Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၉) – BurmeseHearts

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၉)

ကံငါးပါးလုံသင့်သည့်အကြောင်း

0

ကျွန်မသမီးလေးကို ဗုဒ္ဓဘာသာဝင်တိုင်းလုံသင့်တဲ့ ကံငါးပါးအကြောင်းကို ကလေး(၇)နှစ်အရွယ်မှာ စတင်ရှင်းပြခဲ့ပါတယ်။ ကံဆိုတာအလုပ်လို့သိပြီး ကံရဲ့ အကြောင်းတရားတွေကြောင့် ကောင်းခြင်း ၊ ဆိုးခြင်း အကျိုးတရားတွေ မိမိနောက် အရိပ်လို ကပ်ပါနေတဲ့အကြောင်း ကောင်းမွန်စွာ သိနားလည်သွားခဲ့တဲ့ သမီးလေးဟာ မကောင်းမှုကို မလုပ်ဖြစ်အောင် ၊ ကောင်းမှုတွေကို လုပ်ဖြစ်အောင် ကြိုးစားနေတာမို့ ဒီကံငါးပါးကို တဆင့်တိုးသင်လိုက်တာပါ။

သတ္တဝါဆိုတာဖြစ်လာရင် ဘဝဆိုတာ ဖြစ်လာတာမို့ သူတို့မှာလည်း အစုအဝေး ၊ အသိုက်အဝန်း ၊ ချစ်ခင်ရသူတွေရှိကြောင်း နားလည်အောင်ပြောပြခဲ့တယ်။ သမီးက အမေ့ကိုချစ်တယ်။ တကယ်လို့များ တစုံတဦးက အမေ့ကို သတ်လိုက်ရင် သမီးဘယ်လိုခံစားရမလဲ။ ပြန်အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုနဲ့ ဝမ်းနည်းရတယ်။ သတ္တဝါတိုင်းမဟုတ်ပေမယ့် ခံစားမှုကို ကောင်းကောင်း သိနားလည်တဲ့ သတ္တဝါတိုင်းကတော့ ပျော်ခြင်း ၊ ဝမ်းနည်းခြင်းဆိုတဲ့ ခံစားမှုတွေရှိကြပါတယ်။ သူတို့လည်း ချစ်တဲ့သူတွေနဲ့ ခွဲခွါရတဲ့အခါ ခံစားရပါတယ်။ ဒါကြောင့် မိမိကိုယ်နဲ့ ကိုယ်ချင်းစာပြီး သတ္တဝါတွေကို ညှဉ်းဆဲတာ ၊ သတ်ဖြတ်တာတွေ မလုပ်ရဘူး။

လုပ်မိရင်ဘာဖြစ်လဲမေမေတဲ့။ နာကျင်စေလို ၊ သေစေလိုတဲ့ စိတ်စေတနာနဲ့ လုပ်မိရင် ဒါဟာအပြစ်ရှိတယ်။ စိတ်စေတနာဆိုးထားရင် ထားသလောက် ကိုယ့်အရိပ်ကိုယ့်နောက် လိုက်တာပေါ့။ သတ္တဝါတွေကို အစုလိုက်အပြုံလိုက် သတ်တတ်တဲ့သူဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အရပ်မျိုးမှာ မွေးဖွားလာတာမျိုး ၊ တမင်ညှဉ်းဆဲခဲ့တာမျိုးဆို ကိုယ်လည်း ညှဉ်းဆဲတတ်တဲ့သူတွေဆီမှာ သွားနေရတာမျိုး စသဖြင့် မိမိစေတနာဆိုးထားရင် ထားခဲ့သလောက် တပြန် ပြန်ခံရတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ သံသရာလည်တာကို ယုံကြည်ကြတာမို့ ကိုယ်လုပ်ခဲ့တာတွေက ဒီဘဝနဲ့တင် ဆပ်လို့မကျေရင် နောင်ဘဝတွေမှာ ထပ်ခါ ထပ်ခါ ဆပ်ရတာမျိုးတွေအထိရှိတယ်။

