Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၂) – BurmeseHearts

ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၂)

အာရုံစူးစိုက်မှုအား လေ့ကျင့်ခြင်း (သို့မဟုတ်) သတိကပ်နေထိုင်ကျင့်ကြံခြင်း

0

သမီးလေး ခြောက်လဝန်းကျင်မှာ သခွါးမွှေးကို သူ့ဘာသာသူ ချေစုပ်စားနေတာ

အခုရေးမှာကလည်း ဘာသာရေးအချို့ပါနေပါတယ်။ ကျွန်မဟာ ဗုဒ္ဒဘာသာဝင် အမျိုးသမီးမို့ ကျွန်မသမီးလေးလည်း ဗုဒ္ဓဘာသာဝင်ပါ။ ဗုဒ္ဓဘာသာဝင်တွေမို့ ဗုဒ္ဓတရားတော်ကို အခြေခံပြီး ကျွန်မဆုံးမလေ့ရှိပါတယ်။ တကယ်လို့များ စာဖတ်သူဟာ ဘာသာကွဲတစ်ဦးဆိုလို့ရှိရင် ဆက်ဖတ်ဖြစ်လို့ မှတ်သားစရာ ၊ အသုံးဝင်မယ်ထင်တာတွေ ယူသုံးပါ။ ကိုယ့်ဘာသာနဲ့ မကိုက်ဘူးဆို ကျော်သွားပါ။ ကျွန်မကိုယ်တိုင်လည်း ဘာသာခြားတွေရဲ့ ကောင်းတဲ့ အမူအကျင့်တွေကိုယူပြီး ကိုယ်နဲ့မကိုက်ညီဘူးထင်ရင် ဘာမှအငြင်းပွားမနေဘဲ ဆိတ်ငြိမ်စွာ ကျော်ဖတ်သွားတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်တာပဲနော့။

ဗုဒ္ဒဘာသာမှာ  “အပမ္မာဒေဌ သမ္မာဒေဌ” လို့ တရားဟောရော ၊ ဘုန်းတော်ကြီးတွေကော အကြိမ်ကြိမ် သတိပေးဟောကြားတော်မူခဲ့ပါတယ်။ ဆိုလိုရင်းအဓိပ္ပါယ်က မမေ့မလျော့ သတိကပ်ထားကြဖို့ပါ။ သတိဆိုတာ ပြောတော့အလွယ်လေး ဘာကို သတိကပ်နေရမှန်းမသိတာနဲ့ သတိလက်လွတ်နေတာ များနေကြလို့သာ ခက်နေတာပါ။

ကလေးတစ်ယောက်ကို သတိလေးနဲ့ နေထိုင်ပြောဆိုကျင့်ကြံဖို့ သင်ပြပြောဆိုတာ အတော်ခက်ပါတယ်။ ကိုယ်တွေလူကြီးတွေမှာတောင် သတိလေးကပ်ပြီးနေထိုင်တဲ့သူဆိုတာ ဘယ်နှစ်ယောက်ရှိကြလို့လဲနော်။ ခက်ခဲတဲ့အလုပ်တွေဆိုတာ မှန်ကန်စွာ နားလည်သဘောမပေါက်သေးတာရယ် ၊ အလေ့အကျင့်မရှိသေးတာရယ် ၊ မကျွမ်းကျင်သေးတာရယ်တွေနဲ့ ရောထွေးနေတာပါ။ တကယ်လို့များ သတိဆိုတဲ့ ဆိုလိုရင်းနက်ရှိုင်းမှုကို ကောင်းမွန်စွာ နားလည်သဘောပေါက်အောင် ရှင်းပြနိုင်ပြီး ကလေးငယ်ငယ်ကတည်းက အလေ့အကျင့် လုပ်ပေးထားမယ်ဆို ကြီးမှသတိကပ်ဖို့ ပြောနေရတာထက် ပိုကောင်းမယ်လို့ ကလေးကိုယ်ဝန်ရှိကတည်းက ကျွန်မတွေးမိတယ်။

