Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းအား သတိထားမိစေရန် အပိုင်း(၂) – BurmeseHearts

ကလေးရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းအား သတိထားမိစေရန် အပိုင်း(၂)

0

မွေးကင်းစကနေ တစ်နှစ်ခွဲအထိ  ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ တလချင်းစီအသေးစိတ်ကို အရင်ပို့စ်တွေမှာ ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ကလေးတွေဟာ မျိုးရိုးဗီဇနဲ့ သူ့ပင်ကိုယ်ဗီဇတို့အပေါ် မူတည်ပြီးသော်လည်းကောင်း ၊ တကိုယ်ရည်ကျန်းမာရေးအပေါ် မူတည်ပြီးသော်လည်းကောင်း ၊ ပတ်ဝန်းကျင်ရဲ့ စေ့ဆော်နှောင့်ယှက်မှုတွေကြောင့်သော်လည်းကောင်း တစ်ဦးနဲ့တစ်ဦး တိုးတက်ဖွံ့ဖြိုးမှုနှုန်း မတူညီကြပါဘူး။

ကလေးတွေ တစ်ဦးနဲ့တစ်ဦး တိုးတက်ဖွံ့ဖြိုးမှုနှုန်းဟာ လအနည်းငယ်စောတာ ၊ နောက်ကျတာတွေရှိလို့ မတူညီကြဘူးဆိုပေမယ့် ကလေးတစ်ဦးဟာ သူ့အဆင့်နဲ့သူ ဖွံ့ဖြိုးတိုးတက်နေရမှာပါ။ ဥပမာ မထိုင်တတ်တဲ့ကလေးဟာ လမ်းလျှောက်ဖို့အဆင့်ကို ကျော်မသွားနိုင်ပါဘူး။ ထိုင်ပြီးမှ လမ်းလျှောက်တတ်မှာပါ။ ထိုင်တတ်ဖို့ဆိုတာက သူ့ကိုယ်သူ ဘယ်လိုလဲမကျအောင်ထိန်းမယ်လို့ သင်ယူတတ်မြောက်ခဲ့တာပဲလေ။ ထိုင်လျက်နဲ့တောင် ကိုယ်မထိန်းတတ်သေးတဲ့ကလေးကို အတင်းလမ်းလျှောက်တတ်စေချင်လို့တော့ ဘယ်ရမလဲနော်။

အခုအောက်မှာ ဖော်ပြပေးမယ့် ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ သိကို သိတတ်နေသင့်တဲ့ (ဖွံ့ဖြိုးမှု ပုံမှန်တိုးတက်နေသော ကလေးများရဲ့) ဖွံ့ဖြိုးမှုအမှန်ဖြစ်ပါတယ်။ ဒီ့ထက်စောတိုးတက်ရင် ပြောစရာမရှိပေမယ့် အဲဒီအရွယ်တိုင်အောင် ဒီလိုတိုးတက်မှုနှုန်းမရှိဘူးဆိုရင် မိမိကလေးဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ကလေးဖြစ်တာမို့ တတ်သိကျွမ်းကျင်ရာ ကလေးဆရာဝန်နဲ့ ပြသဆွေးနွေးတာမျိုး လုပ်သင့်ပါတယ်။ အဲဒီအခါ ကလေးအတွက်လိုအပ်ရင် အထူးသင်ကြားနည်းတွေ ၊ ကုသနည်းတွေနဲ့ ကလေးကို ပုံမှန်အတိုင်းဖွံ့ဖြိုးလာဖို့ ကူပေးနိုင်ပါတယ်။ စောစောသိ စောစောကူနိုင်တာမို့ ကလေးအတွက် အကျိုးထူးမှာပါ။

(၁၈)လအရွယ်ကလေးဟာ သူ့ကိုယ်သူ ဘာလိုချင်တယ် ၊ ဘာလုပ်ချင်တယ်ဆိုတာကို ကောင်းကောင်းနားလည်လာပါပြီ။ စောင်လိုမျိုး သူ့အကြိုက်ပစ္စည်းတခုခုကို စွဲစွဲမြဲမြဲ နှစ်ခြိုက်တာမျိုးရှိလာပါတယ်။ ရှက်တတ်တာမျိုးအပြင် စာနာတတ်တာမျိုး ၊ ဝေမျှတတ်တာမျိုး ၊ အပြစ်ရှိသလိုခံစားတတ်တာမျိုးတွေကိုလည်း ခံစားတတ်လာပါတယ်။ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်လာချင်တာမျိုးတွေအပြင် သူများတွေ လုပ်တာ ၊ ပြောတာ ၊ ပြုမူတာတွေကိုလည်း လိုက်ပါပြုမူပြောဆိုလို့ ခံစားချင်လာပါတယ်။

