေးရမယ်လို့တော့ မဟုတ်သေးပါဘူး။ ကလေးဟာ လက်ရှိ ဘယ်အရပ်မှာ ရောက်ရှိနေထိုင်သလဲ။ ဒီဒေသအစာနဲ့ ကျင့်သားရအောင် လေ့ကျင့်ကျွေးရမှာဖြစ်ပါတယ်။ ဥပမာ ဥရောပ (သို့မဟုတ်) တောင်ပေါ်ဒေသ ရောက်ရှိနေတဲ့ကလေး ၊ နောင်မှာလည်း နှစ်နဲ့ချီ ဒီနေရာမှာ နေထိုင်ကြီးပြင်းရဦးမယ်ဆိုရင် ဒီဒေသအစာကို ဦးစားပေး မိတ်ဆက်ရမှာဖြစ်ပါတယ်။ မြန်မာမို့လို့ ၊ တိုင်းရင်းသားမို့လို့ ကိုယ့်အစာနဲ့ တကူးတက မိတ်ဆက်ပေးမယ်ဆိုရင် ကလေးဟာ လူကြီးမိတ်ဆက်တဲ့အစာတဲ့ ကျင့်သားရသွားမှာဖြစ်ပြီး တကယ်ကြီးပြင်းလာလို့ ဒီအရပ်ဒေသက လွယ်လွယ်ကူကူရနိုင်တဲ့ အစားအစာတွေကို မစားချင် ၊ မသောက်ချင်ဖြစ်နေရင် ရေရှည်မှာ မကောင်းဘူးပေါ့။ အစာစားသောက်ဖို့ ရွေးတတ် (ဂျီးများတတ်)တဲ့ ကလေးငယ်တွေဟာ ဒီကစဖြစ်လာတာပါ။ မိဘ (အထူးသဖြင့် မိခင်)က ကိုယ့်ဒုက္ခကိုယ်ရှာခဲ့သလိုမျိုး ဖြစ်နေမှာပါ။

BurmeseHearts Blog

ကိုယ်ရောက်ရှိနေထိုင်နေတဲ့ဒေသစာ ၊ ကလေးကြီးပြင်းနေထိုင်သွားရမယ့် ဒေသစာကို ဦးစားပေး မိတ်ဆက်ပါ။ ဒါတွေနဲ့ ကျင့်သားရသွားပြီဆိုပါမှ ကိုယ်မိတ်ဆက်ချင်တဲ့ ကိုယ့်လူမျိုး အစားအသောက်ကိုလည်း မိတ်ဆက်နိုင်ပါတယ်။ နောင်မှာ ကလေးဟာ အထူးသဖြင့် မိခင်စားတာကို လိုက်အရသာခံစားကြည့်ရင်းနဲ့ သူကြိုက်တာဆို စားလာမှာဖြစ်ပြီး သူမကြိုက်တာဆိုရင် မစားဘဲနေမှာပါ။ သူ့အကြိုက် ၊ ကိုယ့်အကြိုက် မတူနိုင်တာလည်း သတိထားပေးပေါ့။ ကိုယ်ဒီအစားအစာကြိုက်လို့ သူ့ကို ဒါချည်း ကျွေးရမယ်ဆိုတာတော့ မဟုတ်သေးဘူးလေ။

ကလေးမိတ်ဆက်စာဆိုပြီး ပြည်တွင်းက သို့မဟုတ် နိုင်ငံခြားက တကူးတကဝင်လာတဲ့ ဈေးကြီးတဲ့အစာတွေ (အဆင်သင့်စား ဗူးကလေးတွေ)လည်း ရှိပါတယ်။ ဥပမာ ဆန်မှုန့် ၊ အာဟာရမှုန့် ၊ ကလေးအစာဆိုပြီး ထုတ်လုပ်ရောင်းချနေတာတွေကိုပါ။ ဒါတွေကျွေးဖို့ မစဉ်းစားခင် ရေရှည် ကလေးကို ဘယ်လိုအစားအသောက်မျိုးနဲ့ ရင်းနှီးစေမှာလဲ။ အစားအသောက်ကို အိမ်မှာချက်သလို စားစေချင်သလား ၊ ဟိုအစာရွေး ၊ ဒီအစာရွေးနဲ့ အစားချေးများတဲ့ကလေးအဖြစ် ကြီးပြင်းသွားစေချင်သလား။ ဒါကို အရင်တွေးရမှာဖြစ်ပါတယ်။ တတ်နိုင်တဲ့သူတွေကတော့ သူ့သားသမီး ၊ ကိုယ့်သားသမီး ပြိုင်လို့ပဲဖြစ်ဖြစ် ၊ သူများညွှန်းလို့ပဲဖြစ်ဖြစ် ဒါတွေကို စတိုင်တခုလို ဝယ်ကျွေးမှ ကလေးဖွံ့ထွားမှာ ၊ ကျန်းမာမှာလို့လည်း အထင်မှားနေကြပါတယ်။