သတိကပ်ဖို့ဆိုတာ ကိုယ်စိတ်တွေလွင့်ပြယ်မသွားဖို့ အာရုံစူးစိုက်နေရမှာဖြစ်တယ်။ ကလေးကို ဘာဖြစ်လို့ သတိကပ်ဖို့သင်မလဲ ၊ အပိုအလုပ်တွေလို့ ထင်ကောင်းထင်ကြမယ်။ တကယ်တော့ စိတ်တွေထွေပြားမနေဖို့ ၊ ကိုယ်ဘာလိုချင်တယ်ဆိုတာသိဖို့ ၊ ကိုယ်အကြိုက်ကိုယ် ကောင်းကောင်းသိဖို့ ဖြစ်တယ်။ ဒီလိုသိမှလည်း ကိုယ်ဖြစ်ချင်တာကိုယ်သိပြီး ကိုယ်ဖြစ်ချင်တာ ဖြစ်လာအောင် ၊ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ရောက်အောင် ဘယ်လိုပုံဖော်သွားရမလဲဆိုတာသိမယ်။

ကျွန်မ အထက်တန်းအရွယ်မှာ မှတ်သားဖူးတဲ့ စကားပုံတစ်ခုရှိတယ်။ ကိုယ့်သားသမီးကို တကယ်ချစ်ရင် ငါးဟင်းကို ဖွယ်ဖွယ်ရာရာ နေ့စဉ်ချက်ကျွေးမနေနဲ့။ ငါးဘယ်လိုဖမ်းရမလဲဆိုတာ သင်ပေးပါတဲ့။ ကိုယ့်ဘာသာ အနောက်တိုင်း စကားပုံစာအုပ်တွေထဲက ရှာဖတ်တာဆိုတော့ စကားပုံရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းလင်းပြမယ့်သူအနားမှာမရှိဘူး။ ကျောင်းပြင်ပစာဆိုတော့ ဆရာမတွေကိုလည်း မမေးရဲဘူး။ ကျွန်မတို့ခေတ်တုန်းက အကုန်ကြောက်ရတဲ့ခေတ်ကိုး။ မိဘတွေကလည်း အင်္ဂလိပ်စာကို ကောင်းကောင်း မကျွမ်းကျင်ဘူး။ ဒီတော့ ကိုယ့်ဘာသာအဖြေရှာရတာ။

ဘာကြောင့် ငါးဟင်းချက်မကျွေးဘဲ ငါးဖမ်းသင်ပေးရမလဲ။ တကယ်တော့ ကိုယ့်သားသမီးကို ကိုယ်ဟာ ဘယ်အချိန်အထိ ချက်ပြုတ်ကျွေးမွေးနိုင်မလဲနော်။ ကိုယ်လည်း နာတဲ့နေ့ရှိလာဦးမယ် ၊ အမြင်မှုန်ဝါးပြီး အိုလာဦးမယ် ၊ ကိုယ်သေရင် သူ့ကို ဘယ်သူချက်ကျွေးမလဲ တွေးပူရင်းလည်း မသေသင့်ဘူး။

အရွယ်အရ အကြိုက်ပြောင်းလာတဲ့ ကိုယ့်သားသမီးက ကိုယ်တကူးတက ချက်ပြုတ်ကျွေးမွေးတဲ့ ငါးဟင်းမစားချင်ဘဲ ငါးကင်တို့ ၊ ငါးပေါင်းတို့ ၊ ငါးကြော်တို့ စသဖြင့် ငါးကိုပဲ အမျိုးအမည်ကွဲ ၊ အရသာကွဲလို့ စားချင်လာဦးမှာ။ ဒါကြောင့် သူ့ကိုသာ ငါးဖမ်းတာ သင်ပေးလိုက်မယ်ဆို သူ့ဘာသာ ဖမ်းလို့ရတဲ့ငါးကို သူ့အကြိုက်ချက်စားချင်စား ၊ ရောင်းစားချင်စား ၊ ဘာလုပ်လုပ် သူ့သဘောပေါ့။