ဒီအရွယ်မှာ ကောင်းကောင်း လမ်းလျှောက်တတ်လာပြီး ပစ္စည်းတွေ တွန်းတာ ၊ ရွှေ့တာ ၊ ဆွဲတာတွေအပြင် မတ်တပ်ရပ်လျက် ဘောလုံးတွေကို ပစ်နိုင်လာပါပြီ။ အတုံးကလေးတွေနဲ့ ဘလောက်တုံးကလေးတွေကို သူ့ဘာသာ စိတ်ဝင်တစား စီတတ်လာပါတယ်။ ကောက်ကာငင်ကာ ရေးခြစ်တတ်တာမျိုးတွေလည်း လုပ်တတ်လာပါတယ်။

ဒီအရွယ်မှာ စကားကို ဆယ်လုံးကနေ အလုံးနှစ်ဆယ်အထိ ပြောဆိုလာနိုင်ပါတယ်။ သူ့ဘာသာသူ အရုပ်မကလေးတွေ ၊ ကားတွေ စတဲ့ သူကြိုက်နှစ်သက်ရာ အရုပ်ကလေးနဲ့ ကစားတတ်လာပါတယ်။

 

နှစ်နှစ်အရွယ်မှာတော့ တခြားသူက သူတို့ကျေနပ်အောင် အလိုလိုက်အကြိုက်ဆောင်တာကို နှစ်သက်လာပါတယ်။ တခြားကလေးတွေနဲ့ အတူရှိနေတာတွေ ၊ ကစားရတာတွေကို စိတ်လှုပ်ရှားတတ်လာပါတယ်။ လွတ်လပ်မှုကို ပိုလိုလားသထက်လိုလားလာပါတယ်။ သူမကြိုက်တာမျိုးတွေ ၊ မနှစ်သက်တာမျိုးတွေဆို “ဘူး” ပြောဆိုတတ်လာပြီး လူကြီးမိဘတွေကို ပြန်ပြောခွင့်မရရတဲ့ကလေးတွေဆိုရင်တော့ သူတို့သူငယ်ချင်းလို့ ခံယူထားတဲ့ အရုပ်ကလေးတွေကို သက်ရှိလို့သဘောထားပြီး အာခံပြောဆိုတာမျိုးတွေ လုပ်တတ်ပါတယ်။

ဒီအရွယ်မှာ ဖွက်ထားတဲ့ပစ္စည်းတွေကို ရှာဖွေတတ်လာပြီး ပုံစံတူ ၊ အရောင်တူလေးတွေကို တသီးတသန့် တစုတစည်းတည်း ထားတာမျိုးတွေလည်း လုပ်လာနိုင်ပါပြီ။ ဒီအရွယ်မှာ စိတ်ကူးယဉ်ကစားတာနည်းတွေကိုလည်း ကစားတတ်လာပါပြီ။

လူတွေရဲ့နာမည်နဲ့ ပစ္စည်းတွေရဲ့ နာမည်တွေကို မှတ်မိသိရှိလာပြီး စကားလုံး နှစ်လုံး အသုံးပြုရတဲ့ဝါကျတွေ ၊ စကားစုလေးတွေကို ပြောတတ်လာပါတယ်။ အဆင့်အနည်းငယ်လုပ်ရမယ့် နည်းလေးတွေ ၊ လမ်းညွှန်မှုလေးတွေကို တဆင့်ချင်းစီ လိုက်နာလုပ်ဆောင်မှုတွေလည်း ရှိလာပါတယ်။ စကားလုံးတွေကို သံယောင်လိုက်ပြောဆိုတတ်လာပြီး စကားလုံးပေါင်း ငါးဆယ်နဲ့ အထက်ကို ကောင်းကောင်းပြောဆိုတတ်လာပါတယ်။

ဒီအရွယ်မှာ ခုန်ဆွခုန်ဆွလုပ်တာမျိုး ၊ လမ်းလျှောက်ရင်း အရုပ်ကလေးတွေ ကိုင်ဆွဲသွားလာတာမျိုး ၊ စပြီးပြေးလွှားတာမျိုး ၊ ခြေဖျားထောက်ပြီးရပ်တာမျိုး ၊ ဘောလုံးကိုကန်တာမျိုး ၊ ပရိဘောဂပစ္စည်းတွေအပေါ် တက်လိုက်ဆင်းလိုက်လုပ်တာမျိုးတွေလည်း လုပ်လာပါတယ်။