နောက် အိမ်ရဲ့စီးပွားရေး – ကလေးဟာ အစာမိတ်ဆက်ခါစမှာပဲ စားတတ်မှာမဟုတ်ဘူး ၊ သူ့ဘဝတလျောက်လုံး စားသွားမှာ ဖြစ်ပါတယ်။ အရွယ်အလိုက် သူ့ကို ပံ့ပိုးပေးရမယ့် အစားအသောက် ၊ အဝတ်အစား ၊ ကစားစရာ ၊ ပညာရေးစရိတ်စကနဲ့ အထောက်အပံ့တွေဟာ တကယ့်ကို အတောမသတ်ရှိနေမှာပါ။ ဒီတော့ လက်တလောကိစ္စလေးကိုပဲ ကွက်မကြည့်ဘဲ ရေရှည် စဉ်းစားသွားရမှာဖြစ်ပါတယ်။ အစားအစာအပြင် အခြားသူလိုအပ်တဲ့ အထက်ကအရာတွေကိုလည်း မျှမျှတတရှိပါမှ ဖြစ်မှာလေ။ ဒါကြောင့် ဒီအစာမိတ်ဆက်တာကနေစလို့ ရေရှည်စဉ်းစားသွားရမှာပါ။ သူ့အတွက် ကုန်ကျစရိတ်ကို အစာအတွက်တင်မက ဒြီ့ပင်မှာလည်း မျှမျှတတလေး သုံးသွားမှ ဖြစ်မှာပါ။

အဆင်သင့်အစာတွေအကြောင်းကို အရင်စဉ်းစားကြည့်ကြရအောင်နော်။ လတ်လတ်ဆတ်ဆတ်ချက်တဲ့ ထမင်းထက် တာရှည်ခံအောင် ပြုပြင် ထိန်းသိမ်းထားတဲ့ (အာဟာရမှုန့်လို့ခေါ်တဲ့) ဆန်မှုန့် ၊ ဂျုံမှုန့် ၊ အာလူးမှုန့် ၊ ပြောင်းမှုန့် စတာတွေဟာ ပိုပြီးလတ်ဆတ်နေပါ့မလား ။ အခန့်မသင့်ရင် ဒိတ်လွန်နေနိုင်တယ် ၊ ဖွင့်ထား ၊ ဖောက်ထားပြီး အထားမတော်လို့ မှိုတက်နေနိုင်တယ် ၊ ကလေးကျန်းမာရေးနဲ့ မသင့်တော်တဲ့ ဘာရော ၊ ညာရောတွေလည်း ရှိနိုင်တယ်။ (ဥပမာ မယ်လမင်းရောတဲ့ နို့မှုန့်တွေလိုပေါ့။) ဒါတွေက တကယ်စမ်းသပ်ကြည့်မှ သိနိုင်မှာ။ မစမ်းသပ်မိသေးတဲ့ကာလမှာ ကလေးကို ကျွေးထားခဲ့မိရင် နောင်မှ နောင်တရနေဦးမယ်။ ပြီးတော့ အတုအပလည်း စိတ်မချရသေးဘူး။

အသီးနံ့တွေ ထည့်ထားတဲ့ အဆင်သင့် ကလေးသီးသန့် အစားအစာဗူးတွေထက် အဲဒီအသီးကို လတ်လတ်ဆတ်ဆတ် ရေးဆေး ၊ ခွဲချေပြီး ကလေးကို ကျွေးတာလောက် အာဟာရပြည့်တာ ရှိနိုင်ဦးမလား။ သူများကျွေးလို့ လိုက်ကျွေးတာမျိုး မလုပ်ဘဲ ကိုယ့်ကလေးကို လတ်လတ်ဆတ်ဆတ် အစားအစာကို သန့်သန့်ရှင်းရှင်း ကျွေးတတ်တဲ့အကျင့် လုပ်ပေးရမှာပါ။ ဒီအခါ ကလေးဟာ လတ်လတ်ဆတ်ဆတ် ၊ သန့်သန့်ရှင်းရှင်း စားသောက်တဲ့အကျင့် ငယ်ငယ်ကတည်းက ရသွားမယ်လေ။ ဒါဟာ သူ့တသက်တာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်ဖြစ်ပါပြီ။

ကလေးကို အစာသစ် မိတ်ဆက်ပေးတဲ့အခါ ကလေးအတွက်ရယ်လို့ သီးသန့်လုပ်တာကို ကျွန်မအားမပေးပါဘူး။ လူကြီးစားတဲ့ ထမင်း ၊ ဟင်းလျာတွေထဲက ကလေးကို ကျွေးဖြစ်တဲ့အကျင့်ကို လုပ်ရမှာပါ။ လူကြီးကအစပ်ချက်စားတဲ့နေ့ရက်တွေမှာ ဒီဟင်းလျာထဲက အသီးအနှံနဲ့ အသားတွေကို ရေစင်စင်ဆေးပြီး ကလေးကို ဆီ ၊ ဆားလေး နည်းနည်းထည့်နယ်လို့ ကျွေးနိုင်ပါတယ်။ ဒါဟာ ရေရှည်မှာ ကလေးအစာချေးများမလာအောင် ဖြစ်ပါတယ်။ အိမ်မှာချက်တဲ့ဟင်းလျာတိုင်းကိုလည်း သူစားနိုင်လာတာမို့ သူ့အတွက် တကူးတက သီးသန့်လုပ်ပေးရတဲ့ ကရိကထလည်း မရှိတော့ဘူးလေ။ သာမာန်မိသားစုတွေအနေနဲ့ သူ့အတွက် တကူးတကလုပ်မပေးရတာမို့ အပိုကုန်ကျစရိတ် သက်သာလာတယ်။

