Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးမီးဖွားပြီးနောက် လိုအပ်သောပစ္စည်းများ – BurmeseHearts

ကလေးမီးဖွားပြီးနောက် လိုအပ်သောပစ္စည်းများ

0

မွေးကင်းစ

ကလေးမီးဖွားပြီးလို့ ရက်သတ္တပတ် တစ်ပတ်ကျော်သွားပြီ။ ကလေးလဲ ချက်ကြွေသွားပြီဆိုတဲ့အခါမှာ မိသားစုအတွင်း မွေးကင်းစကလေးရဲ့ အတွေ့အကြုံရလာပြီမို့ ဘယ်ဟာက မရှိမဖြစ်လိုတယ်။ ဘယ်ဟာကတော့ အိမ်မှာရှိတာနဲ့ အစားထိုးလို့ရတယ်လို့ ပိုသိလာပြီပေါ့။

အဲဒါကြောင့် ကလေးမီးမဖွားမီ စုဆောင်းထားသင့်သော ပစ္စည်းများ ဆိုတဲ့ ပို့စ်ထဲမှာ မရှိမဖြစ် လိုအပ်တာတွေထဲ ထည့်ပေးထားတာဖြစ်ပါတယ်။

ကလေးခေါင်းအုန်း ၊ ဖက်လုံးနဲ့ မွေ့ယာခင်းအစုံလိုက်ဝယ်နိုင်ရင် ချစ်စရာလေးပေါ့။ ဒါပေမယ့် ပူအိုက်တဲ့ရာသီနဲ့ ဒေသမှာ မွေးဖွားလာတဲ့ ကလေးတွေအတွက်ကတော့ မွေ့ယာ ၊ ခေါင်းအုန်း ၊ ဖက်လုံးဆိုတာတွေက စိတ်အိုက်စရာတွေပါ။ မိဘတွေက အဲကွန်းအအေးခန်းထဲမှာ ထားပေးနိုင်ရင်တော့တမျိုးပေါ့။ ဒါကြောင့် ကလေးခေါင်းအုန်းတို့ ဘာတို့ဆိုတာ တခါတလေမှာ အပိုပစ္စည်းတွေ ဖြစ်လို့သွားပါတယ်။

ကလေးခေါင်းပြားနေလို့ ခေါင်းလှလှလေးဖြစ်ချင်ရင် နေ့ခင်းပိုင်း ကလေးအိပ်မပျော်တဲ့အချိန် ကလေးကို ဖျာပေါ်ဖြစ်ဖြစ် ၊ အိပ်ယာပေါ်ဖြစ်ဖြစ် ချထားချိန်မှာ ခေါင်းနောက် ခေါင်းအုန်းခွက်ခွက် အခံလေး ထားပေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးဟာ ကျောနဲ့ လဲလျောင်းရမှာဖြစ်ပြီး ရင်ဘတ်နဲ့လဲလျောင်းစေပြီး လူကြီးမကြည့်နိုင်တဲ့အချိန် ခေါင်းအုန်းပေါ် မျက်နှာမှောက်လျက်သား အသက်ရှူမွန်းကြပ်လို့ သေဆုံးသွားနိုင်ပါတယ်။

BurmeseHearts Blog

ဒါကြောင့် ကျွမ်းကျင်တဲ့ပညာရှင်တွေက ကလေးအိပ်တဲ့ဝန်းကျင်မှာ ကလေး အသက်ရှူမွန်းကြပ်စေနိုင်မယ့် ပစ္စည်းအပိုတွေ မထားဖို့ ၊ ကလေးပါးစပ်ထဲ ထည့်သွင်းနိုင်မယ့် ကလေးလက်လှမ်းမီရာ ပစ္စည်းတွေမထားဖို့ အကြံပေးထားပါတယ်။