ပိုပြီး အနက်အဓိပ္ပါယ်ကိုတွေးရမယ်ဆို ကိုယ့်သားသမီးကို တကယ်ချစ်ရင် အမြဲပိုးမွေးသလို တယုတယနဲ့ ဘာမှစိတ်မချဘဲ အစစအရာရာ ကိုယ်ကလိုက်လုပ်ပြီး ကိုယ့်စီမံမှုအောက်မှာပဲ အမြဲမထားသင့်ဘူး။ သူ့ဘာသာ သူ့အသိတရားနဲ့ မှန်ကန်စွာ တွေးခေါ်ဆုံးဖြတ်တတ်ပြီး ကိုယ့်ဘဝကို ကိုယ်ဘာသာ အကောင်းဆုံး ပုံဖော်ခွင့်ပေးသင့်တာ။ မှန်ကန်တဲ့ အသိတရားနဲ့ အတတ်ပညာကောင်းတွေကို ကိုယ်က သူလေ့လာသင်ယူခွင့်ရအောင် လုပ်ပေးရမယ်လို့ အဲဒီအထက်တန်းအရွယ်ကတည်းက ဒီစကားပုံလေးကနေတဆင့် ကျွန်မသဘောပေါက်လာခဲ့တယ်။

ဆက်ရမယ်ဆိုရင် ကိုယ်ရွေးချယ်ပေးတာထက် သူ့ဘာသာသိရှိပြီး သူ့ဘဝသူ အကောင်းဆုံး ရွေးချယ်လုပ်ကိုင်သွားနိုင်ဖို့ အသိတရားကို ဘယ်လိုပေးမလဲ။ ကိုယ်ဟာ သူမဟုတ်တော့ သူ့ကိုယ်သူထက် ကျွန်မတို့ပိုမသိနိုင်ဘူး။ ဒါကြောင့် သူ့ကိုယ်သူသိဖို့ကို ကျွန်မတို့ လေ့ကျင့်ပေးဖို့လိုတယ်။

ကျွန်မဆို သမီးကို လသားလေးကတည်းက လေ့ကျင့်ပေးခဲ့တာ။ သမီးလေးက အစားပုပ်ကလေးမို့ လေးလကျော် ငါးလမပြည့်ခင် အရွယ်ကတည်းက ဖြည့်စွက်အစာ စစားတယ်။ ရက်သတ္တပတ် သုံးပတ်လောက်ပဲ ခွံ့ကျွေးတယ်။ သွားလေးတစ်ချောင်း စပေါက်တဲ့ ငါးလကျော်လောက်မှာ ထမင်းနဲ့ သူစားမယ့် အရာတွေကို မညက်တညက်ကလေးချေပြီး သူ့ဘာသာသူ ကောက်စားတတ်အောင် လေ့ကျင့်ပေးခဲ့တယ်။ သူကြိုက်တာ သူကောက်စားမယ်။ ဝရင် သူ့ဘာသာသူအစားရပ်သွားတယ်။ ဒီလိုလေ့ကျင့်ပေးတဲ့အချိန်မှာ ဘယ်တုန်းကမှ တီဗွီတွေ ၊ ကာတွန်းတွေ ၊ သီချင်းတွေ ဖွင့်ထားတာမျိုးမလုပ်ခဲ့ဘူး။ သူ့စိတ်အာရုံမထွေပြားစေချင်လို့ ဒီလိုကျင့်ပေးခဲ့တာ။