တကူးတက သီးသန့်လုပ်ပေးတဲ့အကျင့် ငယ်ငယ်ကတည်းက စွဲလာခဲ့ရင် လူကြီးစားတဲ့ အစားအစာတွေကို သူမစားတတ် ၊ မစားချင်ဘဲ ကာလအတိုင်းအတာတခုအထိ အစာချေးများလာမှာပါ။ သူ့အတွက်သီးသန့် ချက်ပေးရတဲ့ အလုပ်လည်း ဒီကာလအတိုင်းအတာအထိ ယူရပေဦးမှာပေါ့။ ဒါကြောင့် လူကြီးစားတဲ့အစာတွေထဲကပဲ ကလေးကို ကျွေးနိုင်အောင် လေ့ကျင့်ထားရမှာပါ။ ဒါ့အပြင် တနေ့ကို ရာသီပေါ် အသီးအနှံတမျိုးပါအောင် ကျွေးပေးရမှာလည်း ဖြစ်ပါတယ်။  ဒီလိုအရွယ်ကနေ စပြီးအစာသစ်တွေကို အိမ်မှာစားတဲ့အတိုင်း တဖြည်းဖြည်း အကျင့်ယူ မိတ်ဆက်ပေးလိုက်ရင် ရှစ်လ ၊ ကိုးလဆိုတဲ့အရွယ်မှာ လူကြီးမိဘတွေ အိမ်မှာစားတဲ့အရာတွေကို သူလဲလိုက်စားနိုင်ပြီမို့ သူ့အတွက် တသီးတသန့် ဈေးဝယ်ချက်ပြုတ်ရတာတွေ ၊ ဟင်းချေးများတဲ့အကျင့်တွေဟာ အတော်အသင့် ပပျောက်သွားမှာဖြစ်ပါတယ်။

ကလေးကို အစာစကျွေးပြီဆိုကတည်းက ရေကောင်းရေသန့်ကို နေ့စဉ် မကြာခဏ အကျင့်လုပ် တိုက်ပေးဖို့လည်း လိုလာပြီပေါ့။ ဒီတော့ အစာစားချိန်မှာ ရေသန့်သန့်ကို ဇွန်းသန့်သန့်နဲ့ မျှောချပေးတတ်တဲ့ အကျင့်လုပ်ခဲ့ရမှာပါ။ ကလေး ခြောက်လအရွယ်ရောက်ရင်ဖြင့် ကလေးကို နို့သီးခေါင်းတပ် ရေဗူးလေး သီးသန့် ထားပေးရတော့မယ်။ ကျွန်မကိုယ်တိုင်က အိပ်ရာနိုးရင် ရေသောက်တတ်တဲ့အကျင့် မရှိပါဘူး။ တကယ်ဆိုဒါဟာ ကျန်းမာရေးအတွက် တကယ်ကောင်းတဲ့အကျင့်ဆိုတာ ကျွန်မသိပါတယ်။ အကျင့်မရှိခဲ့တော့ သိတဲ့အတိုင်း လိုက်မလုပ်ဖြစ်ဘူး။ ဒါပေမယ့် ကိုယ့်ကလေးကိုတော့ ဒီအကျင့်လေး တမင်ကို ကျင့်ပေးထားခဲ့တယ်။

ကလေးခြောက်လအရွယ်ကတည်းက ကလေးအိပ်ယာနိုးလို့ နို့တိုက်ပြီးတာနဲ့ သူနဲ့နည်းနည်းလောက် မြှူကစားပြီးရင် ရေတိုက်တဲ့အကျင့် နေ့စဉ်လုပ်ပေးထားခဲ့တယ်။ နောက်ပိုင်း နေ့ပိုင်း ၊ ညနေပိုင်းဖြစ်ဖြစ် သူအိပ်ယာကနိုးတိုင်း နို့ပြီးရေတိုက်ခဲ့တယ်။ ဒီရလဒ်အနေနဲ့ ကလေးဟာ သူ့ဟာသူ ရေဗူးယူသောက်တတ်တဲ့ အရွယ်ကတည်းက အိပ်ယာနိုးရင် ရေဗူးကို လက်လှမ်းနေခဲ့ပြီ။ အိပ်ယာနိုးရေသောက်တဲ့အကျင့်ဟာ ကိုယ်တွင်းက အညစ်အကြေးတွေကို သန့်စင်ပေးတယ်လေ။ အိပ်ယာနိုးလို့ အစာမစားခင် ရေတဝသောက်တတ်တဲ့သူဟာ ရေရှည် ကျန်းမာစေတဲ့သူပါပဲ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like