Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးမီးဖွားခြင်းဆိုင်ရာ သိကောင်းစရာ – BurmeseHearts

ကလေးမီးဖွားခြင်းဆိုင်ရာ သိကောင်းစရာ

0

မီးဖွားခြင်း
ပျော်ရွှင်သောအိမ်ထောင်သည်တိုင်း ဘဝတွင် ပီတိအဖြစ်ရဆုံးအချိန်

ကလေးမီးဖွားဖို့ ဆေးရုံတက်မယ့်မိခင်ဟာ အစာချက်ဖို့ ခက်ခဲတဲ့အစာတွေကို မစားလာရပါဘူး။ သစ်သီးဖျော်ရည်လေး ၊ ပေါင်မုန့်လေးလို ခပ်လွယ်လွယ်အစာချက်နိုင်မယ့်အစာကိုသာ စားခဲ့ရမှာဖြစ်ပါတယ်။ တချို့ဆေးရုံတွေက အဖတ်စားလာခွင့်မပြုဘဲ အရည်ပဲသောက်ခွင့်ပြုတာလည်း ရှိပါတယ်။

သဘာဝအတိုင်းမွေးတဲ့မိခင်တွေ ဗိုက်နာနေချိန် အစောပိုင်းမှာ ဆာလောင်နေရင် တချို့ဆေးရုံတွေက သကြားလုံးလိုမျိုး ၊ ရေလိုမျိုး ၊ ပေါင်မုန့်လိုမျိုးတွေကို အနည်းငယ်စားခွင့်ပြုပါတယ်။ (ဆေးရုံစည်းကမ်းပေါ် မူတည်နေပါတယ်)  အစားကန့်သတ်တာဟာ ဗိုက်နာနေချိန်မှာ အစာအိမ်ဟာ သာမန်အချိန်တွေလို ကောင်းကောင်း အလုပ်မလုပ်နိုင်လို့လည်း ဖြစ်ပါတယ်။

ကလေးမီးဖွားရင် ဗိုက်ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာ နှစ်မျိုးရှိတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရောဂါအခံကြောင့်သော်လည်းကောင်း ၊ အသက်အရွယ်ကြောင့်သော်လည်းကောင်း ၊ မီးဖွားစဉ်နာကျင်မှုကို ကြောက်လို့လည်းကောင်း အကြောင်းအမျိုးမျိုးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဗိုက်ခွဲမွေးဖွားကြပါတယ်။

ဗိုက်ခွဲမွေးဖွားသူဟာ နာကျင်တဲ့ခံစားမှုကို ဗိုက်ခွဲမွေးဖွားစဉ်မှာ မသိဘူး။ ဗိုက်ခွဲမီးဖွားပြီးသွားမှ ဗိုက်ကခွဲကြောင်းဒဏ်ရာကို ဂရုစိုက်ရတာတွေရှိပါတယ်။ ဗိုက်ခွဲမွေးသူအတွက် မွေးခန်းထဲက တာဝန်ရှိသူတွေ အဆင့်ဆင့်လုပ်ပေးသွားမှာမို့ ထူးပြီးပြောပြစရာမရှိပါဘူး။ ဗိုက်ခွဲမွေးသူတွေအများစုက ဗိုက်ခွဲမွေးတုန်း ဗိုက်ထဲလေကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် အပျိုတုန်းကလို ဗိုက်ကလေးချပ်ချပ်ရပ်ရပ်ပြန်ဖြစ်အောင် ရိုးရိုးမွေးသူတွေထက် ပိုအနာခံပြီး အားထုတ်ရပါတယ်။

ရိုးရိုးမွေးသူတွေကျတော့ ဗိုက်နာတဲ့ဒဏ်ကို မွေးဖွားစဉ်အလူးအလဲခံစားရပြီး သားဦးဆိုရင် ဗိုက်နာချိန်ဟာ (၁၈)နာရီအထိကြာနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး မွေးဖွားလို့ကြာချိန် မတူညီကြပါ။ တချို့မိခင်လောင်းတွေဟာ ရိုးရိုးမွေးနေရက်က အကြောင်းကြောင်းကြောင့် မမွေးနိုင်လို့ ညှပ်ဆွဲမွေးရတာ ၊ သားဦးဆို မိန်းမကိုယ်ခွဲမွေးရတာ ၊ ဗိုက်ခွဲမွေးရတာမျိုးလည်း ကြုံရတတ်ပါတယ်။