ဥပမာ-ညှဉ်းဆဲတတ်တဲ့အိမ်ရှင်နဲ့ အလုပ်ရှင်တွေဆီမှာ ဘဝအတွက် ရုန်းကန်လုပ်ကိုင်ရင်း ကူသူမရှိ အညှဉ်းဆဲခံရတာပေါ့။ မိမိအပြစ်တခုမှမရှိပါဘဲ ခိုးဆိုးလုယက်သူတွေက လာညှဉ်းဆဲတာမျိုး ၊ စစ်မက်ဖြစ်ပွားနယ်မြေတွေ အခန့်မသင့် ရောက်သွားပြီး သံသယနဲ့ ညှဉ်းဆဲခံရတာမျိုးတွေဟာ ကံအကြောင်းတွေရှိခဲ့လို့ ပြန်ပေးဆပ်နေရသလိုမျိုးပေါ့။ ကိုယ်က သတ္တဝါတွေကို ညှဉ်းဆဲသတ်ဖြတ်ခဲ့ရင် ကိုယ့်ကိုလည်းညှဉ်းဆဲသတ်ဖြတ်တဲ့သူတွေနဲ့ တွေ့ရလိမ့်ဦးမယ်။ နောက်ဆုံး ဘယ်သူမှမညှဉ်းဆဲဘူးဆိုရင်တောင် မွေးရာပါရောဂါသည်လေးဖြစ်လာတာမျိုး ၊ ကျန်းမာတဲ့ကိုယ်မရှိဘဲ နာဖျားပြီး ရောဂါပေါင်းစုံနဲ့ သံသရာလည်နေရတာမျိုးတွေဟာလည်း အကြောင်းပါလာလို့ ပေးဆပ်နေကြရတာပေါ့။

သူတပါးပစ္စည်းခိုးတဲ့ဆိုတာ ခိုးကျင့်ရှိနေသူတွေအဖို့ အပြစ်လို့တောင် မသတ်မှတ်ကြတော့ဘူး။ သက်မဲ့ပစ္စည်းမှသည် သက်ရှိပစ္စည်းအထိ ခိုးယူခြင်းဟာ မကောင်းတဲ့အကျင့်ပါပဲ။ တခါတလေ သူများပိုင်တဲ့ သက်မဲ့ပစ္စည်းလေးတခုဟာ ဘယ်လောက်အထိ အရေးပါတယ်မပါဘူးဆိုတာ ဒီပိုင်ရှင်က ဒီပစ္စည်းအပေါ် ဘယ်လောက်တန်ဖိုးထားပြီး သူ့ဘဝအတွက် ဘယ်လောက် အရေးပါသလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။

ဘာမှန်းမသိနိုင်တော့တဲ့ သစ်ရွက်ခြောက်တို့ ၊ စာရွက်အစုတ်အပြဲလေးဆိုရင်တောင် သိမ်းထားသူရဲ့ သိမ်းရခြင်းအကြောင်းနဲ့ ၊ သူ့အတွက်လေးနက်မှုဆိုတာ သူတစ်ဦးတည်းပဲ သိနိုင်တာမို့ အမှုမဲ့အမှတ်မဲ့ ပစ်လိုက်တာမျိုး ၊ ယူလိုက်တာမျိုးဟာ သူများအတွက် ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုဖြစ်နိုင်တယ်။ (၁၀)တန်လေးတစ်ရွက်ဖြစ်ဦးတော့ သူဘာကြောင့် တယုတယသိမ်းထားသလဲဆိုတာ သူပဲသိမယ်။ ဆုံးသွားတဲ့ သူ့မိဘနောက်ဆုံးမုန့်ဖိုးပေးခဲ့တာလေး အမှတ်တရသိမ်းထားတဲ့ ဒီ(၁၀)တန်ဟာ ပျောက်ဆုံးသွားမှ လာအစားထိုးပေးမယ့် တစ်သောင်းတန်ထက် အများကြီး အဓိပ္ပါယ်ရှိတယ်။ ဒါကြောင့် ဒါလေးနဲ့ ဒီလောက်ဖြစ်နေရသလားလို့ တပါးသူရဲ့ခံစားမှုကို ပြက်ရယ်မပြုသင့်ဘူး။