ဒီအရွယ်မှာ ဘလောက်တုံးတွေနဲ့ တာဝါဆောက်တတ်လာတာမျိုးအြ့ပင် ကလေးဟာ ဘယ်သန် ညာသန်ဆိုတာကို ကောင်းကောင်းကွဲပြားစွာ သိနိုင်လာပါပြီ။ တကယ်လို့များပစ္စည်းတွေ ထည့်ထားတဲ့ ပုံးတွေ ၊ သေတ္တာတွေကို သူ့အားကလေးနဲ့မပြီး မှောက်ချတာမျိုးတွေကိုလည်း လုပ်တတ်ပါတယ်။

 

သုံးနှစ်အရွယ်မှာတော့ ရွယ်တူကစားဖော်တွေကော အရွယ်ရောက်သူတွေကောကိုပါ အတုယူ ပြုမူလုပ်ကိုင်တာ ၊ ပြောဆိုတာမျိုးတွေ ရှိလာပါတယ်။ တလှည့်ပြီးတလှည့် ကစားရတဲ့ ကစားနည်းတွေကို စတင်ကစားတတ်လာပါတယ်။ သူစိတ်ခံစားမှုတွေကို ဖော်ပြပြောဆိုတာမျိုးတွေလည်း လုပ်တတ်လာပါတယ်။

သုံးနှစ်အရွယ်မှာ မိဘတွေနဲ့ ခွဲခွါဖို့ဖြစ်လာရင် အသာတကြည် ခွဲခွါလာနိုင်ပါတယ်။ (စာထဲမှာ ဒီလိုဆိုထားပေမယ့် ကလေးတစ်ဦးနဲ့တစ်ဦး စိတ်ခံစားမှု အားသာချက်အပေါ်မူတည်ပြီး ဒီနေရာမှာ အနည်းနဲ့အများ ကွာခြားနိုင်ပါတယ်။ ကျွန်မသမီးဟာ သုံးနှစ်ကျော်သည်အထိ သူ့မျက်စိရှေ့မှာ ကျွန်မက လမ်းခွဲ ကျောခိုင်းနေတာလိုမျိုးအပါအဝင် ကျောခိုင်းသွားတာမျိုး မရခဲ့ပါဘူး။)

ပုံထဲမှာမြင်ရတဲ့ အရာဝတ္ထုနဲ့ လက်ထဲကပစ္စည်းနဲ့ တိုက်ပြီးသိရှိနိုင်ပါပြီ။ အနည်းငယ်သော အစိတ်အပိုင်းတွေ ဆက်ရတဲ့ puzzle တွေကိုလည်း ပြီးဆုံးအောင်ဆက်နိုင်လာပါတယ်။ ဝါကအများစုကိုနားလည်နိုင်လာပြီး အမိန့်ပေးတာတွေကို လိုက်နာတတ်လာပါတယ်။ မြင်တွေ့နေကျပစ္စည်းတွေကို ကောင်းကောင်းမှတ်မိသိရှိပြီး သုံးလုံးကနေ လေးလုံးပြောဆိုတဲ့ ဝါကျတွေ ၊ စကားစုတွေကို ပြောဆိုတတ်လာပါတယ်။ နာမည် ၊ အသက် ၊ နာမ်စားတွေကိုလည်း ပြောဆိုလာနိုင်ပါတယ်။

တွယ်တာ ၊ တက်တာတွေ ကောင်းကောင်းလုပ်ကိုင်တတ်လာသလို လှေကားတွေကိုလည်း အပေါ်တက်အောက်ဆင်း သူ့ဘာသာ ကောင်းကောင်း လုပ်တတ်လာပါတယ်။ ကောင်းကောင်းပြေးလွှားတတ်လာသလို ဘောလုံးကန်တာ ၊ သုံးဘီးနင်းတတ်လာတာတွေလည်း လုပ်တတ်လာပါတယ်။

ခဲတံနဲ့ မျဉ်းကြောင်းတွေဆွဲတာမျိုး ၊ ပုံစံတွေဆွဲတာမျိုး ၊ စာရွက်တွေ သူ့ဘာသာလှန်ဖတ်ကြည့်တတ်လာတာမျိုးတွေအပြင် ဘလောက်တုံးတွေနဲ့ အဆောက်အဦးပုံစံတွေဆောက်တာတွေလည်း လုပ်လာပါတယ်။

ရတု (Burmesehearts.com)

You might also like