Diaper မသုံးသူတွေက ကလေးကိုယ်အောက်ကခံဖို့ သေးခံကို ရိုးရိုး ပလပ်စတစ်ပြားဝယ်ထားတဲ့သူတွေက ပလပ်စတစ်ပြားနဲ့ ကလေးကိုယ်ကြားမှာ သန့်သန့် လျှော်ဖွပ်ထားတဲ့ အဖေ့ပုဆိုးဟောင်းကို ခေါက်ပြီး ထားနိုင်ပါတယ်။ အဲဒီအခါ ကလေးကိုယ်ဟာ ပလပ်စတစ်ကနေ အသားအပူလောင်တာကို ခံနိုင်လာမှာဖြစ်ပြီး ဆီးသွား ၊ ဝမ်းသွားကို ခံထားတဲ့ ပုဆိုးလျှော်လိုက်ရုံနဲ့ အဆင်ပြေတဲ့အတွက် အောက်ကအခံမှာ ဝမ်းကျန်တွေ ကပ်နေရာက ကလေးဒုက္ခရောက်မှာ မပူရတော့ဘူးပေါ့။

တတ်နိုင်တဲ့သူတွေကတော့ ကလေးရဲ့သေးခံကို လေအသုံးပြုထားတဲ့ ရာဘာအခင်းနဲ့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ကလေးကိုယ်အပူချိန်ကြောင့် အဲဒီရာဘာဟာလည်း ကလေးကို ပူလာစေမှာဖြစ်တဲ့အတွက် ချည်သားနဲ့လုပ်ထားတဲ့ ကလေးအေးနိုင်မယ့် အဝတ်အနေတော် မထူ ၊ တထူလေးကို ခံထားတဲ့အခါ ကလေး နေသာထိုင်သာရှိမှာပါ။

ကလေးမွေးတဲ့ ဒေသနဲ့ ရာသီဥတု အေးရင်အေးလာသလို ကလေးကို နွေးနွေးထွေးထွေးဖြစ်ဖို့ ဦးထုပ်၊ ခြေအိတ် ၊ လက်အိတ် အနွေးထည်နဲ့ ဘောင်းဘီရှည်တွေကို ပိုဝယ်ထားလိုက ဝယ်ထားနိုင်ပါပြီ။ ကလေးအိပ်တဲ့အခါ ကလေးကို စောင်ခြုံပေးထားရင် ကလေးဟာ စောင်နဲ့လုံးထွေးပြီး အသက်ရှူကြပ်မနေအောင် သတိထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေက ကလေးရဲ့ကိုယ်ပေါ်မှာနဲ့ ခေါင်းအောက်မှာ ဘာပစ္စည်းမှ (ဘာအဝတ်မှ) မထားဖို့ကို သတိပေးထားပါတယ်။ ကလေးအသက်ရှူမွန်းကြပ်ပြီး ရုတ်တရက် သေဆုံးသွားမှာ စိုးလို့ဖြစ်ပါတယ်။

အနှီးခြုံထည်    ခြုံထည်

အရမ်းအေးလွန်းတယ်ဆိုရင်ဖြင့် အပေါ်ကပုံမှာပြထားတဲ့ အနှီးခြုံထည်ကို ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိသေးတဲ့ မွေးကင်းစ ကလေးတွေအတွက် အသုံးပြုနိုင်ပြီး မျက်နှာအပေါ်ပိုင်းကိုတော့ အသက်ရှူမွန်းကြပ်မှုမဖြစ်အောင် ချန်ထားရမှာ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားနေရမှ ကျေနပ်တဲ့ ကလေးတွေကိုတော့ မအိပ်ခင်နဲ့ အိပ်နေတုန်း ၎င်းတို့ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ဒုတိယပုံမှာ ပြထားတဲ့ ခြုံစောင်အဝတ်ကို အသုံးပြုနိုင်ပါတယ်။

Baby Hair Brush

မိခင်ဝမ်းကတည်းက ပါလာခဲ့တဲ့ အညှိအချွဲတွေဟာ ဆံပင်ထူတဲ့ ကလေးရဲ့ ဦးခေါင်းမှာကပ်ငြိနေတာကို Baby Hair Brush နဲ့ မလုပ်ပေးရင် မသိနိုင်ပါဘူး။ ကလေးသီးသန့်ရည်ရွယ်ပြီး အမွေးနုနုတွေနဲ့ လုပ်ပေးထားတဲ့ ကလေးဘီးကသာ ကလေးရဲ့ ပါးလွှာတဲ့ ဦးရေပြားမှာ ကပ်ငြိနေတဲ့ မိခင်ဝမ်းထဲက အညစ်အကြေးတွေကို ဖွဖွ ခြစ်ထုတ်သန့်စင်ပေးနိုင်မှာ ဖြစ်ပါတယ်။ လူကြီးသုံးဘီးတွေနဲ့ မွေးကင်းစကလေး ခေါင်းဖြီးပေးတာမျိုးကို ရှောင်ကြဉ်ရပါမယ်။