သူတပါးပစ္စည်း ကိုယ်မျက်စိကျနေရင် (ဘယ်လိုမှမအောင့်အီးနိုင်အောင် ခိုးချင်နေရင်) ပိုင်ရှင်ဆီက တောင်းကြည့်ပါ။ ပေးရင်ယူလိုက် မပေးရင် မယူနဲ့ ပေါ့။ ဘယ်လိုပဲ လိုချင်မျက်စိရှိနေနေ ကာမပိုင်ပစ္စည်းကို ခိုးမယူသင့်ဘူး။ ခိုးယူရင်ဘာဖြစ်လဲ။ မိမိတန်ဖိုးထားတဲ့အရာလည်း ခိုးယူခံရလို့ ပျောက်ဆုံးတာမျိုးတွေ ဖြစ်လာဦးမှာပေါ့။ အဲဒီတော့မှ ဒီခံစားမှုကို နားလည်မလား။

သူတပါးပစ္စည်းခိုးယူတာကို အပြစ်တစ်ခုလို့ မမှတ်ယူသူဟာ သူတပါးရဲ့ကာမပိုင် သမီးရည်းစား ၊ ခင်ပွန်းနဲ့ ဇနီးတို့ကို ခိုးယူတဲ့အခါရော အပြစ်ရှိတယ်လို့ မှတ်ယူပါ့မလား။ ပစ္စည်းက ကိုယ်ခိုးယူမှ ကိုယ့်နောက်ပါတာဆိုသလိုမျိုး သူတပါးကာမပိုင်ရှိထားသူတွေကလည်း ကိုယ်က လက်မခံသရွေ့ သူ့ဟာသူ ဒုက္ခခံ ၊ စိတ်အဆင်းရဲခံပြီး ကပ်တွယ်နေမှာမဟုတ်ဘူးလို့ ကျွန်မယုံတယ်။ သူတပါးသမီးရည်းစား ၊ လင်ယောက်ျားနဲ့ ဇနီးမယားတွေကို ခိုးယူပေါင်းသင်းတုန်းက သာယာနေခဲ့ပြီး ကိုယ့်ဆီက စနိုက်ကျော်မှ ဒီခံစားမှုမျိုးသိမယ်ဆို နောက်ကျသွားမယ်နော်။ ခြံခုန်တဲ့သူကတော့ ခုန်မြဲခုန်နေမှာပဲ။ ကိုယ့်အလှည့်ကျ မနွဲ့စတမ်းပေါ့နော်။

သူတပါးရဲ့ သက်ရှိသက်မဲ့ပစ္စည်းတွေကို မျက်စိမကျအောင် ကိုယ့်ရှိတာနဲ့ ကျေနပ်ပျော်ရွှင်တတ်အောင် သမီဒကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခဲ့တယ်။ ကိုယ့်ပစ္စည်းကိုလည်း သူများမခိုးယူနိုင်အောင် စနစ်တကျ စိစစ်ထိန်းသိမ်းတတ်ဖို့ ၊ သူများပစ္စည်းကိုလည်း ဘယ်လောက်ကောင်းကောင်း မျက်စိမကျဖို့ ၊ လိုချင်ရင် အမေကိုပြောပြီး ရှာတွေ့ရင်ဝယ်ပေးမယ်။ နောင်မှာ ကိုယ့်ဘာသာစုထားတဲ့ စုဗူးထဲကငွေနဲ့ ဝယ်ဖို့ သင်ထားတယ်။ ခုထိတော့ သူများပစ္စည်း မျက်စိကျလိုချင်ပြီး ဝယ်ပေးဖို့ပူဆာတာမျိုး ခုထိသမီးလေးမှာမရှိဘူး။

သူများကာမပိုင်မပြစ်မှားဖို့ ငယ်သေးပေမယ့် ဒါဟာ မလုပ်သင့်တဲ့အလုပ်မှန်းသိအောင် သမီးအဖေကို အခြားအမျိုးသမီးက အိမ်ခေါ်သွားပြီး သူနဲ့ပဲနေရင် သမီးကြိုက်သလား။ အမေ့ကိုကော တခြားသူက အိမ်ခေါ်သွားပြီး သူနဲ့ပဲ အမေနေမယ်ဆိုရင်ရော သမီးကြိုက်သလား။ ဒါဟာ တပါးသူပိုင်ဆိုင်တဲ့ မိသားစု ၊ အိမ်ထောင်ရေး ၊ အချစ်ရေးတွေကို ဖျက်စီးတယ်လို့ခေါ်တယ်။ ဒါကြောင့် တပါးသူပိုင်ဆိုင်ထားသူတွေကို ယောင်လို့တောင်လိုချင်စိတ်မထားနဲ့လို့ သင်ထားတယ်။