ဗိုက်နာနေတဲ့မိခင်လောင်းဟာ စိတ်ကို အတတ်နိုင်ဆုံးလျှော့ထားပြီး ဗိုက်နာတာ ခံစားနေရတဲ့အခါ အသက်ကို ပုံမှန်ရှူပေးရပါမယ်။ ဗိုက်နာတာ ခဏတာရပ်သွားတာနဲ့ အသက်ကို တဝရှူပြီး သက်သာတဲ့ပုံစံနဲ့ အနားယူပါ။

(၁၀)မိနစ်တစ်ကြိမ် ဗိုက်နာတဲ့အခါ ဗိုက်ကညှစ်အားပေးလို့ ညှစ်ချင်လာတာကို စက္ကန့်(၃၀)ဝန်းကျင်ခံစားရမှာဖြစ်ပါတယ်။ ထိုအချိန်မှာ သားအိမ်က (၃)စင်တီမီတာနီးပါးအထိ ပွင့်နေနိုင်ပါတယ်။ သားအိမ် (၃)စင်တီမီတာအထိ ပွင့်လာချိန်အထိ မီးဖွားစဉ်ဗိုက်နာတဲ့ဝေဒနာဟာ သာမာန်လူတွေ ဗိုက်ပျက် ၊ ဗိုက်နာလို့ ခံစားရတဲ့ ခံစားမှုမျိုးနဲ့ ဆင်တူနေပါတယ်။

(၅)မိနစ်တစ်ကြိမ် ဗိုက်နာတဲ့အခါ ဗိုက်ကညှစ်အားပေးလို့ ညှစ်ချင်လာတာကို စက္ကန့်(၆၀)ဝန်းကျင်ခံစားရမှာဖြစ်ပါတယ်။ ထိုအချိန်မှာ သားအိမ်ဟာ (၃)စင်တီမီတာကနေ (၈)စင်တီမီတာအထိ ပွင့်လာမှာဖြစ်ပါတယ်။ ။ ဒီအခြေအနေမှာ နာကျင်မှုဝေဒနာအများစုဟာ ဗိုက်အလယ်ကနေ ကျောအောက်ပိုင်းက ထိုးနာတဲ့ခံစားမှုမျိုးကို ခံစားရမှာဖြစ်ပါတယ်။ အဲဒီနာကျင်မှုဟာ တဖြည်းဖြည်း နောက်ကျောဆီကို စတင်ရွေ့လာမှာဖြစ်ပါတယ်။ ဒီအခြေအနေမှာ တချို့မိခင်လောင်းတွေက ချမ်းလာတာမျိုး ၊ မအီမသာဖြစ်ပြီး ပျို့အန်ချင်လာတာမျိုးတွေ ခံစားရတတ်ပါတယ်။

(၁)မိနစ်ခြားတစ်ခါ ဗိုက်နာလာပြီဆိုရင်ဖြင့် မွေးခါနီးပြီမို့ ဗိုက်နာတဲ့အကြိမ် စိတ်လာသလို ဆက်တိုက်နာလာတာဖြစ်ပြီး ဗိုက်ကညှစ်အားပေးလို့ ညှစ်ချင်လာတာကို စက္ကန့်(၉၀)ဝန်းကျင် ခံစားရမှာဖြစ်ပါတယ်။ ဒီတော့ တအားညှစ်ထုတ် မွေးချင်စိတ်တွေ ဖြစ်ပေါ်လို့နေပါတယ်။ ဒီအချိန်မှာ သားအိမ်ဟာ (၈)စင်တီမီတာကနေ (၁၀)စင်တီမီတာသို့ ပွင့်လာပါပြီ။ သီးသန့်မွေးခန်းလိုမျိုးမရှိတဲ့ အစိုးရဆေးရုံတွေမှာ မွေးချိန်မှ မွေးခန်းထဲ ခေါ်မွေးရမယ့်လူနာတွေကို ဒီအချိန်မှာမှ မွေးခန်းထဲကို ခေါ်ဆောင်တတ်ပါတယ်။

မီးဖွားစဉ်ဗိုက်နာတဲ့ခံစားမှုဟာ ကလေးအပြင်ရောက်တာနဲ့ လုံးဝပျောက်သွားပါတော့တယ်။ ကလေးမျက်နှာမြင်တော့ ပင်ပန်းတာတွေ ၊ နာကျင်တာတွေ မရှိတော့ဘဲ ကျန်းမာတဲ့မိခင်ဟာ နာရီဝက်အတွင်း အစားအသောက် စားနိုင်ကြပါတယ် (ကျွန်မ မီးဖွားစဉ်အတွေ့အကြုံနှင့် ပြောခြင်းဖြစ်သည်။ မိမိမွေးဖွားရာဆေးရုံက ခွင့်ပြုခြင်း ၊ မပြုခြင်းအပေါ်လည်း မူတည်နေသည်။)။

ရတု (Burmesehearts.com)

You might also like