baby nail cutter

မွေးကင်းစကလေးရဲ့ လက်သည်း ၊ ခြေသည်းတွေဟာ နူးညံ့လွန်းပြီး မွေးမွေးချင်းမှာ လက်သည်းဟာ အသားလိုတောင် ခွဲခြားမရ ဖြစ်နေနိုင်ပါတယ်။ ရက်သားကလေး ရောက်လာရင် ပြင်ပလေနဲ့ လက်သည်းလေးတွေဟာ စ မာလာပါတယ်။ ကလေးရဲ့ မွေးအရည်ပြား သူ့ဟာသူလဲပြီး ကွာကျလာသလိုမျိုး လက်သည်းဟာလည်း ပဲ့လာပါလိမ့်မယ်။ ဒီအခြေအနေမှာ ကလေးရဲ့ လက်သည်းနုနုလေးကို ကလေးအတွက် သီးသန့်ထားတဲ့ လက်သည်းညှပ်လေးနဲ့ (သို့မဟုတ်) ကလေးသီးသန့် လက်သည်းညှပ်ကပ်ကြေးလေးနဲ့ ညှပ်ပေးနိုင်ပါပြီ။

လူကြီးသုံးလက်သည်းညှပ်ဟာ နူးညံ့တဲ့ ကလေးရဲ့လက်သည်းလေးတွေ ညှပ်ဖို့ မသင့်တော်ပါဘူး။ မတော်ရင် အသားပါပြီး သွေးထွက်နိုင်ပါတယ်။ကလေးရဲ့လက်သည်းကိုတော့ သုံးရက်တစ်ခါ ၊ တစ်ပတ်တစ်ခါ ညှပ်ပေးရမယ်လို့ ဆိုထားပေမယ့် ရက်မမှတ်မိတဲ့အခါ ကလေးဟာ လက်အိတ်မဝတ်ထားတဲ့အချိန် (ရေချိုးချိန် နှင့် သန့်စင်ပေးချိန်)မှာ ခြစ်ကုတ်မိနိုင်ပါတယ်။ ဒီတော့ မိခင်က ကလေးနို့တိုက်နေတဲ့အချိန် ကလေးရဲ့ လက်သည်း ခြေသည်းတွေကို စမ်းကြည့်နိုင်ပါတယ်။ ရှည်လာပြီ။ ညှပ်သင့်တယ်လို့ထင်ရင် ကလေးအိပ်ချိန်မှာ ညှပ်ပေးရပါမယ်။ ကလေးနိုးတဲ့အချိန်ညှပ်တဲ့အခါ ကလေးက ခြေ ၊ လက်မငြိမ်ရင် အသားပါနိုင်လို့ပါ။

မီးတွင်းထဲက ထွက်လာတဲ့ မိခင်ဟာ မီးတွင်းထဲက အတွေ့အကြုံနဲ့ မိမိအတွက် ဘာလိုအပ်နေသလဲလို့ ကောင်းကောင်းသိလာတော့မှာပါ။ ပုံမှန်အားဖြင့် ကိုယ်အလှအပ ထိန်းသိမ်းချင်သူတွေအတွက် မိခင်နို့တိုက်ဘော်လီ (ဘလာဇီယာ) လိုအပ်ပြီး ဗိုက်ခွဲတဲ့ဒဏ်ရာ ကျက်သွားသူတွေအတွက်လည်း ဗိုက်စည်းဝတ်လို့ရပါပြီ။ မိခင်နို့တိုက်ဘော်လီကို ကလေးမီးမဖွားခင် မဝယ်ခိုင်းခဲ့တာက မီးဖွားပြီးတဲ့အခါမှာ မိခင်ရဲ့ ရင်သားဟာ မမွေးခင်ကထက် ပိုကြီးလာနိုင်လို့ ဖြစ်ပါတယ်။ မီးဖွားပြီးတော့မှ မိမိရဲ့ တကယ့်ရင်သားဆိုဒ်ကို သိရှိဝယ်ယူတဲ့အခါ အရမ်းသေးတာမျိုး ၊ အရမ်းကြီးတာမျိုး မရှိတော့ဘဲ သက်တောင့်သက်သာ ဖြစ်မှာပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like