ခြောက်လဝန်းကျင်အရွယ်မှာ အရုပ်ဆိုင်ခေါ်သွားပြီး သူ့စိတ်ကြိုက်အရုပ်ကို လက်ညှိုးထိုးရွေးစေခဲ့တယ်။ သုံးကြိမ်မေးလို့ ဒီအရုပ်တစ်ခုပဲ လက်ညှိုးထိုးခဲ့တယ်။ ဒါဆို ကျွန်မလေ့ကျင့်ပေးခဲ့တာ အောင်မြင်ခဲ့ပြီပေါ့။ ကလေးဟာ သူဘာလိုချင်တယ်ဆိုတာကို မပြောတတ်သေးပေမယ့် ကောင်းကောင်းသိနေပြီ။ မပြောင်းမလဲ လက်ညှိုးထိုးရွေးတတ်နေပြီ။

အဲဒီကစလို့ ဘာစားစား အာရုံစူးစိုက်စားတတ်အောင် ၊ ကစားစရာတွေဆိုလည်း အာရုံစူးစိုက်ပြီး ကစားရမယ့် ကလေးဥာဏ်ရည်မြှင့်တင်ပေးတဲ့ကစားစရာမျိုးကို ဦးစားပေးဝယ်ပေးတယ်။ သူနဲ့အတူဆော့ပေးတယ်။ လမ်းလျှောက်တတ်လာတော့လည်း ကိုယ်ဘယ်သွားပြီး ဘာလုပ်ချင်တယ်ဆိုတာ ကောင်းကောင်းသိနေပြီ။ ကျွန်မကလည်း စည်းကမ်းဆို ခဏခဏပြောင်းတာမျိုးမလုပ်ဘူး။ ကိုယ်တိုင်စံပြအဖြစ် ဦးတည်ချက်ဆိုတာကို ပြတ်ပြတ်သားသားထားပြီးလုပ်ပြတယ်။ ဒီလိုအကျင့်တွေကိုလည်း လေ့ကျင့်ပေးတယ်။

လေးနှစ်အရွယ်မှာ စန္ဒယား စပြီး သင်ယူစေတယ်။ ဦးနှောက်ဘယ်ဘက်ခြမ်းကော ၊ ညာဘက်ခြမ်းပါ တပြိုင်တည်း ကောင်းကောင်း ဖွံ့ဖြိုးစေချင်လို့ပါ။ အဲဒါတကယ်ကို ကောင်းတာပါ။ တတ်နိုင်တဲ့မိဘတွေက ကလေး လေးနှစ်ဆိုတဲ့အရွယ်မှာ ကလေးကို လက်နှစ်ဖက် အသုံးပြုပြီး သင်ယူရတဲ့ အနုပညာတူရိယာတခုခုကို သင်ယူခွင့်ပေးစေချင်တယ်။ အဲဒီမှာ ကလေးရဲ့ မှတ်ဥာဏ်စွမ်းအားနဲ့ အာရုံစူးစိုက်နိုင်မှု ၊ ကောင်းမွန်စွာနာခံပြီး ပြောတဲ့အတိုင်း လိုက်လုပ်နိုင်စွမ်းတွေဟာ သမီးလေး စန္ဒယားသင်နေတဲ့နောက်ပိုင်း အရမ်းကို ပိုတိုးတက်လာတာ တွေ့ရတယ်။

ကလေးငါးလလောက်ကတည်းက လေ့ကျင့်ပေးခဲ့တဲ့ အာရုံစူးစိုက်စေမှုဟာ ကလေးခြောက်နှစ်ဆိုတဲ့အရွယ်မှာ အရမ်းကို အုတ်မြစ်အခြေခိုင်မာခဲ့ပြီ။ အာရုံစူးစိုက်မှုကောင်းတော့ ကလေးတွေ ဘာအကျိုးကျေးဇူးရသလဲ။ အာရုံစူးစိုက်မှုအားကောင်းတော့ သင်လွယ် ၊ တတ်လွယ်တယ်။ အရိပ်ပြရင် အကောင်မြင်တယ်။ စရှင်းပြချိန်မှာတင် အဖြေကိုတွက်ချက်နိုင်တယ်။ ကလေးစာသင်တဲ့အရွယ်မှာ ကလေးဟာ အတန်းထဲ ထက်မြက်ပြီး တော်တဲ့ကျောင်းသားတစ်ယောက် ဖြစ်လာမယ်။

အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ သင်ယူနေနိုင်တော့ သင်ယူနှုန်းဟာ သိပ်မြန်တယ်။ မှတ်ဥာဏ်အရမ်းကောင်းတယ်။ အာရုံစူးစိုက်မှုအားကောင်းဖို့ဆိုတာ စိတ်မပျံ့မှ ဖြစ်နိုင်တာမို့ ကလေးဟာ ဘာလုပ်လုပ် ဘာကိုင်ကိုင် သတိလေးရှိနေတယ်။ အရွယ်နဲ့မလိုက် တကယ်အံ့မခန်း သတိလေးကပ်နေတတ်တာမို့ ဒီလိုလေး သင်ပြပေးကြဖို့ ကျွန်မဝေမျှလိုက်တာပါ။

ကျွန်မဆို သိတတ်စကတည်းက ဒီအရွယ်အထိ အရမ်းမေ့တတ်တာ။ မှတ်မှတ်ရရ သမီးလေးတစ်နှစ်အရွယ်လောက်မှာ Poly ကျောင်းမှာ တူလေးကျောင်းကိစ္စ လိုက်လုပ်ပေးရင်း ကျွန်မရဲ့ လက်ကိုင်အိတ်ကြီး ဒီအတိုင်းမေ့ထားခဲ့မိတာ။ ကလေးက အနောက်ကနေ အမေ့ကို အော်ခေါ်နေတော့ ဟယ်ဘာလို့ ကလေးအနားမပါလဲ လှည့်ကြည့်မိမှ သူ့အရပ်တဝက်နီးပါးရှိတဲ့ ကျွန်မရဲ့အိတ်လေးလေးကြီးကို တရွတ်တိုက်ဆွဲလာတာ မြင်လိုက်ရတယ်။ အဲဒီအရွယ်ကတည်းက ကျွန်မရဲ့ အိတ်တို့ ၊ မေ့ကျန်တတ်တာတွေကို သူက သတိကြီးကြီးနဲ့ သတိပေးတတ်ခဲ့တာ။ ကောက်သယ်လာခဲ့တာတွေဟာ တကယ်အမှန်တရားပါ။ ဒါဟာ အသိလေးအမြဲကပ်နေအောင် လေ့ကျင့်ပေးခဲ့တာကြောင့်လို့ ကျွန်မယုံကြည့်တယ်။

အာရုံစူးစိုက်မှုမရှိရင် စိတ်တွေထွေပြားနေတတ်တယ်။ ခုခေတ်ပေါ် ဖုန်းတွေ ၊ iPad  တွေ စသဖြင့်ဟာ အာရုံစူးစိုက်မှုကို အားနည်းပြီး အဲဒီမှာပဲ တွယ်ကပ်နေစေတယ်။ ဒါကို လျှော့နိုင်ရင်ကောင်းမယ်။ ကလေး ပညာသင်ချိန်မှာ အာရုံထွေပြားတာတွေ ၊ အာရုံမစိုက်နိုင်တာတွေဟာ ကလေးပညာရေးမှာ အကြီးမားဆုံး ဟန့်တားမှုဖြစ်နေတတ်ပါတယ်။ ခေတ်ပေါ်ပစ္စည်းတွေဆိုတော့ လုံးဝဖြတ်ထားလို့တော့ မရဘူးပေါ့။ မိဘကိုယ်တိုင်က ဖုန်းလက်ကမချနိုင်ရင် ကလေးဆိုတာ ပိုဆိုးမှာပေါ့။