လိမ်ညာစကားမပြောသင့်တာကိုတော့ ပုံပြင်ကနေတဆင့် သင်ပြီးသားမို့လို့ သမီးလေးဟာ ကောင်းကောင်းနားလည်နေပြီ။ ပြင်ပဗဟုသုတတွေကိုလည်း အမြဲသင်ယူနေရတော့ ဘီယာ ၊ အရက် ၊ ဘိန်းဖြူတို့ WY တို့ကအစ စိတ်ကို ပုံမှန်မဟုတ်အောင် အဆင့်ဆင့် ယစ်မူးစေတတ်တဲ့အရာတွေဆိုတာ နားလည်နေပြီ။ အစလုပ်သုံးရင်း စွဲသွားလို့ ဘယ်လိုဘဝပျက်ကြရတယ်ဆိုတာကို Google ကနေ သူကိုယ်တိုင် ရိုက်ပြီးရှာစေတယ်။ စာတွေအတူတူဖတ်ပြီး ပုံတွေလည်း ကြည့်စေခဲ့တယ်။ ဒါဟာ သူကိုယ်တိုင်ရှာရင်း တွေ့တာဆိုတော့ ပိုပြီးနားလည်တယ်။

ဆေးလိပ်ကို ဘာကြောင့်မသောက်သင့်လဲဆိုတာကအစ အချက်အလက်တွေ ၊ ပုံတွေနဲ့ နှစ်ယောက်အတူ Google ကနေ ရှာ အတူချရေး ၊ ရံဖန်ရံခါဆွေးနွေးရင်း မိမိကျန်းမာရေးနဲ့ မိမိစိတ်ကို ပုံမှန်မဟုတ်ဘဲ ထွေရီမူးယစ်သွားအောင် ၊ ပုံမှန်မဟုတ်တော့အောင် တရိရိဖျက်စီးတတ်တဲ့အရာတွေကို ရှောင်ရမယ်ဆိုတာ အသက်(၆)နှစ်ခွဲလောက်ကတည်းက တဖြည်းဖြည်း သင်လာခဲ့တာမို့ ကိုယ်တိုင်လည်းမသုံး ၊ ကိုယ့်ကို သုံးအောင်လို့ အတင်းတိုက်တွန်းသူတွေကိုလည်း ရှောင်ရမယ်ဆိုတာ သူကောင်းကောင်း နားလည်နေပြီ။

သမီးလေးကို အသက် (၆)နှစ်ခွဲလောက်ကတည်းက စာအုပ်သီးသန့်နဲ့ ပြင်ပဗဟုသုတတွေကို အွန်လိုင်းပေါ်ကနေရှာဖွေပြီး  ငလျင်ဒဏ် ၊ ဆူနာမီ ၊ မီးတောင်ပေါက်ကွဲတာ စသဖြင့် သဘာဝဘေးဒဏ်တွေဖြစ်ရင် ဘယ်တွေလုပ်ရမလဲ ၊ အိမ်ဖောက်တဲ့သူတွေနဲ့တွေ့ရင် ဘယ်လိုလွတ်အောင် ထွက်ပြေးပြီး ဒီလူကိုဖမ်းမိအောင် ဘာလုပ်မလဲ ၊ လောင်းကစားရင် ဘာဖြစ်မလဲ ၊ ဘိန်းရာဇာတွေနဲ့ ဘိန်းရောင်းဝယ်ဖောက်ကားသူတွေနဲ့ သုံးစွဲသူတွေအကြောင်း စသဖြင့် တပတ်ကို တစ်မျိုး သင်ပေးတယ်။