ငယ်ငယ်ကတည်းက  ဖုန်းတွေ ၊ iPad  တွေသုံးမယ့်အချိန်ကန့်သတ်ပါ။ ဆုပေး ၊ ဒဏ်ပေးဟာ ရိုက်နှက်တာမျိုးထက် ဒါလုပ်နိုင်ရင် နာရီဝက် တိုးကြည့်ခွင့်ပေးမယ် ၊ မလုပ်နိုင်ရင် နာရီဝက်လျှော့မယ်ဆိုတဲ့ တင်းကြပ်တဲ့ စည်းကမ်းလေးထားပါ။ ကျွန်မသမီးကို ကျောင်းစတက်တဲ့ လေးနှစ်အရွယ်ကနေ ခုထိ တနေ့ ၁နာရီပဲ သူနှစ်သက်ရာ ကာတွန်းကြည့်ခွင့်ပြုထားတယ်။

တနေ့တာမှာ အပြုအမူကောင်းကောင်းမပြုမူတာမျိုး ၊ သင်ယူမှုမှာ ကောင်းကောင်း မလုပ်တာမျိုး ၊ စည်းကမ်းဖောက်တာမျိုးတွေဆို နာရီဝက်လျှော့ပြီး ခက်ခဲတဲ့သင်ယူမှုတွေမှာ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ မြန်မြန်သင်ယူနိုင်ရင် ဆုချတဲ့အနေနဲ့ အဲဒီနေ့အတွက် နာရီဝက်တိုးကြည့်ခွင့်ပြုတယ်။ အဖေရော ၊ အမေပါညီရင် ကလေးဟာ စည်းကမ်းလိုက်နာတယ်။ တယောက်က စည်းကမ်းကြပ်ပြီး တစ်ယောက်က အလိုလိုက်နေတာမျိုးဆိုရင်တော့ စည်းကမ်းဖောက်ဖို့ဘက် များနေတာပါ။ ဒီကြားထဲ ကလေးအလိုလိုက်တဲ့သူတွေ အိမ်မှာ ရှိနေရင်တော့ ကိုယ်ထားတဲ့စည်းကမ်း ကိုယ်ပဲပြန်ရုပ်သိမ်းရမှာပေါ့။

ကျွန်မသမီးလေးကို ဒီနည်းတွေနနဲ့ အာရုံစူးစိုက်တတ်ဖို့ လေ့ကျင့်ပေးခဲ့တယ်။ အခုဆို အရမ်းဟုတ်နေပြီ။ ဘယ်လိုတော်တယ် ၊ ဘယ်လိုထူးချွန်တယ်ဆိုတာကို ကျွန်မက ဂုဏ်ဖော်မပြောတော့ပါဘူး။ ၇နှစ်ဆိုတဲ့ကလေးဟာ အများကြီးသင်ယူရဦးမှာမို့ ကျွန်မအပြော မစောလိုဘူး။ အာမခံနိုင်တာတခုကတော့ အာရုံစူးစိုက်မှု ကောင်းကောင်းလေ့ကျင့်ပေးထားတဲ့ကလေးဟာ ရွယ်တူကလေးတွေထက် သာလွန်ထူးချွန်နေမှာတော့ ကျွန်မရဲရဲကြီး အာမခံရဲပါတယ်။

စာဒီစာလေးဖတ်ပြီး အကျိုးရှိ ၊ မရှိဆိုတာ စာဖတ်သူရဲ့အမြင်ကို ကြားချင်မိတယ်။ ဖတ်သူတို့ရဲ့ ရင်သွေးငယ်တွေ ၊ တူ နဲ့ တူမတွေဟာလည်း အာရုံစူးစိုက်မှုအားကောင်းကောင်းနဲ့ အသင်မြန် ၊ အတတ်မြန် ၊ ထူးချွန်ပြီး မိမိရည်ရွယ်ရာ မိမိသိပြီး ဖြစ်အောင် ပုံဖော်လုပ်ကိုင်သွားနိုင်တဲ့ လူရည်ချွန်လေးများဖြစ်စေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ နောင်ပို့စ်တွေမှာ ပြန်ဆုံကြမယ်နော်။

ရတု (Burmesehearts.com)

You might also like