ဒါတွေကြောင့်မို့လည်း ကံငါးပါးကို လုံအောင်ထိန်းရမယ်ဆိုတာအပြင် မကောင်းတာတွေကို သိပြီး မလုပ်ဖြစ်အောင် ရှောင်ဖို့ ၊ အခက်အခဲတွေ ကြုံလာတဲ့အခါ သွေးဆူအော်ဟစ်တာမျိုးထက် ဘယ်လိုမှန်မှန်ကန်ကန် ဖြေရှင်းသွားရမယ်ဆိုတာကို ကျွန်မကသင်ပြ ပြောပြတယ်ဆိုတာမျိုးထက် ဒီလိုအခြေအနေမှာ သူများတွေ ဘယ်လို အကောင်းဆုံးဖြေရှင်းသွားတယ်ဆိုတာ သူနဲ့အတူ အွန်လိုင်းပေါ်မှာရှာဖွေရင်းနဲ့ စာအုပ်ထဲ ခေါင်းစဉ်အလိုက် ချမှတ်သားထားတယ်။

အမေမအားတဲ့အခါ သူ့ဘာသာပျင်းနေရင် ဒါတွေပြန်ဖတ်တယ်။ ဒီလိုလေးနဲ့ သမီးကို မကောင်းတာတွေရှောင်ဖို့ သင်ပေးတယ်။ ကောင်းတာတွေ ဆောင်ဖို့ကျတော့ Inspired People ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Stephen Hawking တို့လို ၊ Mother Teresa တို့လို ၊ Nicholas James Vujicic တို့လိုလူတွေကို စံပြထားပြီး သူတို့တွေရဲ့ စိတ်ဓါတ်ကောင်းတွေကို အတုယူနိုင်ဖို့သင်ပေးတယ်။ ဟုတ်ကဲ့။ ကျွန်မသမီးလေး ခုမှ(၇)နှစ်ပြည့်ပြီးရုံပါ။ သူသိချင်သရွေ့ ၊ လေ့လာမှတ်သားသင့်တဲ့အရာတွေ ၊ ဘဝအတွက် အကောင်းဆုံးသင်ခန်းစာတွေကို တဆင့်ပြီးတဆင့် သင်ပေးသွားမှာပါ။

မနက်ဖန်တွေ ကျန်သေးတယ်ဆိုပေမယ့် မနက်ဖန်ဆိုတာတိုင်းဟာ မသေချာလှတဲ့အတွက် ကျွန်မဟာ ဒီနေ့ဆိုတဲ့အချိန်ကို မနက်ဖန်ထက် ပိုတန်ဖိုးထားတယ်။ ဒီနေ့တနေ့တာကို မိမိရဲ့ပျော်ရွှင်မှုအတွက်ကော ၊ သင်ယူမှုအတွက်ကော မျှတစွာသုံးပြီး အချိန်မဖြုန်းဖြစ်အောင် သမီးကို လေ့ကျင့်ပေးတယ်။ အခု နာနာပြေးထားမှ အကျင့်ရပြီး သူများတွေ အားကုန်ရုန်းနေရချိန် ကိုယ်ကနည်းနည်းလေး ခရီးပိုသာမှာလို့ အားပေးထားတယ်။

သူ့ကို သင်ပေးရက်တန်းလန်းနဲ့ အများကြီး မျှော်လင့်မထားဖြစ်အောင်လည်း ကျွန်မကိုယ်ကျွန်မ ပြန်သတိပေးတယ်။ ဒါမှလည်း သူ့ရလဒ်တွေကို ကျွန်မလက်ခံနိုင်မှာ။ လောဘကြီးမိရင် ဒါလေးမှ မဖြစ်ရကောင်းလားလို့ အပြစ်တွေတင်မိမယ်လေ။ မိဘက အပြစ်တင်နေရင် ဒီမိဘကို မှီခိုနေရတဲ့ သားသမီးတွေက ပိုပြီး စိတ်ဓါတ်ကျတတ်တာကိုး။ ဘာမှမဖြစ်လာရင်နေ သူ့ဘဝသူ ပျော်ပျော်ရွှင်ရွှင်နဲ့ သူရောက်နေတဲ့နေရာ ၊ လုပ်နေတဲ့အလုပ်မှာ အကောင်းဆုံးလုပ်ရင်း ကျေနပ်နေရင်တော်ပြီလေ။

ရတု  (Burmesehearts.com)

You might also like